Tuesday, April 3, 2012

၂၀၁၂ April ၃ ရက်နေ့ ရွေးကောက်ပွဲ ကောက်နှုတ် ထုတ်ပြန်ကြေငြာချက်

မြန်မာသတင်းများ         ဧပြီလ ၀၃ ရက် ၂၀၁၂ ခုနှစ်

 



အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးစာရင်း ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာ ၄ဝ တွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည် စာရင်းများကို တနင်္လာနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေညာလိုက်သည်။

၎င်းထုတ်ပြန်ကြေညာချက်အရ နေရာ ၄ဝ လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ပြီးပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ တိုင်းဒေသ ကြီး လွှတ်တော်အတွက် ၂ နေရာတို့ ဖြစ်ကြသည်။

“ထုတ်ပြန်ကြေညာချက်များအရ ယင်းပုဂ္ဂိုလ်များသည် ၎င်းတို့နှင့် ယှဉ်တွဲပါ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် များ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာလိုက်သည်” ဟု ကော်မရှင်ကြေညာ ချက်တွင် ဖေါ်ပြပါရှိသည်။ ကျန် ၅ နေရာမှ ရလဒ်များကို မကြာမီရက်ပိုင်းအတွင်း ကောမရှင်မှ တရားဝင် ထုတ်ပြန်ကြေညာဖွယ်ရှိသည်။

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ဆတိုးကြိုးပမ်းဖို့ ကုလတိုက်တွန်း

ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့  မြန်မာနိုင်ငံ  ကြားဖြတ်ရွေးကောက်ပွဲ  ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံး သွားတဲ့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ချီးကျုးလိုက်သလို  စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို နှစ်ဆတိုးလုပ်ဆောင်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။  တချိန်ထဲမှာပဲ  မြန်မာနိုင်ငံ က   ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားစေဖို့  အခုရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရခဲ့တဲ့  NLD နဲ့ တခြားဒီမိုကရေစီ အင်အားစုတွေနဲ့  အစိုးရက လက်တွဲဆောင်ရွက်ဖို့ အရေးပါ ကြောင်း  ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မမှန်မကန် လုပ်ဆောင်မှုတချို့  ရှိခဲ့တာကို ကုလသမဂ္ဂက သိရှိထားပေမဲ့ အားလုံးကိုခြုံကြည့်ရင်  ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပြီး အောင်အောင်မြင်မြင် ဖြစ်ခဲ့တာ မို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ကြိုဆိုဂုဏ်ပြုကြောင်း တနင်္လာနေ့မှာ ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။  ဒါပေမယ့် မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းမှု ရေရှည်ခိုင်မာစေဖို့၊  စစ်မှန်တဲ့ အမျိုးသား ပြန် လည် သင့်မြတ်ရေးရဖို့ နှစ်ဆတိုး လုပ်ဖို့ တိုက်တွန်းလိုက်တယ်လို့  အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ  မစ္စ အိရိ ကာနေ ကို (Eri Kaneko) က ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ (William Hague) လည်း မြန်မာလူထုနဲ့တကွ  မြန်မာလူထု အား ထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြင်မှု အတွက် ဂုဏ်ပြုလိုက်ပြီး ဒါဟာ သမိုင်းဝင် ရလဒ် တခု ဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါပြင် သမ္မတ ဦးသိန်းစိန် ရဲ့ အခုလုပ်ဆောင် နေတဲ့  ပြောင်းလဲမှုတွေအတွက် ကြိုဆိုအားပေး ဂုဏ်ပြုကြောင်း ပြောကြားလိုက်သလို  ဒီပြောင်းလဲမှု ရေရှည် တည်တံ့ နိုင်ဖို့  အစိုးရဟာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ  ဒီမိုကရေစီ အင်အားစုတွေနဲ့  ဆက်ပြီး လက်တွဲ ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။  မြန်မာနိုင်ငံရဲ့ ဒီပြောင်းလဲမှုတွေ အတွက် အကူညီတွေ ပေးဖို့ အသင့်ပဲလို့လည်း ပြောပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူကရော  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကပါ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ၀ိုင်းဝန်း ကူညီ မဲ ပေးခဲ့တဲ့ ပြည်သူတွေကိုရော၊  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့   NLD ပါတီရဲ့ အောင်မြင်မှုအတွက်လည်း ချီးကြူးဂုဏ်ယူပါကြောင်းပြောဆိုလိုက်ပါတယ်။

အခုလို ကုလသမဂ္ဂ နဲ့တကွ အနောက်နိုင်ငံတွေက ကြိုဆိုနေချိန်မှာပဲ  မြန်မာ့အရေး စောင့်ကြည့် အကဲခတ် နေသူ တွေကတော့  စောင့် ကြည့်ဖို့လိုနေပါသေးတယ်လို့ ထောက်ပြကြပါတယ်။  Rutgers တက္ကသိုလ်က ပါမောက္ခ  Joseph Silverstein ကတော့ ဒါဟာ ဒီမိုကရေစီရေး တိုးတက်လာတဲ့ ခြေလှမ်း တရပ်ဖြစ်ပေမယ့် စောင့်ကြည့်ဖို့လိုတယ်လို့ ဆိုပါတယ်။
အခုလို ရွေးကောက်ပွဲကျင်းပပေးပြီး  ဒီရွေးကောက်ပွဲအတွက်  နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေကို ပါ လာရောက်ဖို့ ဖိတ်ခေါ်ပြီး   မြန်မာနိုင်ငံက ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်နေမှု တွေဟာ  အမေရိကန်နဲ့  တကွ အနောက်နိုင်ငံတွေက  ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းပေး ဖို့ လုပ်ဆောင်နေတာလို့ အများက မြင်နေကြတာပါ။  ဒါပေမယ့် အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီက အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Joshua Kurlantzick  ကတော့ ချက်ချင်း ရုတ်သိမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ အိမ်နီးချင်း ဖိလစ်ပိုင် နိုင်ငံရဲ့  သမ္မတ ဘင်နင်နို အကွီနို (Benigno Aquino)  ကတော့  အခုကြားဖြတ် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာဟာ  မြန်မာနိုင်ငံ  ပြုပြင်ပြောင်းလဲရေး အတွက် လမ်းပွင့်သွားတာတမျိုးလို့ ပြောပါတယ်။

မြန်မာ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ရန် အမေရိကန် တိုက်တွန်း

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အမေရိကန်နိုင်ငံက ဆက်လက် ထောက်ခံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က တိုက်တွန်းပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်သည်။

သံရုံးထုတ်ပြန်ချက်တွင် “အမေရိကန်အစိုးရက ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သူများကို ဂုဏ်ပြုလိုကြောင်း မြန်မာအာဏာ ပိုင်များ အနေဖြင့် နိုင်ငံတကာ အဆင့်မီ ရွေးကောက်ပွဲစနစ် ဖြစ်ပေါ်စေရန် ဆက်လက် ဆောင်ရွက်သင့်ကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောစကားကို ဖော်ပြထားသည်။
ကလင်တန်က မြန်မာပြည်သူများ အတွက် ရှေ့ဆက်၍ ဘာဖြစ်မည်ဆိုသည့် အာမခံချက် မရှိသေးကြောင်း လည်း ပြောထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ၂၀၁၁ခုနှစ် ဒီဇင်ဘာ (၂)ရက်နေ့က လာရောက်သည့် ခရီးစဉ်တွင် သမ္မတဦးသိန်းစိန် ၊ လွှတ်တော်ဥက္ကဋ္ဌများ အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခဲ့သည်။အဆိုပါခရီးစဉ်တွင် မြန်မာအစိုးရအနေဖြင့် ရှေ့ဆက် ပြုပြင်ပြောင်းလဲစရာများစွာ ကျန်ရှိနေသေးကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်စေရန် မျှော်လင့်ကြောင်း ပြောဆိုတိုက်တွန်းခဲ့သည်။

NLD ရွေးကောက်ပွဲအပြတ်အသတ် အနိုင်ရရှိမှု ခေတ်သစ် အစပျိုး

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရတာ ခေတ်သစ်တခုရဲ့ အစ ဖြစ်တယ်လို့ NLD ပါတီခေါင်းဆောင် ဒေါ်အောာင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်စု ငြိမ်းချမ်းရေးကိစ္စ ဦးစားပေးသင့်ကြောင်း တိုင်းရင်းသားများပြော

ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသားဒေသများရှိ ငြိမ်းချမ်းရေး ပြဿနာများကို ဦးစားပေး ဖြေရှင်းသင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက တိုက်တွန်းလိုက်ကြောင်းအရေးပါသည့် လွှတ်တော်အမတ်တဦး အနေဖြင့် လွှတ်တော်တွင်း လုပ်ကိုင်စရာ ကိစ္စများစွာ ရှိမည်ဖြစ်သော်လည်းဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအရေးကို မေ့ထားမည် မထင်ကြောင်း၊ သို့သော် ယင်းကိစ္စကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်းသွားမည်ဟု ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး က ပြောကြောင်း

ယခုနှစ်ဆန်းကမှ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးခွန်ထွန်းဦးက တိုင်းရင်းသားအရေးကိစ္စသည် နိုင်ငံ အတွက် အရေးကြီးဆုံးအချိန် ရောက်ရှိနေပြီ ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးလုပ်ငန်း သုံးခုအဖြစ် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အခြခံဥပဒေပြင်ဆင်ရေးတို့ကို ပြည်သူလူထုထံ တင်ပြထားကြောင်းဤသည်မှာ အစိုးရနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နှစ်ပေါင်းများစွာက မဖြေရှင်းနိုင်ခဲ့သည့် ငြိမ်းချမ်းရေးပြသာနာအား ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု တိုင်းရင်းသားများက ယုံကြည် အားကိုးကြောင်း ပြသခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဆိုကြောင်း
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တဒေါင့်တနေရာမှ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း လည်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောကြောင်း

အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ကချင်ခေါင်းဆောင် တဦးကလည်း
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖခင်ကဲ့သို့ တိုင်းရင်းသားအရေးကို ဦးစားပေးမည်ဟု ယူဆကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးမှာ နံပါတ်တစ် ဖြစ်သင့်ကြောင်း

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်တွင်း ဆောင်ရွက်မည့် လမ်းပြမြေပုံ (Roadmap) ရေးဆွဲကာ တိုင်းရင်းသားအရေးကို အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များသည် လွတ်လပ်ရေး ရယူရာတွင်
တောင်းတန်းနှင့် ပြည်မမခွဲခြားဘဲ တန်းတူအခွင့်အရေးအတွက် ပြည်မ-တောင်တန်း ပူးပေါင်းရေး ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့
ကြောင်းရွှေ့ဆိုင်းထားသည့် ကချင်ပြည်နယ် မဲဆန္ဒနယ်သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် KIO အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးလိုကြောင်း NLD ထုတ်ပြန်ချက်ကို KIO က ကြိုဆိုခဲ့သော်လည်း ယခုချိန်ထိ နှစ်ဘက်တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ အပြုသဘောနဲ့ တုန့်ပြန်

မြန်မာနိုင်ငံမှာ မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက အပြုသဘောနဲ့ တုန့်ပြန်လာနေကြပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူထားတာတွေ ရုပ်သိမ်းပေးရေး ကိစ္စနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းအတွင်း မြန်မာနိုင်ငံ ပြန်လည် ၀င်ဆန့်လာရေး ကိစ္စတွေကို အီးယူနဲ့ အာဆီယံအဖွဲ့တွေက တုန့်ပြန် ပြောဆိုလာကြတာ ဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲစာရင်း ပြုစုတဲ့နေရာမှာ မရိုးသားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့တာကလွဲလို့ ဒီရွေးကောက်ပွဲ အေးအေးချမ်းချမ်းနဲ့ ပြီးစီးသွားခဲ့တာနဲ့ မဲထဲ့တဲ့နေရာမှာ မသမာမှုတွေ သိပ်မတွေ့ခဲ့ရတဲ့ အတွက် နိုင်ငံတကာ အသိုင်းဝိုင်းက လေ့လာသူတွေက ဒီရွေးကောက်ပွဲ အပေါ် အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ထွက်ပေါ်လာတာပါ။

ဒါပေမယ့် မြန်မာအစိုးရက အဓိက မျှော်လင့်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းပေးရေး ကိစ္စအတွက်တော့ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲကို သွားရောက်လေ့လာနေတဲ့ သူတို့ ကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာကို တွေ့ပြီးတော့မှပဲ ယတိပြတ် ဆုံးဖြတ်နိုင်မယ်လို့ အီးယူ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး Karel De Guch က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ အာဆီယံ စည်းဝေးပွဲအတွင်း ပြောကြားလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အိန္ဒိယအခြေစိုက် ဟိန္ဒူဘာသာဝင် အဖွဲ့အစည်းကြီးတစ်ခုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသူတွေနဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကို နှစ်စဉ်ပေးအပ် ချီးမြှင့်လေ့ရှိတဲ့ ဒီဆုကို ဒီနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယနဲ့ ဆက်ဆံရေးမှာ အလားအလာကောင်းတစ်ခု ဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။
ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပူနေး ( PUNE) မြို့ အခြေစိုက် Sarhad အဖွဲ့ကြီးက ပေးအပ်တာဖြစ်ပါတယ်။ ဆုအတွက် အိန္ဒိယရူပီးငွေ ၁၁ သိန်း ချီးမြင့်မှာ ဖြစ်ပါတယ်။ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားအတွက် ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဆုလက်ခံရယူဖို့ အိန္ဒိယသမ္မတကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။

ကချင် အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲ ပိတ်ပင်ခံရ

ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်မြို့ရှိ စစ်ပြေးဒုက္ခသည်တွေအတွက် ဧပြီလ ၁ ရက်နေ့က မိုးမောက်မြို့ ကက်သလစ်ဘုရားကျောင်းဝင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။ကချင် အနုပညာရှင်တွေရဲ့ဖျော်ဖြေပွဲ အစီအစဉ် ပိတ်ပင်ခံရတဲ့အကြောင်း ပွဲစီစဉ်သူ အသင်းအုပ်ဆရာတစ်ယောက်က ပြောပြပါတယ်။
ဧပြီလ ၂ရက်နေ့ ဗန်းမော်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အောင်လာ၊ အဒဲ့ စတဲ့ ကချင်အဆိုတော် အပါအ၀င် အဆိုတော် ၂၀ လောက်က ဒုက္ခသည်တွေကို ဖျော်ဖြေမယ့်ပွဲကိုလည်း ပိတ်ပင်လိုက်တယ်လို့ အဆိုပါ ပွဲစီစဉ်သူက ဆက်ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကချင်အသက်ကြီး အဆိုတော်တွေ မိုးမောက်မြို့ရှိ စစ်ပြေးဒုက္ခသည်တွေကို ဖျော်ဖြေရာမှာတော့ ဘာအတားအဆီးမှ မရှိခဲ့ဘူးလို့ သိရပါတယ်။မိုးမောက်မြို့မှာ ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီး ဗန်းမော်မြို့မှာလည်း ထောင်ဂဏန်းလောက် ရှိတယ်လို့ သိရပါတယ်။ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် အနုပညာရှင်တွေက ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ရန်ကုန်မှာ ပြီးခဲ့တဲ့လက ရန်ပုံငွေရှာတဲ့ပွဲတွေလည်း လုပ်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သူ ထောင်ဒဏ်အပြစ်ပေးခံရမည်

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲလက်မှတ်တွေပေါ်မှာ အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေအခိုင်အလုံနဲ့ တိုင်တန်းမယ်ဆိုရင် ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူမဆို ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေး အရေးယူခံရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မကြုံဖူးအောင် မသမာမှုတွေ မြင်ရတယ်လို့ NLD ပါတီ ပြောဆို

NLD ပါတီ အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အားလုံး မဲ နိုင်သွားပေမဲ့ မြန်မာနိုင်ငံအနှံ့ နေရာ တော်တော်များများမှာ အခက်အခဲတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူးက ပြည်ထောင်စုကော်မရှင်ကို မနေ့က နေ့စွဲနဲ့ စာရေးသား ကန့်ကွက်ထားပါတယ်။
အခု ရွေးကောက်ပွဲမှာ မကြုံဖူးအောင် မသမာမှုတွေ မြင်ရတယ်လို့ NLD ပါတီ အောင်နိုင်ရေး ကော်မတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မဲကတ်ပြားတွေမှာ NLD အမှတ်တံဆိပ်နေရာမှာ ဖယောင်းတွေ သုတ်ထားတဲ့အပြင် အာဏာပိုင်တွေ ကိုယ်တိုင် မဲရုံထဲဝင်ပြီး မဲထည့်တဲ့ လူတွေကို နှောင့်ယှက်တယ်လို့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် NLD ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းက ကျေးရွာများဖြစ်ကြတဲ့ ညောင်ပင်သာ၊ ဆင်ရှင်၊ တနယ်၊ အလယ်ပုံ၊ ချောင်းနားကျေးရွာတို့အပြင် တခြားမဲဆန္ဒနယ်များ ဖြစ်ကြတဲ့ မော်လမြိုင်၊ မြန်အောင်၊ မကွေး၊ ကော့မှူး၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း၊ ဒဂုန်ဆိပ်ကမ်း၊ တောင်တွင်းကြီးနဲ့ ကလော(အောင်ပန်း)မြို့တွေမှာ အလားတူဖြစ်ရပ်များ ဖြစ်ပွားနေကြောင်း NLD အောင်နိုင်ရေး အတွင်းရေးမှူးရဲ့ ပြည်ထောင်စု ကော်မရှင်ကို ကန့်ကွက်တဲ့စာမှာ ဖော်ပြပါရှိပါတယ်။
စစ်ကိုင်းမြို့မှာ ကြိုတင်မဲ ပြဿနာတွေ တက်သလို ကန့်ဘလူ၊ ရေဦးတန့်ဆည်၊ ကျွန်းလှ မဲဆန္ဒနယ် အမှတ် ၃ မှာလည်း မဲလက်မှတ်မှာ တံဆိပ်တုံးတွေ မပါတဲ့ မဲလက်မှတ်တွေ ရှိသလို မဲစာရင်းမှာ မပါတဲ့ မဲဆန္ဒရှင်တွေ အများအပြား ရှိနေပါတယ်။
ဧရာဝတီတိုင်း၊ မြောင်းမြ မြို့နယ် မဲကျော် ဥယျာဉ်ကုန်းရွာမှာ NLD ပါတီက မဲရုံကိုယ်စားလှယ်ကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက ရန်လုပ်တာကြောင့် ထွက်ပြေးခဲ့ရပါတယ်။
ဒါ့အပြင် မရမ်းကုန်း ရပ်ကွက် အမှတ်(၃) မဲရုံမှာလည်း လုံခြုံရေး တာဝန်ယူထားသူ တစ်ယောက်က ဘယ်ဘက်လက်မှာ ကြံခိုင်ရေးတံဆိပ် ပတ်ထားပြီး လာသမျှလူတွေကို ဒီဟာကို မဲပေးရမယ်ဆိုပြီး ခိုင်းနေသလို၊ ကံ့ကော်မြိုင် ရပ်ကွက်မှာလည်းပဲ မဲရုံတာဝန်ကျတဲ့ ဆရာမတစ်ယောက်က လူတွေကို ဆွဲခေါ်သွားပြီး တစ်ယောက်ပြီး တစ်ယောက် မဲပေးခိုင်းနေတာ ရှိတယ်လို့ မဲရုံစောင့် တာဝန်ကျသူတွေက သတင်းပို့ ထားပါတယ်

မဲ မသမာမူတွေကို ကိုင်တွယ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောဆို

ကျင်းပ ပြီးစီးသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ပါဝင်ဆင်နွဲခဲ့ကြတဲ့အတွက် မြန်မာပြည်သူတွေကို ချီးကျူး ဂုဏ်ပြုပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hilary Clinton က တနင်္ဂနွေနေ့မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
တဆက်ထဲမှာပဲ သူက မိမိတို့ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေကို ထောက်ခံအားပေးသွားဖို့  အသေအချာ ပိုင်းဖြတ်ထားကြောင်း၊ အစိုးရအနေနဲ့ ပွင်လင်းမြင်သာအောင် ဆက်လက်ဆောင်ရွက်ဖို့ လိုသလို၊ မဲမသမာမှုများနဲ့ ပတ်သက်လို့ ကိုင်တွယ်ဆောင်ရွက်ဖို့ လိုကြောင်း ပြောဆိုပါတယ်။Mrs Clinton က ဆီိးရီးယားအရေး ဆွေးနွေးတိုင်ပင်တဲ့ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကို တူရကီနိုင်ငံမှာ တက်ရောက်နေခိုက် အခုလို ပြောဆိုတာပါ။မြန်မာနိုင်ငံဟာ ရှေ့လျောက် ဘယ်လိုစခန်းသွားမလဲဆိုတာ ဘယ်သူမှ အာမခံချက် မပေးနိုင်ပေမဲ့ အစွမ်းကုန် ဖိနှိပ်တဲ့ အစိုးရတစ်ရပ်တောင် ပြုပြင်ပြောင်းလဲရေး ပြုလုပ်နိုင်တယ်။ ကန့်သတ်ပိတ်လှောင်ထားတဲ့ လူ့အဖွဲ့ အစည်းတစ်ခုမှာတောင် ပွင့်ဟလာနိုင်တယ် ဆိုတာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း နယူးယောက်မြို့၊ ကွင်းစ်မြို့နယ်က ဒီမိုကရက်တစ် ပါတီဝင် အောက်လွှတ်တော် အမတ် Joseph Crowley က ရွေးကောက်ပွဲမှာ အောင်ပွဲဆင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ဂုဏ်ပြုလိုက်သလို တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံ အခြေအနေကို အဖက်ဖက်က ရှုမြင်သုံးသပ်ရမှာ ဖြစ်ပြီး၊ အခုအချိန်ဟာ အပြည်ပြည်ဆိုင်ရာ မိသားစုအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဖိအားတွေကို အလျင်စလို ရုပ်သိမ်းရမဲ့အချိန် မဟုတ်သေးဘူးလို့  ပြောဆိုလိုက်ပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ ဆက်ရှိနေသလို တိုင်းရင်းသား ဒေသတွေမှာ အကြမ်းဖက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေပြီး၊ စစ်တပ်ဟာ အစိုးရအဖွဲ့ မှာ ပါဝင်တဲ့ အရေအတွက်နဲ့ လွှမ်းမိုးနေရုံသာမက အစိုးရ တည်ဆောက်ပုံမှာပါ ကြိုးကိုင်ထားလျက်ရှိတယ်လို့  ပြောဆိုပါတယ်။နှစ်ပေါင်းနှစ်ဆယ်ခန့်  မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေရဲ့ အများစုဟာ အမေရိကန် ကွန်ဂရက်လွှတ်တော် ဥပဒေအရ အရေးယူဆောင်ရွက်တာဖြစ်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ မြန်မာနိုင်ငံ အစိုးရနဲ့ သဘောထား ကွဲပြားသူတွေအပေါ် အချိန်ကြာမြင့်စွာကပဲ စာနာ ထောက်ထားမှုရှိခဲ့ပါတယ်။ ဒါပေမဲ့ တချို့ ကွန်ဂရက် လွှတ်တော်အမတ်တွေဟာ အရေးယူမှုတွေ လျှော့ပေးဖို့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။


လူမြင်ကွင်းတွင် 7 Days Journal သတင်းထောက် မအေးသူစံကို ပါးရိုက်ခဲ့သည့် သရုပ်ဆောင် ထက်ထက်မိုးဦးကို ရန်ကင်းမြို့နယ် တရားသူကြီး ဒေါ်ထွေးထွေးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ ဖြင့် ဒဏ် ငွေကျပ် ၁၀၀၀ ပေးဆောင်ရန်နှင့် မပေးဆောင်နိုင်ပါက အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်လ ကျခံစေရန် မတ်လ ၃၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။


အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ဆေးပညာရှင်များက မြန်မာတစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်များမှ မြန်မာပါမောက္ခ ဆရာဝန်ကြီးများအား ပထမဦးဆုံး အကြိမ်အဖြစ် နိုင်ငံတကာအဆင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးပညာများကို မတ် လ ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ရန်ကုန်မြို့ ဆေးတက္ကသိုလ်(၁)တွင် လာရောက် သင်ကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနိုင်ငံတကာအဆင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးပညာများကို အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ Dr.Nicole Ann Shikosfski  နှင့် Dr.Patrick Ryan Sosnay တို့က သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ပထမအဆင့်အနေဖြင့် 'ကလေး နှင့်လူကြီး အသက်ကယ် ပြုစု စောင့်ရှောက်ရေးဆိုင်ရာ' အကြောင်းအရာများ ပါဝင်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခဆရာဝန် စုစုပေါင်း ၈၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

''ဆေးပညာတွေက အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ နိုင်ငံတကာ ညွှန်ကြားချက်တွေကလည်း အမြဲတမ်း ပြောင်းလဲနေပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ကလည်း အမြဲတမ်း Up to date တော့ လုပ်နေကြရတယ်။ အခု ဂျွန်ဟော့ကင်း တက္ကသိုလ်က လာသင်ပေးတယ်ဆိုတာ လက်ရှိသူတို့ နိုင်ငံတွေမှာ သုံးနေတဲ့ နည်းပညာတွေကို မြန်မာနိုင်ငံက ဆရာဝန်တွေကို share လုပ်တာပါ။ သင်ကြားမှု အထောက်အကူပြု ပစ္စည်းတွေ အသုံးပြုပြီး သင်ကြားပေးတာပါ။ အခု လာသင်ပေးတဲ့ သူတွေကလည်း ဒီဆေးပညာနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူတွေ ဖြစ်တယ်။ အမေရိကန်နိုင်ငံမှာလည်း ဒီတက္ကသိုလ်က ဆေးပညာနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ တက္ကသိုလ်တစ်ခုပါ။ ဒီလိုလူတွေက လာသင်ပေးတာ အားလုံးအတွက် အကျိုးရှိသလို အများကြီး ဂုဏ်ယူပါတယ်။ သင်ကြားပေးတဲ့ အထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဆေးတက္ကသိုလ်တွေက သင်ကြားရေးနဲ့ ကုသရေးမှာပါဝင်တဲ့ ဆရာတွေကို သင်ကြားပေးတာပါ''ဟု ဆေးတက္ကသိုလ်(၁)(ရန်ကုန်) ဆေးပညာဌာနမှ ဒေါက်တာဇော်သန်းထွန်းက ပြောပြခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတကာအဆင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးပညာများ လာရောက်သင်ကြားနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအ၀င် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပညာရှင်များနှင့် ဇန်န၀ါရီလကုန်ပိုင်းတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလတွင် တစ်ကြိမ် လာရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ်အနေဖြင့် ၁၉၅၀ ပြည့်နှစ် မှ ၁၉၆၄ ခုနှစ် ၀န်းကျင်အထိ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ် သင်ကြားပေးခဲ့ဖူးကြောင်းနှင့် ယခုတစ်ကြိမ် လာရောက်ခြင်းသည် အစိုးရသစ် လက်ထက်တွင် ကျန်းမာရေးဆိုင်ရာ သင်တန်းများကို ပထမဦးဆုံးအကြိမ် ပြန်လည်လာရောက် သင်ကြားပေးသည့် နိုင်ငံခြားတက္ကသိုလ်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အစိုးရမှ ဖွင့်လှစ်ထားသော ဆေးတက္ကသိုလ်များမှာ ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မန္တလေးဆေးတက္ကသိုလ်၊ မကွေး ဆေးတက္ကသိုလ်တို့ ဖြစ်ပြီး တစ်နှစ်လျှင် ဆရာဝန် ၂၂၀၀ ဦးဝန်းကျင် သင်ကြားပေးနေကြောင်း သိရှိရပါသည်။

ဈေးကွက်အခြေခံ ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင် ငွေလဲနှုန်းစနစ် စတင်

နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်ကို ဈေးကွက်အခြေခံတဲ့ ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင် ငွေလဲနှုန်းစနစ် Managed Floating Exchange Rate Regime ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒီနေ့ စတင်ကျင့်သုံးရာမှာ တစ်ဒေါ်လာကို ၈၁၈ ကျပ်နှုန်း သတ်မှတ်လိုက်ပါတယ်။နိုင်ငံခြားသုံးငွေနဲ့ တန်ဖိုးသတ်မှတ်ရာမှာ နိုင်ငံခြားဈေးကွက်မှာရှိတဲ့ ရောင်းလိုအားနဲ့ ၀ယ်လိုအား အခြေအနေအရ သတ်မှတ်မယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာထားပါတယ်။
ဒီအစီအစဉ်ဟာ ပြည်ပရင်းနှီးမြုပ်နှံမှု ပိုဝင်လာဖွယ်ရှိပြီး export ပို့ကုန်သမားတွေ နစ်နာနိုင်ပေမဲ့ import သွင်းကုန်သမားတွေ အခွင့်သာတယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် ဆရာဟောင်း ဦးစမ်းမောင်မြင့်က ပြောပါတယ်။ဒါဟာ အစိုးရက ဆောင်ရွက်နေတဲ့ စီးပွားရေးစနစ် ခေတ်မီစေမယ့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်း တစ်ခုဖြစ်ပြီး ငွေလဲလှယ်နှုန်း အမျိုးမျိုးကို ပေါင်းစည်းဖို့နဲ့ လက်ရှိ အပြည်ပြည်ဆိုင်ရာ ပေးချေမှုတွေ၊ ပြည်ပငွေလွှဲပို့မှုတွေအပေါ် ကန့်သတ်ထားတာတွေကို တဖြည်းဖြည်းချင်း ဖယ်ရှားဖို့ စီစဉ်တာလို့ ဗဟိုဘဏ်က ပြောပါတယ်။
ဗဟိုဘဏ်က ဒီလိုစနစ်ချမှတ်လိုက်ပေမဲ့ ဘဏ်တချို့ကပဲ လက်ဝါးကြီးအုပ်ပြီး နိုင်ငံခြားငွေ လဲလှယ်နေရင် ပြင်ပဒေါ်လာ အရောင်းအ၀ယ် ဆက်လက်ထွန်းကား နေမယ်လို့ လုပ်ငန်းရှင်တွေက ယူဆပါတယ်။ ဒေါ်လာအရောင်းအ၀ယ် လုပ်နေသူတစ်ဦးကတော့ နိုင်ငံခြားငွေ တရားဝင်ကိုင်ဆောင်ခွင့် မရသေးသမျှ မှောင်ခိုဈေးကွက် ရှိနေမယ်လို့ ပြောပါတယ်။ပြည်တွင်း ကုန်ဈေးနှုန်း ကျဆင်းဖို့အတွက် လမ်း တံတားဖြတ်သန်းခတွေ၊ တခြား အခွန်အကောက်တွေလည်း လျှော့ချဖို့လိုတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။


မြန်မာနိုင်ငံတွင်နှုန်းထားအမျိုး မျိုးဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်း များကိုနှုန်းထားတစ်မျိုးတည်ပေါင်း စည်းသည့်ငွေလဲနှုန်းပေါင်းစည်းရေး အစီအစဉ်အရ အမေရိကန်ဒေါ်လာ ဈေး၊ အက်ဖ်အီးစီးဈေး၊ စင်ကာပူ ဒေါ်လာဈေးနှင့် ယူရိုငွေကြေးများကို နှုန်းရှင်စနစ် (Floating) ဖြင့် ဈေး ကွက်ပေါက်ဈေးအတိုင်း ဧပြီလ ၂ ရက်နေ့မှစတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သတင်းရရှိသည်။
မကြာသေးခင် အချိန်အထိ မြန်မာနိုင်ငံတွင် ငွေလဲနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေပြီး ပြင်ပဈေးကွက် ငွေလဲနှုန်း အစိုးရဈေးနှုန်း၊ နိုင်ငံခြားဘက် ဆောင်ရွက်ခွင့်ရသော ဘဏ်များ၏ ငွေလဲနှုန်း၊ ဟွန်ဒီဈေးနှုန်း၊ အက်ဖ်အီးစီ ဈေးနှုန်း၊ ပြည်ပပို့ကုန်မှ ရငွေ (earning) ဈေးနှုန်းစသဖြင့် ငွေလဲနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေသည့် အနေအထားမှ ဧပြီလ ၂ ရက်နေ့မှ စတင်ကာ ဒေါ်လာဈေးနှင့် FEC ဈေးနှုန်းအား အတူတူသတ်မှတ်ကာ နှုန်းရှင်စနစ်ဖြင့် လဲပေးနေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

တဒေါ်လာ ၈၁၈ ကျပ်ဖြင့် တရားဝင်ငွေလဲဈေး စဖွင့်

မြန်မာကျပ်ငွေ တရားဝင်လဲလှယ်နှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၈ ကျပ်ဟု ဗဟိုဘဏ်က ယနေ့သတ်မှတ်ပေးလိုက်သည်။ ကျပ်ငွေကို သတ်မှတ်နှုန်းထားမှ ၀.၈ ရာခိုင်နှုန်း အတက်အကျခံ ရောင်းဝယ်ခွင့်ကို ဘဏ်များအား ဗဟိုဘဏ်ကခွင့်ပြုထားကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။ မြန်မာကျပ်ငွေကို အမေရိကန် တစ် ဒေါ်လာ ၆. ၄ ကျပ်နှင့် ညီမျှသော တန်ဖိုးရှိကြောင်း အိုင်အမ်အက်မှာ ချိတ်ဆက်ထားမှုအား ၃၅ နှစ်အကြာ ရုတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ၂၀၁၃-၁၄ ခုနှစ်အတွင်း တရားမဝင် ငွေကြေးဈေးကွက် လုံးလုံးလျားလျား ပျောက်ကွယ် သွားစေရေး မျှော်မှန်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်



ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ထားသော်လည်း စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ CPI နှင့် အေးရှား ဝေါလ် ကုမ္ပဏီဝန်ထမ်းများ မြစ်ဆုံ စီမံကိန်းဧရိယာအတွင်း လှုပ်ရှားမှုများ ရှိနေဆဲဖြစ်ကြောင်း ရရှိထားသော အထောက်အထားများအရ သိရှိရသည်။ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် မေခမြစ်နှင့် မလိခမြစ်တို့ဆုံရာ မြစ်ဆုံဒေသနှင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အကြား၌ တည်ရှိကာ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်သည် လုပ်ငန်းလည်ပတ်မှုများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရှိရသည်။ စီမံကိန်း ရပ်ဆိုင်းထားပြီဟု ဆိုသော်လည်း လက်ရှိအချိန်အထိ လုပ်ငန်းခွင်တွင် CPI မှ ၀န်ထမ်းများရှိ နေဆဲဖြစ်ကြောင်း၊ လုပ်ငန်းလည်ပတ်သည့် အနေအထားများနှင့် ပတ်သက်၍ ကန့်သတ်နယ်မြေဖြစ်သောကြောင့် အသေအချာ လေ့လာခြင်း မပြုလုပ်နိုင် သော်လည်း လှုပ်ရှားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ CPI ကုမ္ပဏီမှ အထွေထွေဝန်ထမ်းနှင့် ကျွမ်းကျင်လုပ်သားများ လုပ်ငန်းခွင်တွင် ရှိနေခြင်း၊ CPI ကုမ္ပဏီမှ မော်တော်ယာဉ်များနှင့် တရုတ်နံပါတ်ပါ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေမှု၊ စီမံကိန်း နယ်မြေအတွင်းရှိ ၀န်ထမ်းအိမ်ရာများ၊ လုပ်ငန်းခွင်နေရာအချို့နှင့် တရုတ်နိုင်ငံမှ အင်ဂျင်နီယာများ နေထိုင်သည့် အဆောက်အအုံများ၌ ညပိုင်းမှ နံနက်ပိုင်းအထိ မီးများ ထိန်ထိန်လင်းလျက် ရှိနေကြောင်း သိရှိရသည်။


မြန်မာနိုင်ငံ အတွင်းရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးများ၌ တစ်နှစ်အတွင်း ၄လခန့် လျှပ်စစ်မီး ပြတ်တောက်မှုရှိမည် ဆိုခြင်းမှာ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်း နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေခဲ့၊ ပြည်သူများ ဖောင်စီးရင်း ရေငတ်မဖြစ်စေရန် အိမ်နီးချင်းနိုင်ငံများသို့ စွမ်းအင် အရင်းအမြစ်များ အလွန်အကျွံရောင်းချ ထားခြင်းကို စဉ်းစားချိန်ဆရန် နယ်ပယ်စုံမှ ထင်ရှားသူများနှင့် ပြည်သူများ တောင်းဆို ကြောင်း
ရန်ကုန်တိုင်းအတွင်း အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးဝေမှုကို ၂၀၀၉ ခုနှစ်အတွင်းက ဒီဇင်ဘာလမှ ၂၀၁၀ ပြည့်နှစ်ဇွန်လအထိ လည်းကောင်း၊ ၂၀၀၈ ခုနှစ်အတွင်းက ၂၀၀၈ ခုနှစ်နိုဝင်ဘာလမှ ၂၀၀၉ ခုနှစ် ဇွန်လအထိ လည်းကောင်း၊ ၂၀၀၇ ခုနှစ်ခုနှစ်အတွင်းက ၂၀၀၇ ခုနှစ် နိုဝင်ဘာလမှ ဇွန်လအထိလည်းကောင်း အသီးသီးကျင့်သုံးခဲ့ကြောင်း သို့သော်၂၀၁၀ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်၊ နှစ်ဆန်းပိုင်းကာလများတွင် ရန်ကုန်တိုင်းအတွင်းရှိ လူနေရပ်ကွက် များကို ၂၄ နာရီမီးပေးကာ အလှည့်ကျမီးပေးစနစ်ကို ပြန်လည်စတင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။လက်ရှိအချိန်တွင် ရန်ကုန်မြို့ အတွက် လျှပ်စစ်မီးပေးဝေမှုများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၄ ရုံမှရရှိသော လျှပ်စစ်ဓာတ်အားများနှင့် မဟာဓာတ်အား လိုင်း (National Grip) မှ ဓာတ်အားများကို ရယူကာ ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း
မြန်မာနိုင်ငံ၏ လက်ရှိဓာတ်အား စနစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏ မှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု တစ်ဝန်းလုံးရှိ ဓာတ်အားပေးစက်ရုံ ၃၁ ရုံမှ ၃၀၄၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား သုံးစွဲသူများအတွက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက်ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်သည်ဟုသိရပြီး ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်ချက် ပမာဏမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးအနက် အများဆုံးဖြစ် ကာ လိုအပ်ချက်ပမာဏမှာ ၆၆၆ ဒသမ ၇၈ မဂ္ဂါဝပ် ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် နိုင်ငံတော်က တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ်စီမံကိန်း ၁၆ ခုရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း လေးခု၊ ၂၀၁၁ ခုနှစ်အတွင်း ငါးခု၊ ၂၀၁၂ ခုနှစ်အတွင်း သုံးခု၊ ၂၀၁၅ခုနှစ်အတွင်း တစ်ခုနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြီးစီးမည့် စီမံကိန်း သုံးခုတို့ရှိကြောင်း မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ် ၃၀၀ ကျော်ရှိကြောင်း ယင်းအရင်းအမြစ်များမှ ရရှိနိုင်သော လျှပ်စစ်စက်တပ်ဆင်အားမှာ စုစုပေါင်း ၄၆၀၀၀ မဂ္ဂါဝပ်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တည်ဆောက်ရန် ဖြစ်နိုင်စွမ်းရှိသည့် ရေအရင်းအမြစ်များမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)တို့တွင် ဖြစ်ကြောင်း အဆိုပါ ရေအရင်းအမြစ်များ ကို အခြေခံ၍ စီမံကိန်းများ အကောင်အထည်ဖော်နိုင်သည့် အရေအတွက် မှာ ၉၀ ကျော်ရှိပြီး ယင်းစီမံကိန်းများမှ စက်တပ်ဆင်အား မဂ္ဂါဝပ် ၄၆၀၀၀ ကျော် ထုတ်ယူရရှိနိုင်မည် ဖြစ်သည်ဟု သိရသည်။
ရေအားလျှပ်စစ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်း၊ လေးမြို့ ရေအားလျှပ်စစ်စီမံကိန်း၊ စိုင်းဒင် ရေအားလျှပ်စစ်စီမံကိန်း စသည့် ရေအားလျှပ်စစ် စီမံကိန်းများအား တည်ဆောက်နေကြောင်း ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်များ၏ ၉၀ ရာခိုင်နှုန်းအား ထိုင်းနိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၆၅ ရာခိုင်နှုန်းမှာ သဘာဝ သယံဇာတနှင့် ရေအားလျှပ်စစ် စီမံကိန်းကြီးများရှိရာ ရခိုင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ထို့အတူ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ရောင်းချမည့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကို ရခိုင်ပြည်နယ်ရှိ ပြည်သူများ အသုံးပြုနိုင်ရန် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ကိုရီးယားနိုင်ငံဒေ၀ူး အင်တာနေရှင်နယ် ကော်ပိုရေးရှင်း ဦးဆောင်သည့် စီမံကိန်းဆိုင်ရာ အစုရှယ်ယာရှင်များနှင့် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ မြို့များတွင် လျှပ်စစ်မီး အခက်အခဲကို ယနေ့တိုင် ကြုံတွေ့နေရဆဲ ဖြစ်ပြီး စစ်တွေမြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိသော်လည်း မီတာခမြင့်မားစွာ ကောက်ခံသည့်ဒဏ်ကို အများပြည်သူ ခံစားနေရကြောင်း၊ လမ်းမီးခများနှင့် မီတာထိန်းသိမ်း စောင့်ရှောက်ခများကို ထည့်သွင်း ကောက်ခံလာသည့် အပြင် တစ်ယူနစ်လျှင် ကျပ် ၄၅၀ ဖြင့် ကောက်ခံနေသည်ဟု သိရသည်။
လက်ရှိ လျှပ်စစ်မီးဖြန့်ဖြူးနေရာတွင် ရခိုင်ပြည်နယ်၏ မြို့အားလုံးတွင် တစ်အိမ်ထောင်လျှင် တစ်လ လျှပ်စစ် ၁၀ ယူနစ်စာအား အိမ်သုံးတစ်ယူနစ် ကျပ် ၃၅ နှုန်း၊ စီးပွား ရေးသုံး ကျပ် ၇၅ နှုန်းဖြင့် သုံးစွဲခွင့်ရပြီး ၁၀ ယူနစ်အထက် သုံးစွဲလျှင် အပိုတစ်ယူနစ်အတွက် ကျပ် ၄၀၀ မှ ကျပ် ၅၀၀ အထိ မြို့နယ်အလိုက် မတူကွဲပြားစွာ ပေးရကြောင်းလက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်းမှာ ၂၂ ရာခိုင်နှုန်း သာ ရှိသေးကြောင်း၊ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိကာ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုမှာ မဂ္ဂါဝပ် ၁၅၀၀ ကျော်သာ ရှိသေးကြောင်း၂၀၁၀ ပြည့်နှစ်အတွင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့ကို အများဆုံး တင်ပို့ထားပြီး ပြည်ပပို့ကုန်၏ ၄၀ ရာခိုင်နှုန်းအထိ ကို တင်ပို့နေခြင်းဖြစ်ကြောင်း၊ ၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့် နှစ်အတွင်း သဘာဝဓာတ်ငွေ့ တင်ပို့မှု ပမာဏမှာ ၂၈ ရာခိုင်နှုန်းအထိ တိုးလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ရေမြေ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံ အချို့၏ စွမ်းအင်လိုအပ်ချက်များ ဖြစ်ပေါ်လာမှုကြောင့် မြန်မာနိုင်ငံသည် သဘာဝ ဓာတ်ငွေ့တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်လာခြင်း ဖြစ်ကြောင်း
ထိုသို့ သဘာဝဓာတ်ငွေ့ အပါအ၀င် ပို့ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် အာရှနိုင်ငံများသို့ အများဆုံး တင်ပို့နေခြင်း ဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံစွမ်းအင် သုံးစွဲမှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိနေခြင်းဖြစ်ကြောင်း သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ၏ တင်ပိုမှု့ အများဆုံး ပို့ကုန်တစ်ခုဖြစ်လာပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ကျပ်သန်း ၁ သောင်း ၅ ထောင် ကျော် အထိ နိုင်ငံခြားငွေ အများဆုံး ရရှိလာသည့် ပို့ကုန်ပစ္စည်းတစ်မျိုး ဖြစ်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အလားတူ ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် မော်ကြီးကျေးရွာမှ ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင် ဘန်အီတောင် ဒေသအထိ သွယ်တန်းသွားမည် ဖြစ်ကြောင်းနှင့် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ကနဦးတစ်နေ့လျှင် ကုဗပေသန်းပေါင်း ၂၄၅သန်းခန့်ကို တင်ပို့ရောင်းချသွားမည် ဖြစ်ကြောင်း ဓာတ်ငွေ့ကုဗပေ သန်း ၆၀ ခန့်ကို ပြည်တွင်းသုံး အတွက် ပို့လွှတ်သွားမည်ဖြစ်ကြောင်း PTTEPI ရေနံကုမ္ပဏီမှရရှိသော သတင်းများအရ သိရှိရသည်။
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ရေနံစိမ်း စည်သန်း ၆ ဒသမ ၉၆ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၄၃၉၆၁၄ ဒသမ ၈၅ သန်း ထုတ်လုပ်ခဲ့ပြီး ဇောတိက၊ ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေများမှ ဓာတ် ငွေ့များကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချရန် ပြင်ဆင်နေကြောင်း ထိုင်းနိုင်ငံသို့ ရတနာသဘာဝ ဓာတ်ငွေ့မြေနှင့် ရဲတံခွန်သဘာဝ ဓာတ်ငွေ့မြေများမှ ဓာတ်ငွေ့များကို ၁၉၉၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်များ တွင် စတင် တင်ပို့ရောင်းချခဲ့ကြောင်း၊ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ  ထိုင်းနိုင်ငံသို့ ၃၆ လက်မ ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ ခန့် နေ့စဉ်ပေးပို့ရောင်းချနေပြီး ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၄ လက်မပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၄၆၀ ခန့် နေ့စဉ်ပေးပို့ ရောင်းချလျက်ရှိကြောင်း
တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့် ရွှေ၊ ရွှေဖြူ၊ မြ စသည့်သဘာဝ ဓာတ်ငွေ့မြေ အသီးသီးတို့တွင် သဘာဝဓာတ်ငွေ့ ပမာဏ ၄ ဒသမ ၅၃၂ တီစီအက်ဖ် ခန့်ရှိကြောင်း ခန့်မှန်းထားပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပိုက်လိုင်း သွယ်တန်းလျက် ရှိကြောင်း၊ ထို့အတူ ရတနာ သဘာဝဓာတ်ငွေ့သိုက် အနီးတွင် စိန်နှင့်ပတ္တမြား သဘာဝ ဓာတ်ငွေ့သိုက်များကို ထပ်မံတွေ့ရှိထားပြီး ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစင်ဖြင့် ပေါင်းစည်းထုတ်ယူနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း လက်ရှိ ထိုင်းနိုင်ငံသို့ တင်ပို့ ရောင်းချနေသော ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့မြေများသည် မုတ္တမကွေ့အနီးတွင် တည်ရှိပြီး  ထိုင်းနိုင်ငံသို့ပင် တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှာလည်း မုတ္တမကမ်းလွန်ဒေသတွင် တည်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရန် သဘောတူညီချက် ရထားသော ရွှေ၊ ရွှေဖြူ၊ မြ သဘာဝဓာတ်ငွေ့မြေ များမှာ ရခိုင်ကမ်းလွန်တွင် တည်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် စတင် တင်ပို့ရောင်းချမည့် အဆိုပါဓာတ်ငွေ့မြေများမှ ပိုက်လိုင်းများ သွယ်တန်းရာတွင် တရုတ်နိုင်ငံသို့ ၄၀ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ၂၈ လက်မ ပိုက်လိုင်းဖြင့် သွယ်တန်းပို့လွှတ် ရောင်းချမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်း နှီးမြုပ်နှံမှု တိုးတက်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ အထိ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ သန်း ၄၀၀၀၀ ကျော်ရှိကာ လျှပ်စစ် ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု ၄၆ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍ တွင် ၃၄ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ၆ ဒသမ ၃ ရာခိုင် နှုန်း ပါဝင်နေပြီး အခြားထုတ်လုပ်မှု ၀န်ဆောင်မှုကဏ္ဍတွင် နည်းနေသေးကြောင်း သိရှိရသည်။

ပြည်သူများ၏ အောင်မြင်မှု ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ကကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၎င်းတို့အနေနှင့် အများစု အနိုင်ရရှိလိုက်သောအောင်မြင်မှုသည် ပြည်သူများ၏ အောင်မြင်မှုပင် ဖြစ်သည်  ဟု ပြောဆိုလိုက်သည်။
တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပူးပေါင်း ဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။
ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ယနေ့ နံနက်ပိုင်းက ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် မဲဆန္ဒရှင် ပြည်သူများကို ပထမဆုံးအကြိမ် အဖြစ် နှုတ်ခွန်းဆက် မိန့်ခွန်းပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် မဲဆန္ဒရှင်များကို ကျေးဇူးတင်

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ရုံးချုပ်၌ NLDကို မဲပေးခဲ့ကြသော မဲဆန္ဒရှင်ပြည်သူများအား ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။ ၎င်းအား မြန်မာ့နိုင်ငံရေးလောကတွင် ပြန်လည် ပါဝင်ခွင့် ပြုခဲ့ခြင်းအပေါ်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD အနိုင်ရ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံလျက်ရှိပြီး ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မကြာမီ ထုတ်ပြန်သွားရန်ရှိကြောင်း NLD ကပြောသည်။

အိမ်ရှင်မြန်မာက ဆီးဂိမ်းအတွက် ကစားနည်းများ လျှော့ချမည်

၂၀၁၃ ခုနှစ်တွင်ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် အိမ်ရှင် မြန်မာနိုင်ငံက အားကစား ၂၈ မျိုး ကျင်းပပေးရန်စီစဉ်နေပြီး ယမန်နှစ်က အိမ်ရှင်အင်ဒိုးနီးရှားထက် ကစားနည်း ၁၂ မျိုး လျော့နည်းနေသည်ဟု သိရသည်။ မြန်မာ့အိုလံပစ်ကော်မတီ အထွေအထွေ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လွင်က အိမ်ရှင်မြန်မာအနေဖြင့် ကျင်းပနိုင်စွမ်းလည်းရှိ၊ ယဉ်ကျေးမှုနှင့်လည်း ကိုက်ညီသော အားကစားနည်းများကိုသာ လက်ခံကျင်းပမည်ဟု ပြောကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကို ကိုးကား၍ ဘာနားမား သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ကြားဖြတ်ရွေးကောက်ပွဲ EU အားရ

ဧပြီ ၁ ရက်နေ့က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲသည် “အလွန် အားရစရာ သင်္ကေတဖြစ်သည်” ဟု မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဥရောပ သမဂ္ဂ(EU) လေ့လာရေး ကိုယ်စားလှယ်အဖွဲ့က ပြောဆိုလိုက်သည်။ သို့သော် ယုံကြည်ရသည့် ရွေးကောက်ပွဲ တရပ် အနေနှင့်မူ ပြောဆိုရန် မလုံလောက်ကြောင်းလည်း EU ကိုယ်စားလှယ်တဦးဖြစ်သူ Malgorzata Wasilewska က ပြောဆိုသည် ဟု AFP သတင်းက ဖော်ပြသည်။ EU ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့နှင့် အနီးဝန်းကျင် ဒေသရှိ မဲရုံများသို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

မဲရုံ အားလုံးပေါင်းရဲ့ ၉၅ ရာခိုင်နှုန်း မဲစာရင်းအမှားများ တွေ့ရှိရ

မဲရုံ အားလုံးပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းလောက်မှာ မဲစာရင်းအမှားများ တွေ့ရှိရပြီး မဲမပေးလိုက်ရသူတွေ အမြောက်အများ ရှိတယ်လို့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ပဏာမ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း စောင့်ကြည့်အဖွဲ့ဟာ ၀ါသနာတူ လူငယ်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်ခဲ့တဲ့ အတွေ့အကြုံရှိသူတွေ ပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ မြို့နယ်ပေါင်း ၂၁ မြို့နယ်ရှိ မဲရုံပေါင်း ၁၀၁ ရုံမှာ စောင့်ကြည့်ရေးအဖွဲ့ဝင် ၄၀၀ နဲ့ စောင့်ကြည့်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် မဲပေးတဲ့ကတ်ပြားပေါ်မှာ မသမာမှု ပြုလုပ်တာတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အခြေအနေအရ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားပြီး မသမာမူတွေဟာ ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ထိခိုက်မှု မရှိဘူးလို့ အဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဦးဝဏ္ဏမောင်လွင်က လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲ ဖြစ်ဟု ကြေညာ

တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တက်ရန် ရောက်ရှိနေသော နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားလိုက်သည်။ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများကလည်း ရွေးကောက်ပွဲ ရလဒ်ကို ကြိုဆိုလိုက်သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ကလည်း ယခုရွေးကောက်ပွဲ ရလဒ်သည် မြန်မာ့ နိုင်ငံရေး ပြောင်း လဲမှုများ နောက်ပြန်မဆုတ် မည်ကို ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

မြေလွတ်၊ မြေလပ် နှင့် မြေရိုင်း ဆိုင်ရာ ဥပဒေ ပြဌာန်း

သမ္မတ ဦးသိန်းစိန်၏ အတည်ပြုချက်ဖြင့် ပြည်ထောင်စု လွှတ်တော်က နိုင်ငံတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဆိုင်ရာ ဥပဒေကို ၂၀၁၂ ခု မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ပြဌာန်းလိုက်သည်။ ယင်း ဥပဒေတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်၊ အာမခံကြေး၊ မြေခွန်၊ လိုက်နာရမည့် စည်းကမ်း ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် အခန်း ၁၀ ခန်း ပါဝင်ကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ဆန္ဒမဲပေးမှု ပြင်းထန်စွာ ဝေဖန်ကန့်ကွက်ခြင်း မရှိဟု ဆူရင် ပစ်ဆူဝမ်ပြော

မြန်မာနိုင်ငံတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးမှုနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ကန့်ကွက်မှုများမကြားရကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် က ပြောဆိုလိုက်သည်။ အားလုံးကို ခြုံကြည့်ပါက အကောင်းဘက်သို့ ဦးတည်ရွေ့လျားနေကြောင်း၊ များစွာသောနိုင်ငံများ၏ ရွေးကောက်ပွဲများကဲ့သို့ပင် ဖြစ်ကြောင်း၊ ဒေါ်အောင် ဆန်း စုကြည်သည်လည်း အပြတ်အသတ် အနိုင်ရမည်ဟု မျှော်လင့်ထားကြောင်းလည်း ဆူရင် ပစ်ဆူဝမ်က ပြောဆိုသည်ဟု AFP သတင်း၌ ရေးသားထားသည်။

NLD အပြတ်အသတ် နိုင်

ဧပြီ ၁ ရက် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ် မဲဆန္ဒနယ်မြေ ၄၅ နေရာရှိရာ NLD က ၄၄ နေရာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယခု အချိန်အထိ ၄၃ နေရာ အနိုင်ရရှိကြောင်း သိရသည်။ ဆက်လက်ပြီး ဆန္ဒမဲ ရေတွက်နေ၍ ကျန်နေသည့် မဲဆန္ဒနယ်မြေမှာ ရှမ်းပြည်နယ် လားရှိုးမြို့ မဲဆန္ဒနယ်မြေ ဖြစ်သည်ဟု ဆိုသည်။

တရုတ်-မြန်မာ ကုန်သွယ်မှု ဒေါ်လာသန်း ၃၁၀ ဖိုး စာချုပ်ချုပ်

တရုတ်နိုင်ငံ ကွမ်ရှီးဒေသနှင့် မြန်မာနိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များသည် အမေရိကန်
ဒေါ်လာ သန်း ၃၁ဝ ဖိုးရှိ ကုန်သွယ်မှု သဘောတူစာချုပ်ကို မတ်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြကြောင်းမတ်လ ၃ဝ ရက်နေ့မှ ဧပြီလ ၂ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော ကွမ်ရှီး ကုန်စည်ပြပွဲ ကျင်းပစဉ် လက်မှတ် ရေးထိုးခဲ့ကြောင်း ကွမ်ရှီးဒေသမှ အဆင့်မြင့် အရာရှိများနှင့် ကုမ္ပဏီမှ အရာရှိများက ဆိုသည်။
ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် လက်မှတ်ရေးထိုးခြင်း မပြုလုပ်မီ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်နှင့် ကွမ်ရှီးဒေသ ဒုအုပ်ချုပ်ရေးမှုး မစ္စတာ ရန်ထောင်ရှီတို့ ဦးဆောင်ကာ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂ဝဝ ကျော်တို့ ဆွေးနွေးပွဲ ကျင်းပခဲ့သေးသည်။ ကွမ်ရှီး ထုတ်ကုန်ပြပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်း စင်တာတွင် ကျင်းပလျက်ရှိရာ ကွမ်ရှီးဒေသရှိ မြို့ပေါင်း ၁၄ မြို့ရှိ ကုမ္ပဏီပေါင်း ၁ဝဝ ကျော်မှ ဝန်ထမ်း ၅ဝဝ ကျော် တက်ရောက်ခဲ့ကြောင်း
အဆိုပါ ပြပွဲတွင် ကွမ်ရှီးဒေသမှ ထုတ်ကုန် ပစ္စည်း စုစုပေါင်း ၁,ဝဝဝ ကျော်ကို ပြခန်းပေါင်း ၁ဝဝ ခန့် ဖြင့် ပြသခဲ့ရာ စက်ယန္တရားများ လုပ်ငန်းသုံးယဉ်များ၊ လူစီးမော်တော်ယဉ်များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကိရိယာများ လျှပ်စစ် ပစ္စည်းနှင့် အီလက်ထရောနစ် ပစ္စည်းများ LCD တီဗွီများ၊ အနုပညာ လက်ရာများ၊ တရုတ် ရိုးရာ တိုင်းရင်းဆေးများ၊ စားသောက်ကုန်များနှင့် အဝတ်အထည်များ ပါဝင်သည်ကို တွေ့ရှိရသည်။

Lwin Pwin
Web-site:                   www.nlabr.com
Blog:                         http://wanna23-23.blogspot.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...