Tuesday, January 31, 2012

ဆူးခင်းတဲ့ ဒဏ်ရာနေ့သစ် (၁၁၂)


အသီးမခူးတတ်သေးတဲ့ အရွယ်
အကိုင်အခက် ရိုက်ခတ်မိတဲ့ အရွယ်
အသိဥာဏ်မတိုးတက်သေးတဲ့ အရွယ်
ဝေဒနာလား သုခလား မခွဲခြားတတ်သေးတဲ့
လောက သုခုမပင်လယ်ထဲ ကူးခတ်ရင်း
ပျို့တတ်လာတဲ့ အချစ်အဆိပ်တစ်ခွက်ကို
ချိုမြိန်စွာ သောက်သုံးခဲ့ပြီ....။

အနာတရဖြစ်ဖူးတဲ့ ခြေလှမ်းတွေထဲ
အတိတ်ဒဏ်ရာတွေနဲ့ သုခကြမ်းပြင်ပေါ်မှာ
မှောက်လဲသွားခဲ့ မသေခြာတဲ့
အနာဂတ်အတွက် ပစ္စုပ္ပန်မှာ
ပျောက်ဆုံးသွားတဲ့ အဖြေကို ရှာဖွေနေဆဲ...။

အမှတ်တမဲ့ ချော်လဲသွားတဲ့
ဟန်ချက်တွေက သရုပ်ဆောင်တယောက်လို
ဟန်ဆောင်ကောင်းခဲ့ပေမဲ့ ဝေဒနာဟာ
ခြေလှမ်းတိုင်းမှာ နာကျင်နေဆဲပါ...။

စေခိုင်းရာကိုလည်း မောင်းနှင်ခဲ့ဖူးတယ်
ကြမ္မာကံမှောက်လို့ စေလိုရာမဟုတ်တဲ့
အတိတ်တွေလည်း ခုတ်မောင်းခဲ့ဖူးတယ်
မနေသာလို ဝေဒနာ ဟိုအဝေးမှာ
ထင်ကျန်ကာ နေရစ်ခဲ့တဲ့
ဇာတ်လမ်းတစ်ပုဒ်ကိုလည်း ရိုက်ခဲ့ဖူးတယ်
အတိတ်တိုင်း ဇာတ်လမ်းတိုင်းမှာ
မင်းက မင်းသ္မီး ငါက မင်းသားအဖြစ်နဲ့
ဇာတ်စင်ပေါ်မှာ ခုတ်မောင်းရင်း
အချစ်ဝိုင်းချိုရည် တစ်ခွက်ပေါ်မှာ
ချိုမြိန်စွာ ယစ်မူးလို့ ပျော်ရွှင်ဖူးတယ်
အခုတော့ ဇာတ်လမ်းလည်း ဆုံးခဲ့ပြီ
အတိတ်တွေလည်း ခါးသက်သက်နဲ့
ပူပြင်းတဲ့ မီးတောက်တစ်ခုလို
သောက်သုံးရင်း ဝေဒနာတွေနဲ့
ဒဏ်ရာရထားကြီးတစ်စင်းပေါ်မှာ
ချစ်သူများနေ့သစ်အတွက် ခုတ်မောင်းခဲ့ပြီ.....။

Sunday, January 29, 2012

သုခုမ မေတ္တာမဲ့ လွင်ပြင် (၁၁၁)


အထုထောင်းခံလိုက်ရတဲ့ မှတ်ဥာဏ်တွေဟာ
အမှတ်အသားတွေနဲ့ ဒဏ်တက်ခံလိုက်ရလို့
မှတ်ချက်တခုရဲ့ နောက်ကွယ်မှာ
အစွန်းမရောက်တဲ့ မေတ္တာတွေနဲ့
ငါ... သူ့ကို နှုတ်ခွန်းဆက်သခဲ့တယ်...။

မကျရှုံးသေးတဲ့ ပန်းတိုင်တခုအတွက်
ရင်ထဲက ဂရန်တွေကို ရေးချခဲ့
အမှတ်မရှိတဲ့ သတ်မှတ်ချက်အတွက်
မနေ့က ငါ့ မြေပြင်လွှာမှာ
မှတ်တိုင်တခုဖြစ်ခဲ့လို့ စာတန်းရေးထိုးခဲ့တယ်...။

ခွင့်လွတ်ခဲ့မိတယ် စာနာမိခဲ့တယ်
အိပ်မက်တွေ ပေးခဲ့မိတယ်
မလွန်ဆန်နိုင်တဲ့ နှောင်ကြိုးတခုနဲ့
ကာရံတွေကို ရေးချမိခဲ့တယ်
သေလွန်သွားတဲ့ ဝေဒနာတွေကို
အသုံးချ ဘဝအဘိဓမ္မာတစ်ပုဒ်နဲ့
ရင်နှီးပေးဆပ် နှလုံးသားအပ်နှင်းရင်း
အပြစ်ကင်းစင်တဲ့ ကလေးတယောက်ရဲ့
နှလုံးသားက မေတ္တာတွေနဲ့
အဖြူရောင်သက်သက် သစ္စာတွေကို
ခရောင်းလမ်းမှာ မပြောင်းစတမ်း
မေတ္တာတွေ ထားရစ်ခဲ့တယ်..လေ....။

ဝေဒနာတွေကို မခင်းကျင်းခဲ့ဘူး
ဒဏ်ရာတွေကို မကုစားခဲ့ဘူး
မူဝါဒလမ်းစဉ်ရဲ့ နောက်ကွယ်က
ချည်နှောင်ခံလိုက်ရတဲ့ သံယောဇဉ်က
သောကရင်ခွင်မှာ ခုတ်မောင်းလို့
မေတ္တာကြယ်စင်တွေလည်း အထီးကျန်မှတ်တမ်းတွေမှာ
ချို့တဲ့စွာနဲ့ နေရာလစ်ဟာနေခဲ့ပြီ....။

Saturday, January 28, 2012

ပစ္စုပ္ပုန် မြေဇာ (၁၁၀)


ခုနှစ်ရေးဆွဲတဲ့ ပြက္ခဒိန်ထဲ
နေ့ရက်တွေ စုတ်ဖြဲခံရတဲ့
ရက်စွဲတွေလို ငါဘဝသမိုင်းတွေကို
ဒိုင်ယာရီတစ်ပုဒ် မရေးဖြစ်တာ ကောင်းပါတယ်..။

နည်းပညာတခုရဲ့ နောက်ကျောက
ယိုစီးထွက်လာတဲ့ မူဝါဒ အရင်းမြစ်ကို
ကိုင်စွဲခဲ့ရင်း ငါ့ဘဝ သီအိုရီထဲ
အိုဟောင်းသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို
မရေးထုတ်မိတာ အကောင်းဆုံးပဲလေ....။

အတွေးပုံရိပ်တွေ ခင်းကျင်းထားတဲ့
အစည်းဝေးခန်းမ ရင်ခွင်နန်းထဲ
ဆုံးဖြတ်ချက် မရသေးတဲ့
အနာဂတ် အခြေနေတခုကို
မတင်ပြမိတာ အကောင်းဆုံးပဲလေ....။

ရပ်တန့်နေဆဲ တွေဝေနေဆဲ
ဒဏ်ရာတွေနဲ့ ခုတ်မောင်းနေဆဲ
ဝေဒနာတွေလည်း ခမ်းနားမြဲ
ငါ့ဘဝသမိုင်းထဲ သေဆုံးခဲ့ဖူးတဲ့
မှတ်တိုင်တခုနဲ့ ရေးခဲ့ဖူးတဲ့
မှတ်တမ်းတွေကို အတိတ်မှာရေးဆွဲရင်း
ပစ္စုပ္ပန်မှာ မြေဇာဖြစ်ခဲ့ပြီလေ...။

တက္ကသိုလ်မြတ်မင်း

Wednesday, January 25, 2012

ဇွဲ ဆု အောင်ပန်း (၁၀၉)


အတိတ်တွေက ခြောက်ကပ်ကပ်နဲ့
ပစ္စုပ္ပန်နေ့ရက်တွေမှာ သိုလှောင်ရင်း
သင့်လျှော်ခြင်း မရှိသေးတဲ့
ဆေးဆိုးပန်းရိုက်သလို ချို့ယွင်းချက်တွေနဲ့
ငါ့ရဲ့စိတ်ဓာတ်တွေ မှိုတက်လို့

စွန့်ပစ်လိုက်ရတဲ့ ပစ္စည်းတခုအဖြစ်
အမှိုက်ပုံထဲ ရောက်ခဲ့တယ်...။

ဇွဲအားသန်သန် စိတ်ဓာတ်မာန်နဲ့
ရည်ရွယ်ရာ ခရီးလမ်းကို
လျှောက်လှမ်းခဲ့ရင်း ကြမ်းတမ်းလှတဲ့
ဘဝလမ်းကြမ်းကြမ်း လောကဓံကို
ွှုအနိုင်မခံ အရှုံးမပေးတဲ့
စွမ်းအားတွေနဲ့ လျှောက်လှမ်းခဲ့တာ
အင်အားတွေလည်း ကုန်ခမ်းလို့
ပန်းတိုင်ရောက်ဖို့လည်း ခက်လှတယ်..။

ငါ..ကလည်း အတွေးခေါ် နုနု
သူတို့လည်း အတွေးခေါ် နုနု
အကောင်းတွေစုလို့ မညီမျှသလို
လှေနံ တဖက်တည်း နင်းခဲ့လို့
ပန်းတိုင်ပျောက်မှာလည်း စိုးကြောက်မိပါရဲ့...။

ဒါပေမဲ့....
ငါ့မာန်တွေ ငါ့အင်အားတွေ
ငါ့စိတ်ဓာတ်တွေ မလျော့တဲ့ ဇွဲနဲ့
ဖြောင့်မှန်တဲ့ အသိတရားကို
လက်သုံးတော် သံမဏိဥပဒေ ဓားလို
ကိုင်ဆောင်ခဲ့ရင်း အခုတော့လည်း
ပန်းတိုင်အဝင် ခရီး တဝက်ဆီသို့
တက်လှမ်းလို့ လာခဲ့ပြီ....။

ရောင်နီအလင်းတွေ ဖြာထွက်နေတဲ့
ကောင်းကင်အောက်မှာ ကျေးငှက်တွေလည်း
လောကကြီးအတွက် သီချင်းဆိုကြသလို
ငါတို့လည်း သီချင်းသံတွေ
အိမ်နောက်ဖေးက အိုးသံတွေ
အိမ်ရှေ့က ကလေးသံတွေ
ကာလသား နောက်ပိုးသံတွေ
ဈေးထဲက ငါးရောင်းသံတွေ
တေလေတွေရဲ့ တောင်းရမ်းသံတွေ
လူငယ်တွေရဲ့ စိတ်ဓာတ်အင်အားသံတွေ
ငါတို့ ပတ်ဝန်းကျင်မှာ ရိုက်ခတ်လို့
အတွေ့အကြုံတွေ ခံစားမှတ်သားရင်း
ငါတို့ ကိုယ်တိုင် အတ္တဆန်ခဲ့တဲ့
မူဝါဒ လမ်းစဉ်တွေ ဖယ်ရှားလို့

လွတ်လပ်သော ပညာရေး
စီးပွားရေး လူမူရေးတွေနဲ့
ငါတို့ အောင်ပန်းရှိရာကို တက်လှမ်းခဲ့ပြီ...။ 

Monday, January 23, 2012

အဝေးဆုံးက အနီးဆုံး မေတ္တာ (၁၀၈)


ငါ အိပ်စက်ခဲ့တဲ့ အိပ်ယာထက်က
ခေါင်းအုံးတွေက ငါ့ နောက်ကျောမှာ
အမြဲတမ်း ရပ်တည်နေပေမဲ့
အကြိမ်တစ်ရာမှာ တစ်ကြိမ်သာ
ငါ့ မျက်နှာကို အပ်နှံဖို့ အခွင့်ထူးခဲ့တယ်..။

ပျော်ရွှင်မှုတွေနဲ့ မေ့လျော့နေတဲ့
ငါ့ သမိုင်းထဲ အချိန်သာ ကုန်ဆုံးခဲ့လို့
မနက်ဖြန် ငါ့ မျှော်လင့်ချက်တွေလည်း
ဝေးလျက် နီးနေမြဲ...။

ကျောင်းသင်္ခန်းစာနဲ့ လိုအပ်ချက်ရှိတဲ့
ပညာရေး စာမျက်နှာပြင်ထဲ
ဘဝတခုလုံး အပ်နှံခဲ့ရင်း
ကိုယ်ပိုင်အရေးတွေလည်း ပျောက်ဆုံးခဲ့လို့
ဘဝတခု မအိပ်စက်ခင် ခဏလေးထဲ
အတွေးဆက်လို့ အသိရလိုက်တဲ့
ဒီည ကောင်းကင်ထဲ ကြယ်တွေကလည်း
ဝေးလျက် နီးနေမြဲ.....။

နူးညံ့မှုတွေကို ကျောခိုင်းလို့
နှစ်သက်တာကို နှစ်သက်
ကြိုက်တာကို ကြိုက်ခဲ့
ယုံကြည်ရာတွေကို အမှန်တရားနဲ့
စည်းမျဉ်းထုတ်ရင်း ခုနှစ်တွေသာ ကုန်ဆုံးခဲ့
အရှိကို အရှိနဲ့ အရိုးသားဆုံး ပွင့်လင်းခဲ့သမျှ
အခုတော့ ခဝါချလို့
နေညိုညို ညနေခင်းမှာ
စောင့်မျှော်နေဆဲ ပန်းတိုင်ဟာ
ဝေးလျက် နီးနေဆဲပါ...။

အရွယ်မတိုင်မှီ အိုးပုတ် ဂျိုးရိုပ်တွေလည်း
ဘဝစာမျက်နှာပြင်မှာ ဆော့ကစားခဲ့ဖူးမယ်
အရွယ်ရောက်လာတဲ့ ဘဝကြေးမှံပြင်မှာလည်း
နှလုံးသား စက်ရုပ်လေးတွေနဲ့
ဆော့ကစားခဲ့ဖူးမယ်
ဒဏ်ရာတွေလည်း ရှိခဲ့ဖူးမယ်
ဝေဒနာတွေလည်း ပန်ဆင်ခဲ့ဖူးမယ်
ပျော်ရွှင်ခြင်းတွေလည်း စိတ်ကူးယဉ်ဖူးမယ်
အတွေးတွေနဲ့ အတိတ်တွေလည်း
ဖူးပွင့်ဖူးတဲ့ အခါလည်း ရှိမယ်
ကြွေကျမြေခဖူးတဲ့ ပန်းခရေတွေလိုလည်း
တွေ့ကြုံခံစားရင်း နေလောင်ပြင်မှာ
နွမ်းနယ် စိတ္တဇဖြစ်လို့
အတည်မကျသေးတဲ့ အထီးကျန်ဥယျောဉ်ထဲ
အဝေးဆုံးက အနီးဆုံး မေတ္တာပန်းတစ်ပွင့် လိုအပ်နေဆဲ...။

Saturday, January 21, 2012

အနီးဆုံးက အဝေးဆုံး မေတ္တာ (၁၀၇)

လာလမ်းတွေလည်း မလှပခဲ့
ခရီးဆက်ဖို့လည်း တွေးကြောက်
ဒဏ်ရာတွေလည်း ကမောက်ကမနဲ့
အရှေ့ဆီက ရောင်နီအလာကို
ကြိုစောင့်လို့ မျှော်မိတယ်....။

ခရီးလမ်းကလည်း ကြမ်းတမ်း
မလန်းဆန်းတဲ့ ဘဝနဲ့
စိတ်ကူးတွေ ထိုင်ယဉ်နေရင်း
အချိန်တွေသာ ကုန်ဆုံးသွားခဲ့
ကာလလွန်သွားတဲ့ မိုးပြေးတွေအောက်
မိုးခါးတွေသာ သောက်သုံးရင်း
အထီးကျန် ပျံဝဲနေဆဲ.....။

အများသောက်သုံးတဲ့ အလှအပတွေနဲ့
သပ်ရပ်စွာ ပြင်ဆင်အလှဆင်လို့
ကာရံတွေဖွဲ့နွဲ့ရင်း အချိန်တွေသာကုန်ဆုံးခဲ့
နေညိုညို ရောင်နီကောင်းကင်အောက်
ဆည်းဆာတွေလည်း ပျောက်ဆုံးလို့
အိပ်တန်းဆီသို့ ပြန်ရောက်ခဲ့ပြီ...။

လိုအပ်ချက်တွေ ပြည့်လျှမ်းနေတဲ့
လောကဥပဒေ လူ့ဘောင်ထဲ
မေတ္တာအလင်းရောင်ကို ရှာဖွေရင်း
ဟိုဟာ ကောင်းတယ် ဒီဟာ ကောင်းတယ်
ရွေးချယ်မှုတွေ များပြားလွန်းလို့
အချိန်ကုန် လူ ပင်ပန်း နွမ်းနယ်ရင်း
အစာရှာတဲ့ ငှက်ငယ်တကောင်ရဲ့
ဘဝအဖော် ကြင်ဖော်တွေလည်း
ပျောက်ဆုံးလို့ အထီးကျန်နေခဲ့ပြီ...။

စာအုပ်တွေက ဘဝကို ပြန်ဖတ်
ဘဝ က သမိုင်းရေးရင်း
ကျက်စာပေါ်မှာ မှေးစက်နေဆဲ
သက္ကရာဇ် ခုနှစ်တွေသာ ခြစားလို့
ကာလမခြားတဲ့ နာရီစက္ကန့်တွေထဲ
လှုပ်ရှားမှုက နှေးကွေးနေဆဲ...။

အကြွေးတွေလား ဝဋ်ကြွေးတွေလား
ကံဇာတာကို ပုံချလို့ ပြောရရင်လည်း
ကံ က အမိ ကံ က အဖ
လောကဓံ ကြိုးဆွဲရာ က ရတဲ့
ဝင်သက် ထွက်သက်ထဲ
စွယ်တော်ရွက်ကို အဖော်ပြုလို့
ကြင်ဖော်ကို ရှာဖွေနေဆဲ....။ 

Wednesday, January 18, 2012

နိုင်ငံဖခင် မွေးနေ့ရှင် (၁၀၆)

 ဇူလိုင် တိမ်တိုက်တွေက
လောင်ရီသံတွေနဲ့ ကြည်စယ်နေတုန်း
မျက်ရည်မိုးတွေ ငိုပွဲဆင်နေတဲ့
၁၉၄၇ခုနှစ် သက္ကရာဇ်ထဲ
အတွင်းဝန်ရုံးတွင်း မဟာမိတ်ဖွဲ့လို့
ယုံကြည်မှုနဲ့ အစည်းဝေးပြုလုပ်ခဲ့တဲ့
နေ့ရက်အောက်မှာ စည်းမဲ့ကမ်းမဲ့
သေနတ်ပစ်ခတ်မှုနဲ့ သူ့ အသက်ပျောက်ခဲ့ရပြီ...။

တောတောင်တွေကို ကျော်ဖြတ်လို့
သေတွင်းနက် မရဏမင်းက
ဖမ်းစားသွားပါစေ ရန်သူရဲ့
လက်နတ်အောက်မှာ ဘယ်တော့မှ
အညံ့မခံဘူးဆိုတဲ့ သူရဲ့ နည်းဗျူဟာတွေဟာ
နယ်ချဲ့တိုက်ပွဲတွေ ဖက်ဆစ် ဂျပန်နဲ့ အင်္ဂလိပ်ကို
အနုမရရင် အကြမ်းတိုက်စစ်ဆင်လို့
ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့တာ
အမျိုးသားတိုက်ပွဲတွေရဲ့ ခေါင်းဆောင်ကောင်းဖြစ်လို့
တိုက်ပွဲတိုင်းမှာလည်း ထူးချွန်ပြောင်မြောက်စွာ
တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့နည်းဗျူဟာတွေနဲ့
စွမ်းရည်တွေဟာ ပန်းတိုင်ရောက်မှ
လူတိရိစ္ဆာန် ခွေးကောင်ရဲ့ လက်အောက်မှာ
အသက်ပျောက်ခဲ့လို့ သူ ချစ်တဲ့ပြည်ကို
စွန့်လွတ်ခဲ့ရပြီ....။

အသက်ကငယ်ငယ် မုန်တိုင်းထန်နေတဲ့
တိုင်းပြည်ငယ်လေးထဲ လူစွမ်းကောင်းရဲ့
အသက်ကိုခြွေဖျက်လို့ မသမာမှုအောက်
သေဆုံးခဲ့ရတာ တိုင်းပြည်အတွက်လည်း
အနာဂတ်ကံကြမ္မာတွေ ပျောက်ဆုံးခဲ့ရလို့
တပြည်ထဲသား အာဏာရှင်စစ်ခွေးတွေအောက်
ပြည်သူတွေ လွတ်လပ်မှုတွေ
ဆုံးရှုံးမှုတွေ လွတ်လပ်ရေးရဲ့
အနှစ်သာရတွေ ပျောက်ဆုံးခဲ့ရတယ်....။

ထူးချွန်မြင့်မြတ်တဲ့ လူစွမ်းကောင်း
ဗိုလ်ချုပ်အောင်ဆန်း ရယ်
ဟောဒီ မိုးကောင်းကင်ကြီးရဲ့အောက်မှာ
အမြဲမပြတ် စီးဆင်းနေတဲ့
သင့်အမည်ဟာ ပြည်မြန်မာရဲ့
အမိလည်းဟုတ် အဖလည်းဟုတ်တဲ့
ငါတို့အသက်သခင် ဧရာဝတီ မြစ်ကြီးပါ...။

ဘဝမမောသော စွမ်းရည်အပြည့်နဲ့
ပြည်မြန်မာအတွက် အစွမ်းကုန် ကာကွယ်ပေးတဲ့
တစ်မိုးတည်းအောက်က တောင်တန်းပြာကြီးလို
ဆိုကြချေဆိုရင် သင့်အမည်ဟာ
အဖိုးအနဂတန်တဲ့ ရိုးမတောင်တန်းကြီးပါ...။

သူ့ရဲ့ စိတ်ဓာတ်စွမ်းအင်တွေနဲ့
ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းဝိညာဉ်ဟာ
အမြဲတမ်း စီးဆင်းနေတဲ့
ဧရာဝတီ မြစ်ကြီးတစ်စင်းဆိုနိုင်သလို
ရိုးမ တောင်တန်းကြီးလိုလည်း
ထာဝရအမြဲတမ်း ရပ်တည်နေမြဲပါ....။

အိန္ဒိယဖခင် ဂန္ဒီကြီးလို
ဗီယနမ် သူရဲကောင်းတွေလို
အန်ကယ်ဟို တို့လို
ဂျပန် မေကြည်ဘုရင်တို့လို
အာရှတိုက်ရဲ့ အကျော်အမော်တွေနည်းတူ
ငါတို့ဘဝတွေနဲ့ တိုင်းပြည် သူကျွန်ဘဝရောက်ခဲ့တဲ့အခိုက်
အောင်ဆန်း ဆိုတဲ့ ငါတို့ဘဝ ဆီမီးတိုင်
အလင်းရောင် ထွန်းလင်းတောက်ပခဲ့လို့
ဝမ်းသာပီတိတွေနဲ့ မျက်ရည်ပုလဲခ ရင်း
ဂုဏ်ပြုမှတ်တိုင် ငါတို့နှလုံးသားထဲမှာ
စိုက်ထူခဲ့တာ ငါတို့ပြည်သူတွေ
ငါတို့မြန်မာတွေ အသိဆုံးပါ....။

တိကျမှန်ကန်တဲ့ စိတ်ဓာတ်နဲ့
ကြွေးကျော်သံတွေ ဘဝဂ်ထိညံအောင်
ဟစ်ကြွေးသံပေးလို့ မတရား သိမ်းပိုက်ထားတဲ့
ငါတို့တိုင်းပြည် ပြန်ပေး ငါတို့ ဘိုးဘွားအမွေနှစ်
သယံဇာတတွေကို အကုန်ပြန်ပေး
ဖြူစင်ရိုးသားတဲ့ ငါတို့လေထုတွေကို ပြန်ပေး
အသိတရားငယ်ငယ် အတွေးမကြွယ်သေးတဲ့
ငါတို့ရင်သွေး ကလေးတွေကို ပြန်ပေး
ငါတို့ အနာဂတ်အိပ်မက်တွေကို ပြန်ပေးလို့
သူ ကြွေးကျော်ခဲ့တာတွေဟာ ယူနယံဂျက်အလံ
စပါးနှံဝိုင်းဝန်းတဲ့ အရွယ်တူကြယ်ဖြူ ၁၄လုံး အလံနဲ့
ထွင်းဖောက်လို့ နေဝန်းနီအလံကို
စုတ်ဖြဲ အမှုန့်ချေရင်း လေရှုးဆော်တဲ့
နွေဦးလွင်ပြင်ထဲ မအေးသေးသော
သောကတစိတ်နဲ့ တာ ထွက်ခဲ့ပြီ...။

ယုံကြည်မှုရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့
၁၉၊ ဇူလိုင် နေ့ရက်ရောက်တိုင်း
အားလုံးအားကိုးတဲ့ ပြည်သူ့ဖခင်ကြီးကို
သတိရလွမ်းဆွတ်လို့ အားလုံးထိုင်ပြီး
မျက်ရည်မိုးတွေ ရွာသွန်းဖြိုးခဲ့ပြီ...။

နှင်းငွေ့သိုင်းခြုံတဲ့ ဆောင်းနံနက်စောစောမှာ
ဝေဆာလန်းဆန်းနေတဲ့ တော်ဝင်ပန်းတွေနဲ့
ဇာနည်ထူးတဲ့ သူ့ အနားကို
တိုးကပ်လို့ ဂုဏ်ပြုမိတဲ့
ဖေဖော်ဝါရီ ၁၃ သန္ဓေဖွား သူ့ကို
အခုထိ ငါတို့ လွမ်းဆွတ် ငိုနေတုန်း...။

Monday, January 16, 2012

အထီးကျန် အနိစ္စရင်ခွင် (၁၀၅)


ခွန်းနှုတ်ချိုတဲ့ ဘဝလွင်ပြင်ထဲ
အရသာတစိတ်နဲ့ အိပ်ပျော်နေဆဲ
မှတ်တိုင်မဲ့တဲ့ လမ်းခုလပ်မှာ
အထီးကျန် လွင့်မြောရင်းနဲ့
ပျံဝဲနေဆဲ ကောင်းကင်ယံမှာ
မိုးသားမည်းညိုတွေ ငိုချနေပြန်ပြီ...။


ငိုချမိတဲ့ အတိတ်တွေရယ်
တွေ့ကြုံဖူးတဲ့ နိမိတ်တွေရယ်
အိပ်ပျော်နေတဲ့ စွယ်တော်ရွက်တွေရယ်
အိပ်မက်ပြင်လွှာမှာ သိုင်းခြုံလွှမ်းမိုးရင်း
ဘဝဇာတ်ခုံပေါ်မှာ ခုတ်မောင်းနေဆဲ...။


နှင်းသက်ခြွေခဲ့တဲ့ နေ့ရက်တွေကြား
သက္ကရာဇ်တွေ တိုက်စားသွားရင်း
မနိုးကြားသေးတဲ့ စက်ရုပ်နှလုံးသားထဲ
လေ့ကျင့်ခန်းဝင်ရင်း စမ်းသပ်နေတုန်း
နောက်ကားတွေ ကျော်တက်လို့
အခမ်းနားတွေလည်း တက်ရတာများတော့
စိတ္တဇ ဖြစ်တက်လာတဲ့ ဒီနှလုံးသား အနိစ္စရင်ခွင်ကို
ပြန်မေးမိတယ် အခုထိပေါ့....။

Sunday, January 15, 2012

ကျောင်းသား တခေတ်ရဲ့ ခွပ်ဒေါင်းအလံ ပြန်လာပြီ (၁၀၄)

 
ဖြူစင်ရိုးသားတဲ့ စာသင်ကျောင်းက
မွေးဖွားပေးတဲ့ ငါတို့စိတ်ဓာတ်တွေကို
ရိုက်ချိုးပျက်စီးခဲ့လို့ လက်နက်တွေကြား
ကျည်ဆန်တွေကြား လှံတံတွေကြား
ရဲဝံ့စွာ လှုပ်ရှားရင်း အကျဉ်းစံခဲ့ရ
နှစ်ပရိစ္ဆေဒ ကြာညောင်းလာတဲ့
ခုနှစ်သက္ကရာဇ်တွေထဲ ပြည်သူ့မျက်ရည်တွေကို
သုတ်ပေးဖို့ ကြိုးစားနေဆဲ....


အခုတော့ ရွှေဝါရောင်အလံတော်အောက်
မျက်ရည်မိုးတွေ ပြိုကျခဲ့ပြန်ခဲ့ပြီ....
ဒီအတိတ်တွေရဲ့ မျက်ရည်သံသရာကို
ငါတို့ လွတ်လပ်စွာ ရပ်တန့်ဖို့
ငါတို့ ကျောင်းသားဘဝကိုစွန့်လို့
ဘဝကြမ်းပြင် ခွပ်ဒေါင်းအလံစဉ်ရင်း
ရဲဘော်ရဲဘက် သူရဲကောင်းတွေ
သွေးစွန်းမြေခလို့ အသက်ပေါင်းများစွာ
သမိုင်းထဲ သွေးစွန်းလက်နဲ့
ရေးသားခဲ့ဖူးတယ် အခုထိပေါ့..။

ကျောင်းသားတွေကပဲ လွတ်လပ်ရေးကို
နယ်ချဲ့အင်္ဂလိပ်နဲ့ ဂျပန်တို့ထဲက ယူပေးခဲ့တယ်
လွတ်လပ်ရေးသမိုင်းဆိုတာ ကျောင်းသားတွေထဲက
ဆင်းသက်လာတဲ့ ဝေါဟာရတခုပေါ့
အာဏာရှင်ဆီက လွတ်လပ်ရေးဆိုတာ
သမိုင်းမရှိခဲ့ဘူး မော်ကွန်းမဝင်ခဲ့ဘူး..။

လွတ်လပ်ရေးရပြီး ခုနှစ်တွေရေတွက်လို့
နှစ်ဟောင်းလာတဲ့ ရှစ်လေးလုံးထဲ
ကျောင်းသားတွေကို ဖိနှိပ်နေတုန်း
ဆိုရှယ်လစ်လား ပါတီကောင်စီလား
လက်ဝဲလမ်းစဉ်လား လက်ယာလမ်းစဉ်လား
ကွန်မြူနစ်လမ်းစဉ်လား အဖြူအမည်းမကွဲပြားတဲ့
နေ့ရက်တွေထဲ တယောက်ပြုတ် တယောက်တက်နဲ့
မတည်မြဲတဲ့ အနိစ္စ ပုံစံခွက်မှာ အာဏာရှင်ကြီးစိုးခဲ့လို့
တက္ကသိုလ်မှာလည်း စာသံတွေ စိတ်သုဉ်းပျက်စီးခဲ့
ညမထွက်ရဆိုတဲ့ အမိန့်တော်ပြန်တမ်းလွှာထဲ
ငါတို့စိတ်တွေ တုန်လှုပ်နေဆဲ...


ဦးသန့်အရေးတော်ပုံ တက္ကသိုလ်မှာ
ရိုက်ခတ်နေတုန်း အာဏာရှင်က
သူရဲကောင်း အာဇနည်သမိုင်းပျက်စီးဖို့
ရိုက်ချိုးဖို့ လုပ်နေတုန်း ကျောင်းသားကပဲ
သမိုင်းတခု ဆက်လက်ထိန်းသိမ်းခဲ့တယ်..။


သမိုင်းကရှင်းတယ် ပြောရတာလည်း ရှင်းတယ်
သမိုင်းအတွက် မော်ကွန်းဝင်တာ
ကျောင်းသားက စ တယ်...
မျိုးဆက်သစ်ဆိုတာလည်း စာသင်ကျောင်း
တက္ကသိုလ် ကောလိပ်တွေက ထွက်ပေါ်လာတာ
အမှန်တရားပဲ ငါတို့နိုင်ငံ ဖခင် အာဇနည်
ဗိုလ်ချုပ်အောင်ဆန်းကို ကြည့်
တက္ကသိုလ်ကရင် ပြည်သူ့မျက်ရည်တွေ
သုတ်ပေးဖို့အတွက် ဘဝစစ်မြေပြင်ကိုထွက်လို့
အင်္ဂလိပ် ဂျပန်တွေကို မောင်းထုတ်ကာ
လွတ်လပ်ရေးယူခဲ့တာ သမိုင်းဝင်ပေါ့..။

Friday, January 13, 2012

အိုးဝေသံပေး လွတ်လပ်ရေး (၁၀၃)


အကျဉ်းခန်းထဲက အမှောင်ကမ္ဘာကို
ထုချေပျက်စီးဖို့ စိတ်ဓာတ်တို့နဲ့
တည်ဆောက်ပေးခဲ့ မလိုအပ်တဲ့
နှိပ်စက်မှုတွေက ဘဝအတွက်
ခံနိုင်ဖြစ်စေတဲ့ က ဒေါင်းတို့ရဲ့
ခရီးတထောင့် လောကဓံတခုပေါ့...။
 

မတရားမှုတွေ အောက်ခြေအမြစ်ပိုင်းမှာ
တွယ်ကပ်နေတဲ့ သူ ရူးတွေရဲ့ စနစ်အောက်
ဖြူစင်တဲ့ ရေသောက်မြစ်တွေ
အဆိပ်တက်လို့ ဒဏ်ရာတွေ ပြင်းထန်စွာ
ခံစားနစ်နာရင်း နှစ်ပရိစ္ဆေဒတွေ
အနိစ္စရောက်ခဲ့ကြ အမှန်တရားကို
မနိုင်တော့တဲ့ စစ်မက်ရူးသွပ်ခြင်း
သူ့အသိုင်းဝိုင်းက စစ်တုရင်ကစားသလို
အတက်အကျ စစ်မြူးစွယ်ခဲ့လို့
ထိုးကျလာတဲ့ အခင်းအကျင်း
ဗျူဟာနည်းစနစ်တွေက
အလှ ဒေါင်းကလေးတွေအောက်
ကျဆုံးသွားလို့ ပျော်မဆုံးတဲ့
အိုးဝေ အိုးဝေ ဆိုတဲ့ သံစဉ်အောက်
က ဒေါင်းကလေးများ အနိုင်ရခဲ့ပြီ...။ 

ကာရံတွေနဲ့ စည်းတားနှောင်ဖွဲ့ရင်း
လှောင်ချိုင့်တွေလည်း ဖွင့်ဟလာပြီ
ဒဏ်ရာတွေနဲ့ ရုန်းကန်နိုးကြားလာတဲ့
နေရောက်ခြည်အောက် ခွန်အားတွေအပြည့်
အိုးဝေသံပေးတဲ့ က ဒေါင်းကလေးတွေ
အတောင်ပံဖြန့်လို့ လွတ်လပ်ရေး
ကောင်းကင်ကို ပျံသန်းခဲ့ကြတာ
အနာဂတ် မျိုးဆက်သစ် အက ကောင်းစေတဲ့
က ဒေါင်းလေးတွေအတွက်ပါ..။ 

ညီညွတ်ရေးဆို သူ တေးဆိုနေပါရဲ့
အာဏာရှင်စနစ် ပျက်သိမ်းရေးဆို
က ဒေါင်းတွေ သွေးစီးပါစေတဲ့
ငြိမ်းချမ်းရေးဆို သူ အက ပိုခဲ့
လွတ်လပ်ရေးဆို အိုးဝေ အိုးဝေ လို့
တွန်ကျူးရင်းနဲ့ ဘဝကျောင်းမှာ
ဇရာအိုထောင်းပါစေ က ဒေါင်းတို့
ဘဝ မညောင်းသော အတောင်နှစ်ဖက်နဲ့
ဖြန့်ကျက်လို့ တောင်းဆိုနေမယ် လွတ်လပ်ရေး...။ 

Thursday, January 12, 2012

ဖြေစရာ ခြေရာ ဝေဒနာ (၁၀၂)


ဝေလွင့်ခြင်း ကောင်းကင်ယံမှာ

ပျံသန်းလာတဲ့ အရိပ်မဲ့ခြေရာတွေက


သက်တမ်းကုန်သွားတဲ့ ငါ့ဘဝထဲ


မျှော်လင့်ချက်တခုနဲ့ ရှင်သန်ရင်း


ရွေးချယ်မှုတခုကို ခံစစ်တခုအဖြစ်


တွယ်တာတပ်မက်လို့ အရှုံးအချစ်စိတ်တို့


မွေးဖွားနေဆဲ မျှော်လင့်နေဆဲ......


ဒါပေမဲ့....


ရင်ခွင်ဝေးသွားဖူးတဲ့ ဆယ်နှစ်တာကာလကို


သင်္ချာတစ်ပုဒ်နဲ့ မြှောက်စားတွက်ချက်ရင်း


ပိုင်ဆိုင်စည်းဇိမ်တွေကို အချိုသက်လို့


ဒဏ်ရာတွေကို ကုစားနေဆဲ....


ပွင့်ဟချက်တွေနဲ့ အတွေးအိမ်မှာ


ဖောက်ထုတ်လို့ ကြီးကျယ်ခမ်းနားတဲ့


စိတ်ကူးယဉ် အချစ်အိမ်ကို


တည်ဆောက်နေရင်း ကုန်ကျစရိတ်


အချို့တဝက်ကို နှလုံးသာမြို့တော်မှာ


ပေးဆပ် ရောင်းဝယ်ရင်း အနာတရ ရခဲ့တဲ့


ပတ်ဝန်ကျင် အသည်းတစိတ်ကို


ကုစားနေတုန်း နာကျင်နေတုန်း..


ဝေဒနာဟာ နွေကမ္ဘာလို


ပူလောင်ခြောက်သွေ့စွာ ဆာလောင်မွတ်သိမ့်လို့


ငိုကြွေးနေဆဲ ကြေကွဲနေဆဲ.....။

Tuesday, January 10, 2012

ကံကြမ္မာ ဆေးလိပ်တို (၁၀၁)


အတွေးခေါ်ရဲ့ ရင်ခွင်ထဲမှာ
ငေးငိုက်နေတဲ့ ငါအတွက်တော့
ကော်ဖီတစ်ခွက်နဲ့ အသက်ဝင်ရင်း
ရှိုက်ငင်မိတဲ့ ဆေးလိပ်အငွေ့သက်တွေက
လည်တိုင်ကို ထိရှ တိုက်ခိုက်လို့
ချောင်းဟန့်သံတချက် လေလှိုင်းတွေထဲ
လမ်းကူးဖြတ်သွားတော့ သမင်လည်ပြန်
မျက်လုံးတစိတ်ကို ကြည့်မိသွားလို့
လေဟာနယ်ထဲက နှလုံးအိမ်မှ
မီးစက်နိုးသံ ပတ်ဝန်ကျင်မှာ
ကြားလိုက်ရတယ် အချစ်အဆိပ်တက်လို့...။

မီးလောင်နေတဲ့ အငွေ့အသက်တွေကြား
ရှိုက်ငင်အားကောင်းလို့ ဂတ်(စ်)ငွေ့တွေ ထင်ကျန်သွားခဲ့
မမြင်ရတဲ့ အမှိုက်စတွေထဲ
ယစ်မူးရင်းနဲ့ အတွေးအိမ်ကို နယ်ချဲ့ခဲ့
တွေဝေနေတဲ့ အိပ်ယာပြင်ထက်က
ကြံဖန် စိတ္တဇတွေနဲ့ မထင်ရာ ဝိုးတဝါး
စိတ်ကူးတွေထဲ မီးများစွာနဲ့ ပြာကျနေဆဲ....။

ရှိုက်ငင်တိုင်း အငွေ့အသက်တွေနဲ့
လဲပြိုပြာကျရင်း မီးလောင်ပြင်မှာ
ဝေဒနာ ကကြိုးစဉ် စင်တင်တေးဆို
ညည်းညူးရင်းနဲ့ အတွေးတွေလည်း
တုန်ရီမောဟိုက်လို့ ခေါင်း ခြောက်နေတုန်း
ကျကျန်ခဲ့တဲ့ ပြာကလေးတွေက
လေလွင့်ပျောက်ကွယ် ပျက်စီးခဲ့ပြီလေ...။

ဒါပေမဲ့...
မသောက်ဖူးခဲ့တဲ့ ကော်ဖီတခွက်ရယ်
မရှိုက်ဖူးသေးတဲ့ ဆေးလိပ်တိုရယ်
မချစ်ဖူးသေးတဲ့ အချစ်ဦးရယ်
မခံစားဖူးသေးတဲ့ နှလုံးသားရယ်
တဖန် မနေဖူးသေးတဲ့ သန္ဓေရယ်
လက်ချိုးရေတွက်လို့ အတိတ်မှာ အိပ်ပျော်ရင်း
ဝေဒနာ ဆေးတခွက်နဲ့ အနာဂတ်ကို ရှေ့ဆက်လို့
ပစ္စုပ္ပန် တနေ့မှာ တွေ့ကြုံရအုန်းမယ်လေ...။ 

Sunday, January 8, 2012

မြခွာညိုရဲ့ လပြာသိုလ် အမေနေ့ (၁၀၀)


ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့
ဘဝနိယာမကို ရှေ့ရှုရင်းနဲ့
နောက်မပြန်တမ်း လျှောက်လှမ်းရင်း
ဝန်ထုပ်ဝန်ပိုးတွေ မနိုင်ဝန်ထမ်းလို့
ခရီးဆက်ခဲ့ မနက်နဲ့ည နေနဲ့လ
အကူပြုခဲ့ရတဲ့ လောကဇာတ်ခုံထဲ
မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာတွေနဲ့ အံတုလို့
အေးစက်နေတဲ့ အပြင်လောကကို
စိန်ခေါ် မောင်းထုတ် တိုက်ခိုက်ရင်း
အနွေးထွေးဆုံး ရင်ခွင်မှာ ထားခဲ့ပေးသူ...။

အကွေ့အပတ်များလွန်းတဲ့ တောင်တက်လမ်းတွေမှာ
ပင်ပန်းမောဟိုက် နွမ်းလျနေတုန်း
ပူလောင်အိုက်စက်တဲ့ လေပူလေပြင်းတွေ
အပြင်မှာရိုက်ခတ် အသက်ရှုသံတွေတောင်
မှားယွင်းတော့မည့် ဘဝတဆစ်ချိုးထဲ
ရှုပ်ပွေနေတဲ့ ဇစ်မြစ်လောကဓံကို
ယှဉ်ပြိုင်ကာ စိန်ခေါ်အံတုရင်း
မရပ်တန့်သေးတဲ့ ခြေလှမ်းတွေနဲ့
ဆက်လျှောက်လှမ်းခဲ့ နယ်နိမိတ်မှားတဲ့
သောကနိမိတ်ရဲ့ နေလောင်ပြင်ထဲ
သီတာရေစဉ်တပေါက် သွန်းလောင်လို့
ထာဝရမေတ္တာ အနွေးဓာတ်ပေးခဲ့သူ...။

ထောင်ချောင်တွေ ဝိုင်းရံနေတဲ့
လောကလူ့ဘုံရွာထဲ ကြီးနိုင် ငယ်ညှင်း
သောကခြင်း ဖလှယ်ကြရင်း
ဝေဒနာခြင်းလည်း မတူညီခဲ့
အသက်ရှုခြင်းမတူညီခဲ့တဲ့ အသိုင်းဝိုင်းတွင်း
ရှိုက်ငင်တချက်နဲ့ မာယာအကွေ့အပတ်ကို
ကျူးကျော်ဝင်ရောက်မိခဲ့ ငြီးငြူသံတွေ
ဝေဟင်တိုက်ခိုက်ရင်း လေလှိုင်းထဲမှာတောင်
အဆိပ်တွေသင့်လို့ နှလုံးသားထဲစီးဝင်ခဲ့
မမြင်ရတဲ့ တိုက်ခိုက်မှု သံယောဇဉ်က
ဘဝဂ်မှာ ဆူညံရင်း ပလ္လင်လုသလိုဖြစ်ခဲ့မိ
ဒါပေမဲ့...
သံသေ အသားကောင်းတဲ့
ဓားကောင်းတစ်လက်အတွက်
လောကဓံမီးဖိုမှာ အထုအထောင်းခံဖို့
နည်းလမ်းတွေ သင်ကြားပေးခဲ့လို့
နည်းကောင်းအမှန် စိတ်ဓာတ်မှန်
သားကောင်းတမန် ဇွဲအားသန်တဲ့
ဓားကောင်းတစ်လက် ထုဆစ် ထုတ်ခဲ့ပေးသူ...။

Saturday, January 7, 2012

ဗြဟ္မစိုရ် ရင်ခွင်နန်း (အမေနေ့ကို ဂုဏ်ပြုပါသည်)(၉၉)


လောကဝတ်ဆံထဲ အလှမပျက်တဲ့
အပြုံးတွေနဲ့ မေတ္တာရောင်စဉ်သန်းလို့
အမေ့...ဝမ်းတွင်းက သန္ဓေသားကို
ဘဝနဲ့ရင်းလို့ နှလုံးသားနဲ့ရင်းလို့
အသက်နဲ့ရင်းလို့ စောင့်ရှောက်ခဲ့
နေ့လတွေ ပြည့်လာတဲ့
ခုနှစ်တွေအောက်မှာ ဇောချွေးတွေနဲ့
လူးလိမ့်နေရင်း အမောစို့နေတဲ့အောက်
အသက်ပင် ပဓာနမထား သားသမီးချစ်စိတ်ကို
ရှေ့တန်းတင်လို့ သားလားမသိ သမီးလားမသိတဲ့
တို့..အမေက.. ငါတို့ကို မွေးဖွေးပေးခဲ့
မေတ္တာတရားတွေ တိုင်းတာမရတဲ့
ချစ်ခြင်းကရုဏာ ဗြဟ္မစိုရ်လေးပါးတွေက
မြင့်မိုရ်နဲ့ နှိုင်းဆလို့ မရခဲ့
ငါတို့အတွက်တော့ အနှိုင်းမဲ့ လောကဥပမာပေါ့....။

ဘဝတခုကို ခြေချင်းတတ်လို့
မညီညာတဲ့ အနှိုင်းမဲ့သံစဉ်တွေနဲ့
တောလားတစ်ပုဒ်ကို တေးဆိုဟစ်ကြွေးရင်း
ရင်ခွင်ပိုက်ထားတဲ့ လူမမယ်သားလေးကို
အချော့သိမ့်လို့ အိပ်ဆေးတစ်ခွက်လို
နို့ချိုတိုက်ကျွေးခဲ့ မရေတွက်နိုင်တဲ့
နှစ်သိမ့်မှုတွေနဲ့ အိပ်စက်ရင်း
လောကဥယျာဉ်ထဲ အမေလွှဲတဲ့လက်နဲ့
ပျော်မွေ့ခဲ့တာ ငါတို့စကားပြောတက်တဲ့အထိပေါ့..။

နုံချာလှတဲ့ ချို့တဲ့လှတဲ့
ဘဝဝန်းကျင်ထဲ ချွေးစီးတွေပြန်နေရင်း
နပ်မမှန်တဲ့ ထမင်းတနပ်နဲ့
အသက်ဆက်လက် ရှင်သန်မွေးဖွား
ခွန်အားတွေ မတွန့်ဆုတ်စေတဲ့
တိုက်တွန်းမှုတွေနဲ့ စာသင်ကျောင်းကိုတက်ခဲ့ရင်း
အသိပညာ အတက်ပညာတွေနဲ့
အတန်းတွေရောက်ခဲ့လို့ ဘွဲ့တွေရရှိခဲ့ပြီပေါ့....။

ဘွဲ့ရပြီးစ ငါတို့ဘဝတွေထဲ
အလုပ်အကိုင်ဆိုတဲ့ ဘဝကျောင်းကိုတက်ဖို့
လမ်းစရှာဖွေနေဆဲ မညီမျှတဲ့
ဘဝကျောင်းထဲက ဝန်းကျင်မှာလည်း ရိုက်ခတ်
ငါတို့ဆီလည်း ရိုက်ခတ်လို့
မျှော်လင့်ချက်မဲ့နေဆဲ....
အမေဟာ...
ပုဝါတစ်ထည်ကို ပုခုံးနှစ်ဖက်ပေါ်တင်လို့
ငါတို့အတွက် အလုပ်အကိုင် ရှာဖွေရင်း
ပင်ပန်းမှုတွေကို သားစိတ် သမီးစိတ်နဲ့
ဆေးလိပ်ပြာကို ခါချလို့
မမောမပန်းသော မေတ္တာအပြုံးတွေနဲ့
သူဋ္ဌေးထံဒူးတုပ် မျက်ရည်စက်ကို
အဖော်ပြုရင့်း အလုပ်ရှာပေးခဲ့လို့
မမြင်နိုင်သေးတဲ့ ငါတို့အနာဂတ်တွေ
အခုတော့ လှပစေခဲ့တယ်...လေ..။

အလုပ်ကိုင် အဆင်ပြေလာတဲ့
ရာထူးဂုဏ်နဲ့ စည်းစိမ်တွေကြား
အပျော်အပါး လိုက်စားရင်း
(ကျား ဘက်လိုက်တော့ ကြိုက်ဘက်ပါခဲ့ရင်း)
(မ) ဘက်လိုက်လို့ မိုက်ဘက်ပါခဲ့ရင်း
တခါတရံ လစာလည်း ပျက်
ထမင်းလည်း ငတ်ခဲ့
နပ်မမှန် စည်းပျက်ကမ်းပျက်တဲ့
ငါတို့ဘဝတွေထဲ ထိန်းသိမ်းမှုပျောက်ဆုံးအခါ
အမေဟာ...
အနှိုင်းမဲ့ လက်တွေနဲ့ အမှားလမ်းပေါ်မှ ဆွဲခေါ်
လမ်းကြောင်းပြောင်းလို့ မူအသစ်တခုနဲ့
နည်းလမ်းတွေပေးရင်း တိုးတက်စေခဲ့တယ်..လေ..။

Thursday, January 5, 2012

ကာလာဖျက်တဲ့ ရောင်စဉ်များ (၉၈)


မနက်ဖြန် အလင်းရောင်ဟာ
ငါတို့ ဘဝတွေကို စိန်ခေါ်ပေးတဲ့
အားဆေးတစ်မျိုးနဲ့ ခွန်အားတိုးစေခဲ့ပါရဲ့
ရင့်ကျက်မှုက ခွာနာလျှာနာဖြစ်လို့
ဝေဒနာဆေးခန်းလည်း အကြိမ်ကြိမ်ရောက်ခဲ့ပါရဲ့
ဒဏ်ရာတွေသာ အထင်ကရနဲ့
အခုထိတော့ နာကျင်ကိုက်ခဲနေဆဲ....။

ကုန်ဆုံးလာတဲ့ နေဝင်ဆည်းဆာတွေလည်း
အကြိမ်ကြိမ်အခါခါ ရေတွက်မရခဲ့
နှစ်လသက္ကရာဇ်တွေသာ အကြိမ်ကြိမ်ပြောင်းလွဲ
ကမ္ဘာမှာ မလိုအပ်တဲ့ စစ်မက်ခြင်းတွေက
လူမဆန် ကလေးတွေကိုလည်း သတ်ဖြတ်
မာန်မာန မီးအဟုန်တွေနဲ့ တိုက်ခိုက်ခဲ့လို့
အဖြူရောင်ကောင်းကင်တွေလည်း
အရောင်တွေ ပြောင်းလွဲခဲ့ပြီ...။

ပန်းတိုင်မဟုတ်တဲ့ အနိုင်လိုချင်ခြင်းက
အရှုံးဘက်ကို ဦးတည်ရင်း
လွတ်လပ်မှုတွေ ပျောက်ဆုံးခဲ့
နေ့ ပြော အနောက်ကြည့်
ည ပြော အောက်ကြည့်
ချောင်းကြည့်နေတဲ့ ငတက်ပြားက
ဝရမ်းထုတ်လို့ ဥပဒေပြုရင်း
ပလ္လင်ပေါ်က မျောက်ကလေး
ဂျက်အေးကို သူ့အမေရိုက်သလိုဖြစ်ခဲ့
အခုတော့ မတန်တရာ မာန်ပါပါနဲ့
တရားစီရင်ရင်း မျက်ရည်စက်နဲ့
မျက်နှာချိုသွေး မရှိမဲ့ ငွေတွေလည်း အပ်ခဲ့ရလို့
ဆင်းရဲတွင်းလည်း နက်သထက် နက်ခဲ့ရပြီ...။

ဆင်းရဲလို့ အလုပ်ရှာ ခရီးထွက်ခဲ့
မြို့တစ်မြို့ ဂိတ်တစ်ဂိတ် ရောက်တိုင်း
ငွေကြေးတွေ ဒဏ်တတ်သွား
ဆယ်ဂိတ်ကျော်တော့ ရိက္ခာလည်းပျက်
အားလည်းပျက်လို့ ဝေဒနာတွေ နှိပ်စက်
ရေတစ်ခွက်နဲ့ အသက်ဆက်လို့
ရှင်သန်နေရင်း အလုပ်ရခဲ့
သစ္စာရှိရှိ လုပ်ကိုင်ကြိုးစားရင်း
နှစ်ပရိစ္ဆေဒ ပြိုချလို့
အမိရွာ ပြန်လာခိုက်
ပြန်ဆုံခဲ့ပြန်ပြီ ဂိတ်ကြေးဒဏ်ကြေး
ငွေကြေး မက်လုံးပေးလို့
ပြန်ရောက်လာတော့ အလုပ်အားခလည်း ပျက်
စိတ်ဓာတ်လည်း ပျက် အကုန်လုံး ပျက်စီးခဲ့ပြန်ပြီ..။

Tuesday, January 3, 2012

ဥဒ္ဓစ္စ မိုးတိမ် (၉၇)


အဝေးမှာ ကျနော်ကို ထားခဲ့ပါ
လေးညှင်းလေးတွေကတော့
ပန်းတစ်ပွင့်ရဲ့ ရနံ့တွေကို
သယ်ဆောင်သွားလို့ ကျန်ရစ်နေတဲ့
ဘူတာရုံလေးကို ငေးကြည့်ရတော့မည့်
အနာဂတ်တွေ မလင်းလက်ခဲ့ဘူး
ဆေးမသောက်တဲ့ လူနာတယောက်လို့
ဝေဒနာတွေကို ကြိတ်မှိတ်ခံစားနေဆဲ...။

ဒီသံစဉ်တေးသွားလေး တစ်ပုဒ်နဲ့ငြီးတွားရင်း
လက်ဖွဲ့အပ်နှင်းခဲ့လို့ အနိုင်ယူခဲ့တာမဟုတ်
မြက်မစားတက်တဲ့ နွားတကောင်လို
ငြီးတွားနေမိရင်း ဥဒ္ဓစ္စနဲ့သွေးလန့်ခဲ့
ဂနာမငြိမ်တဲ့ စိတ္တဇရင်ခွင်ထဲ
ငှက်ဖျားတက်လို့ ရင်ခုန်နေဆဲ...။

ကွေထားတဲ့ လက် ဆုပ်ထားတဲ့ လက်နဲ့
ကြိုးဝိုင်းပေါ်မှာ တိုက်ခိုက်ရင်း
ကျိန်စာသင့်တဲ့ တစ္ဆေတကောင်က
ဖမ်းစားသွားခဲ့ ကဝေရှင်တောင်
ကုစားခက်နေတဲ့ အကျဉ်းထဲ
အတောင်ကျိုးကျလို့ နာကျင်နေဆဲ..။

မမြင်ရတဲ့ အသိုက်အမြုံထဲ
လေထုနဲ့ ဘဝငြိကပ်လို့
ကလေးဘဝ စာမျက်နှာဟောင်းကို
ပြန်လှန်နေရင်း ဖြူစင်ရိုးသားခြင်းရဲ့
နောက်ကျောကို ဓားထိုးခံလိုက်ရ
ဓားစားခံဖြစ်ရတဲ့ မီးလောင်ပြင်ထဲ
ဓာတ်ကင်ဆေးစစ်ရင်း ဝေဒနာတွေနှိပ်စက်ခဲ့
နေဝင်ဆည်းဆာ ပျောက်တော့မည့်
နေ့ရက်တွေထဲ အဆိပ်တစ်ခွက်ကို
ဆေးအဖြစ် သောက်လိုက်ချင်ရဲ့...။ 

ရိုးသားခြင်းရဲ့ ဂုဏ်မြင့်မိုရ် (၉၆)

သူ....စာပေသမိုင်းအကြောင်း မသိဘူး
ကမ္ဘာ့သမိုင်းအကြောင်း မသိဘူး
လူ့သမိုင်းအကြောင်း မသိဘူး
အာဖဂန်မှာ စစ်ဖြစ်တာ မသိဘူး
ဆိုမားရီးယားစစ်သမိုင်း မသိဘူး
အမေရိကန်စစ်သမိုင်း မသိဘူး
ပြင်သစ်စစ်သမိုင်း မသိဘူး
ဂျာမနီသမိုင်း မသိဘူး
ကောင်းကင်ကြီးသမိုင်း မသိဘူး
သူ့သားတွေ ပညာတက်တာ မသိဘူး
သူ့သမီးတွေ ပညာတက်တာ မသိဘူး
သူ.....ဆူစရာရှိရင် ဆူမယ်
သူ...ပြောစရာရှိရင် ပြောမယ်
သူ...ရိုက်စရာရှိရင် ရိုက်မယ်
သူ့...ပတ်ဝန်းကျင် ငိုနေတာ မသိဘူး
သူ့....အသိုင်းဝိုင်း ငိုနေတာ မသိဘူး
နေဝင်မိုးချုပ် တကုတ်ကုတ်နဲ့
သူ့.....သားသမီးတွေ
သူ့....မိသားစုအတွက်
အလုပ်လုပ်ရင်း သူ့ အသက်လည်း ကြီးခဲ့ပြီ
ဘုရား၊ တရား၊ သံဃာ
ရတနာသုံးပါး ရင်ဝယ်ထားလို့
ဘုရားဟော တရားကို ကျင့်သုံးမယ်
အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်
ဒါတွေဟာ အမေတို့၏ ရိုးသားခြင်းဂုဏ်။  ။

မျက်မှောက်ခေတ်နှင့် ဗုဒ္ဓဘာသာ (၉၅)

ယနေ့ခေတ်သစ်ကမ္ဘာကြီးတွင် (Modern world) တိုးတက်မှုအတိုင်းတာအားဖြင့် ကြည့်မည်ဆို လျှင် လွန်စွာတိုးတက်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့တိုးတက်လာခြင်းသည် ကောင်းသော တိုးတက်ခြင်းဟု ဆိုလျှင်လည်းဖြစ်နိုင်သလို မကောင်းသောတိုးတက်ခြင်းဟုလည်း ဆိုနိုင်မည်သာဖြစ် သည်။ မည်သို့နည်းဟု စဉ်းစားတွေးတောဖွယ်ရာ ရှိနိုင်ပါသည်။ အကြောင်းမှာ (Well development) ကောင်းသော တိုးတက်ခြင်းများသည် လူသားတို့ မိမိတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ကြရသော (Material things) ပစ္စည်းဥစ္စာများ၊ မိမိတို့ နှစ်သက်သော အရာဝတ္ထုများကို မိမိနှစ်သက်သလို သုံးစွဲနိုင် ခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် မိမိတို့သည် ခေတ်ရေစီးကြောင်းအရ (Science age) သိပ္ပံခေတ်ကြီး ဖြစ်သည်အပြင် လက်နက် စက်ကရိယာ တန်ဆာပလာများ ကိုယ်တိုင်တီထွင်ခြင်း၊ မိမိတို့ကိုယ်တိုင် (From country to another) တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလွယ်တကူ သွားလာနိုင်ခြင်း၊ မိမိတို့သင်ကြားအပ်သော အတက် ပညာ များကို လေ့လာနိုင်ခြင်း၊ မိမိတို့ကိုယ်တိုင် လွယ်ကူစွာ (Communication) ဆက်သွယ်ရေး လုပ်ငန်း များ လုပ်ကိုင်နိုင်ခြင်း၊ မိမိတို့ ကိုယ်ပိုင်တက်သိသော အတက်ပညာများကို (Linking) ချိတ်ဆက်နိုင်ခြင်း၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ (Education) ပညာရေး၊ (Political item) နိုင်ငံရေး စသည်တို့ကို ဘာသာမခြား သင်ယူနိုင်ခြင်းတို့ ဖြစ်ပါသည်။ဆက်ဖတ်ပါရန်
ဟိုလွန်ခဲ့သော ခေတ်များက လူသားတို့သည် ဤကဲ့သို့သော (Arts) အတက်ပညာ၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ စသည်တို့ကို သိနိုင်ဖို့ရန် အလွန်ပင်ခဲယဉ်းလှသည်။ မည်သို့ဆိုသော် ယနေ့ခေတ်နဲ့ ဟိုအရင်ခေတ်များသည် လွန်စွာကွာခြားခဲ့လေသည်။ ဥပမာ မောင်ညိုတို့ရွာကို မောင်ဖြူ မသိသလို သူစိမ်းဝင်ရန်လည်း ခက်ခဲလှသည်။ မောင်ညိုတို့ရွာသည် သူတို့အတွက် အကောင်းဆုံး ပြည်ကလေး တစ်ခုလို့ထင်၍ မောင်ညိုတို့က သူတို့ရွာကို သူစိမ်းဝင်လျှင် သူခိုးဝင်သည်ဟု ထင်၍ ဝိုင်းရိုက် သလိုမျိုးလည်း ဖြစ်ခဲ့သည့် ခေတ်လည်း ရှိသည့်အတွက် ယနေ့ခေတ်သည် လွန်စွာတိုးတက်သည်ဟု ဆိုရမည် ပင်ဖြစ်သည်။
ထို့အပြင် ခေတ်ကာလသည် ကြာညောင်းလေ တိုးတက်မှုက မြန်ဆန်လာလေပင်ဖြစ်သည်။ ခေတ် ကာလသည်လည်း ပုံမှန်အားဖြင့် စီးနေသော ရေစီးကြောင်းလေးပမာပင် ဖြစ်ပြန်သည်။ ရေစီးကြောင်းလေး နဲ့တူသော ယနေ့ခေတ်ကာလတွင် တိုးတက်ခြင်းကလည်း ဓာတ်ဆီမီးတို့သလို ဝုန်းကနဲ့ တိုးတက်လာခြင်း ဖြစ်သလို တဖြေးဖြေးနဲ့ လောင်ကျွမ်းလာသော ဖွဲမီးပမာလိုလည်း တိုးတက်လာသည်ကိုလည်း မျက်ဝါးထင် ထင် တွေ့ရှိရသည်။ ထိုသို့တိုးတက်လာခြင်းသည် အကောင်းဖြစ် တိုးတက်ခြင်းရှိသလို အဆိုးဖြစ် တိုးတက်ခြင်းလည်းရှိပြန်သည်။ အကောင်းဖြစ်တိုးတက်လာခြင်းသည် (Good environment) ပတ်ဝန်း ကျင် အသိုင်းဝိုင်းကောင်းခြင်း၊ (Good association) လူမူရေးကောင်းခြင်း၊ (Well economy) စီးပွားရေး ကောင်းမွန်ခြင်း၊ (Well education) ပညာရေးကောင်းမွန်ခြင်းစသည် အရေးများစွာတို့ဖြင့် တည်ရှိနေ သည်။
ထို့နောက် စည်းကမ်းကောင်းမွန်သည့် ဝိနယဖြင့် တည်ဆောက်ခြင်း၊ ပညာကောင်းမွန်သည့် နည်း လမ်းဖြင့် တည်ဆောက်ခြင်း၊ စိတ်ဓာတ်ကောင်းမွန်သည့် သီလဖြင့် တည်ဆောက်ခြင်း စသည်တို့လည်း ရှိကြသည်။ လူသားသည် လူ့ပတ်ဝန်းကျင်၌ ကျင်လည်ရသော အသိုင်းဝိုင်းဝန်းကျင် တစ်ခုဖြစ်သည်။ ထို့သို့ အသိုင်းဝိုင်း ဝန်းကျင်နဲ့ နေထိုင်ရသဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတို့သည် မရှိမဖြစ် လိုအပ်သော အကျင့်စည်ကမ်း ပညာတွေပင် ဖြစ်သည်။ ထိုကြောင့် မိမိတို့ အသိုင်းဝိုင်း ဝန်းကျင်သည် မည်သို့သော အကြောင်းကြောင့် ကောင်းသည်ပင်ဆိုပါစေအုန်း မိမိကိုယ်တိုင်တွင် မှားယွင်းမှုများစွာ ရှိသောအခါ ကောင်း စွာတိုးတက်ခြင်းဟု ခေါ်မည်မဟုတ်နိုင်ပါ။ သို့သော် မိမိကိုယ်တိုင်က ကောင်းမွန်စွာ တိုးတက်လာ၍ မိမိ ပတ်ဝန်းကျင်ကိုက မကောင်းသော အသိုင်းဝိုင်းဖြင့် အကျည်းတန် ရုပ်ဆိုးနေမည် ဆိုလျှင် တိုးတက်သည်ဟု မဆိုနိုင်ပါ။
ထို့နည်းအတူ မိမိတို့နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်တွင် ကောင်းမွန်သော အကျင့် စိတ်ဓာတ် စည်းကမ်း ပညာ မရှိလျှင် မည်သို့ ကောင်းမွန်စွာ တိုးတက်မည်နည်း။ အကယ်၍သာ မိမိကိုယ်တိုင်နှင့် မိမိ ပတ်ဝန်းကျင်မှာ အကျင့်အာစာရ စိတ်ဓာတ် စည်းကမ်း ပညာတွေ ကောင်းမွန်စွာ တည်ရှိလျှင် မိမိကိုယ်တိုင် လည်း တိုးတက်၍ ပတ်ဝန်းကျင်လည်း ပြောဖို့ရန် မလိုအောင် တိုးတက်ကြမည် ဖြစ်သည်။ ခေတ်ကြောင့် သူ့ အလိုလို တိုးတက်လာကြသည်ဆိုတာ မရှိပေ။ သို့သော်လည်း မိမိတို့ကိုယ်တိုင် ဖန်တီး၍ ခေတ်က တိုး တက်လာခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့စွမ်းနိုင်သော ကျေးရွာ ဒေသ မြို့ရွာ ပြည်နယ် တိုင်း ခရိုင် နိုင်ငံကို ကိုယ်ပိုင်စွမ်းရည်အပြည့် သိနိုင်သလောက် တက်နိုင်သလောက် အတက်ပညာတို့ဖြင့် အကောင်းဆုံးဖြစ်နိုင်အောင် ပြုလုပ်နိုင်ဖို့ရန် လိုအပ်ပါသည်။ ထို့အပြင် လူသားတိုင်းသည် ကောင်းမွန်သော လိုအပ်ချက်တိုင်းကို တန်ဘိုးရှိသော နေရာတိုင်းမှာ အသုံးပြုနိုင်ဖို့ရန်လည်း မရှိမဖြစ် လိုအပ်ပါသည်။
အချို့က ဤကဲ့သို့ မဟုတ်ပါပဲလျက် မိမိလိုရာကို စွဲဆောင်မှုကြောင့် အစွန်းတစ်ဖတ်သို့ ရောက်သွား ကြသည်ကိုလည်း တွေ့ရှိရပါသည်။ အကြောင်းမှာ ပင်ကိုယ်တိုးတက်မြဲဖြစ်သော အရာဝတ္ထုများကို မလိုအပ် ပဲလျက် ဒီနေရာမှ ဟိုနေရာသို့ ပြောင်းဆွေ့ခြင်း စသည်တို့ကြောင့်လည်းဖြစ်သည်။ အချို့က မိမိတို့လိုရာကို မလုပ်ဆောင်ပဲလျက် ပင်ကိုယ်ရှိမြဲဖြစ်သော တိုးတက်မှုကို မည့်သို့တိုးတက်အောင် ထက်လုပ်ဆောင်လျှင် ကောင်းမည်နည်းဟု တိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ခေတ်ရေစီးကြောင်းက သူ့လိုလို စီးဆင်းနေသည်ကို မည်သို့သော ပုဂ္ဂိုလ်မဆို သိရှိနိုင်သည်။ ထိုခေတ်ကာလသည်လည်း အတက် အကျရှိ သော (Up and Down) ဒီလှိုင်းလိုပင် ဖြစ်သည်။

Monday, January 2, 2012

ဇန်နဝါရီ လှောင်ချိုင့် (၉၄)


ဂုဏ်သရေရှိ အမိန့်ပြန်တမ်းလွှာရဲ့
လေ့ကျင့်ခန်း စာမျက်နှာတစ်ရွက်ဟာ
လေလှိုင်းတွေ ပြန့်လွင့်သွားခဲ့
ဥတုသုံးပါးရဲ့ ဒဏ်ရာတွေနဲ့
အသိုက်မြုံ ပျက်စီးသလိုဖြစ်ခဲ့တဲ့
ဥပဒေသနိယာမတွေကြား နှောင်ကြိုးတွေနဲ့
ကာရံဖွဲ့စည်းထား အလင်းရောင်မရတဲ့
နံရံတွေထဲ အနံ့ရလိုက်တဲ့
မီးမြိုက်မှုတွေက ကောင်းကင်ကြယ်တွေကို
ဖုံးကွယ်ခဲ့ အဲဒါတွေကအမှန်တရားရဲ့
ထုတ်ပြန်ချက်တွေလား....။

ယုံကြည်မှုကို နှစ်သက်ချိုမြိန်စွာ
သောက်သုံးနေဆဲ ဝိုင်မပါတဲ့
ရေကြည်အိုင်က ရေစက်တွေသာ
လှောင်ချိုင့်တွေနဲ့အတူ ပြောင်းလွဲခဲ့
မနှစ်သက်တဲ့ အနံ့တွေက
လေလှိုင်းပေါ်မှာ ပြန့်လွင့်ရင်း
မနက်ဖြန် လွတ်မြောက်မှုက
ဘယ်လိုဘယ်လို ယုံကြည်ရမလဲ...။

သက်သေမခိုင်တဲ့ စာတော်ပြန်စော်ကဲက
မြန်မာစာအဓိကနဲ့ ဆင့်ကဲထုတ်လို့
စာပုလွေကို ထမ်းပိုးလို့ တိုင်ပတ်ခဲ့ရင်း
ဆောင်းဦးလေရူးတွေနဲ့အတူ အဖော်ကျူးလို့
တေးဆိုနေပါရဲ့ ကောင်းလိုက်တဲ့တေးသွား
လေလှိုင်းပေါ်မှာ ညစ်ညူးသွားခဲ့တယ်...။ 

Sunday, January 1, 2012

လေလွင့်ယစ်မူးခြင်း မိုးတိမ် (၉၃)


နေလောင်ဒဏ်ကြောင့်လည်း ပျက်
မိုးကြောင့်လည်း ပျက်
ပိုးကြောင့်လည်း ပျက်
လေကြောင့်လည်း ပျက်
ရာသီဥတုကြောင့်လည်း ပျက်လို့ မြေခ
ကြွေနွမ်းရတဲ့ ကုဋေကုဋာ ပန်းကလေးတွေလည်း များခဲ့ပြီ...။

အချိန်ကာလတွေ တိုက်စားသွားတဲ့
နာရီလက်တံတွေကြား မညီညာ
ခရီသွားရင်း တခါတရံ
အပျော်လွန်ခဲ့တဲ့ စက္ကူစွန်တွေလည်း
ကြွေကျ ပျက်စီးခဲ့
ကြယ်တွေလည်း ကြွေကျခဲ့သလို
ပင်ယံက ပန်းကလေးတွေလည်း
မြေခ ကြွေကျရပြန်တယ်..။

ဖူးငုံစမို့ အရွယ်မရောက်သေးလို့
အထင်တော့ မသေးလိုက်နဲ့အုန်း
ဒဏ်ရာတွေ ကိုယ်စီကိုယ်စီတော့
လေလောင်လွင်ပြင်က ရိုက်ခက်ခြင်းတွေနဲ့
နေလောင်ရင်ခွင်မှာ ရနံ့သင်းတဲ့
ပန်းကလေးတစ်ပွင့် ဖြစ်ပါစေအုန်း
မသေချာတဲ့ ရင်ခွင်မှာ အိပ်စက်ရအုန်းမယ်.....။

မွေးဖွားပြီမှ ဒဏ်ရာအနာတရနဲ့
ဝေဒနာကွာဟနေလဲ အသက်ရှုတာခြင်း
မကွာဟတဲ့ ဝင်သက်ထွက်သက်ထဲ
သမုဒယ နှောင်ကြိုးတွေဆွဲလို့
အချစ်သောကနိမိတ်တွေနဲ့
နှလုံးသားအရိပ်အောက်
ခိုဝင်နားစက် အိပ်ပျော်ဖို့လည်း
မရည်ရွယ်ခဲ့ မသေချာခဲ့တာ
အခုတော့...........။

လျှာပေါ်မှာ စိတ်လွင့်ယစ်မူးရင်း
အရသာတွေက အဆိပ်သင့်ခဲ့
ပျော်စရာဘုံမရှိတဲ့ အခန်းကျဉ်းထဲ
ကြည်နူးမှုနဲ့ မှေးစက်အိပ်ပျော်ရင်း
ဒဏ်ရာတွေ ဝေဒနာတွေစွဲကပ်လို့
အခုတော့လည်း ကြွေနွမ်းခဲ့ရ ပျက်စီးခဲ့ရပြီ....။

သည်းပန်းနွမ်းကြွေ သံယောဇဉ်မြေမှာ
နွေတစ်ရာ ပူလောင်မှု့မျက်ရည်တစ်စနဲ့
ပြန်မရတော့တဲ့ နှောင်နောင်တတွေက
ဘဝရေကြည်တစ်ပေါက် ကြွေပျက်ခဲ့ရပြီ....။

ဘဝတဆစ်ချိုး အလင်းရောင်မီးအိမ်
တောက်ပနေပါလျက် အချိန်အဆမရှိ
မီးရှိန်မြင့်လို့ ပျက်သုဉ်းသွားတဲ့
ဒုက္ခသုက္ခ ရင်ခွင်ထဲ သောကနိမိတ်တွေနဲ့
မိုးခါးရေကို သောက်သုံးရင်း
အဖြေမထွက်တဲ့ ဘဝပြဿနာကို
လေလွင့်ယစ်မူးခြင်း မိုးတိမ်တွေအောက်
စိတ်ပျက်ပျက်နဲ့ စောင့်မျှော်နေဆဲ...။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...