Wednesday, August 28, 2013

ရုပ်သေးပမာ စိတ်စေရာ

 

ရုပ်သေးပမာ စိတ်စေရာ

 
လှောင်ပိတ်နေတဲ့ ဘဝမှာ

မွန်းကျပ်မှုတွေ ပြည့်နှယ်လွန်းလို့

အဝေးတနေရာကို ခရီးထွက်ဖို့

ကိုယ် ကိုယ်တိုင် ကြိုးစားခဲ့တာ

အကြိမ် တစ်ရာမကခဲ့ဘူး....။


ဒါပေမဲ့...

မလွတ်လပ်တဲ့ နှောင်ကြိုးတွေ ရစ်ပတ်

တင်းကျပ်တဲ့ ဘဝရဲ့ စည်းမျဉ်းတွေအောက်

ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့

အလွှာတွေ အထပ်ထပ်နဲ့

ကိုယ် ကိုယ်တိုင် အတ္တဆန်ဆန်

ဇောချွေးတွေ စီးဆင်းနေဆဲ....။


သို့သော်...

ခရီးက သိပ်ဝေးလွန်းတယ်...

အဆုံးအစ မရှိဘူး...

အဖွင့် အပိတ် တံခါးတွေလည်း

ကြာလာတော့ အိုဟောင်းလာပြီ...

လျှောက်လှမ်းတဲ့ ခြေလှမ်းတွေလည်း

မသယ်နိုင်လောက်အောင် တုန့်ဆိုင်းလာပြီ...

သည်ခရီးက မောဟိုက်မှုတွေ

ဇာတိ ပြလာပြီဆိုတော့....။


ဒီလိုနဲ့ အပြောလွယ် အလုပ်ခက်တဲ့

ဒီလောကထဲမှာ

စိတ်ကူးယဉ်တယ်ဆိုတာ...

အကောင် အထည် မဖော်နိုင်သေးတဲ့

အထီးကျန်နေတဲ့ ဘဝရဲ့ ပုံရိပ်တခုပါပဲ...။


တခါတလေ...

ကိုယ် ကိုယ်တိုင် ဘဝ အခန်းကျဉ်းထဲမှာ

အဖော်မဲ့ တယောက်တည်း နေတယ်ဆိုတာ...

မောနေတဲ့ စိတ်ကို အပန်းဖြေဖို့ဆိုပေမဲ့...

တကယ်တမ်းတော့..

ကိုယ် စိတ်ကို ပိုပင်ပန်းရမှန်း

ကိုယ် ကိုယ်တိုင် သိလာပါတယ်....။


 
 
တက္ကသိုလ်မြတ်မင်း

Tuesday, August 27, 2013

ဒေါသဆိုတာ လျပ်စီးပမာ



ဒေါသဆိုတာ လျပ်စီးပမာ


အဖြူရောင်လား...

အမည်းရောင်လား....

ဝေခွဲမရတဲ့ အသွင်သဏ္ဍာန်တခု

မြင်ကွင်းထဲကို မဖိတ်ခေါ်ပဲ

ဧည့်သည်အဖြစ် ရောက်ခဲ့တယ်...။


စူးရှတဲ့ အတွေ့အထိတွေနဲ့

ပြင်းထန်စွာ ထိရှလို့

အခန့်မသင့်တဲ့ အကြောင်းတွေကို

မေ့သင့်သလောက် မေ့ဖို့ရန်

တိုက်ဆိုင်မှုတိုင်း ရှောင်ထွက်သွားခဲ့တယ်...။


တချို့ အမြင်မကြည်တဲ့ ကိစ္စတွေက

ဘ၀ဇာတ်ခုံထဲမှာ တွေ့ကြုံဖို့ရန်

အကြောင်းဖန်လာပြန်တယ်...။


သို့သော်....

အဖြေရှာ ရှောင်ကွင်းဖို့

ကြိုးစားခဲ့သမျှတွေဟာလည်း

သဲထဲ ရေသွန်းသလိုပါပဲ...။


လပ်တလော တည်ငြိမ် တိတ်ဆိတ်နေတဲ့

ဘ၀ဆိုတဲ့ ပတ်ဝန်းကျင်ထဲကို

မနီးမဝေးက ပေါက်ကွဲသံ ကြားလိုက်တယ်...

နှုတ်ဆက်သံ မဟုတ်တာတော့ သေချာတယ်...

စင်ပေါ်တက်ပြီး ထိုးသတ်နေတဲ့ လက်ဝှေ့ပွဲလား

ဇဝေဇဝါနဲ့ တွေးတောခဲ့သမျှဟာ

ပွဲကြည့် ပရိသတ် တယောက်လိုပါပဲ...။


ဒါပေမဲ့...

တွန်းကန်အား မရှိတဲ့ ပေါက်ကွဲမှုက

ကိုယ်တိုင် ရင်ဆိုင်ရတဲ့

အမှတ်တမဲ့ အတ္တရဲ့ တောင်းဆိုချက်

ကိုယ်တွင်း တနေရာက ဒေါသဖြစ်နေတယ်...။


တကယ်တော့ ဒေါသဆိုတာ....

အားလုံးအတွက် မိတ်ဆွေ မဟုတ်ပေမဲ့...

လိုတာ မရ ရတာ မလို

တင်းတိမ်ခြင်း မရှိသေးတဲ့ ဘဝမှာ

ကိုယ့် မာန် မာန လျပ်စီးပမာလို

ဟန်ဆောင်လို့ မရတာက

အသွေးအသားထဲထိ တစုံတခုကို

အခြေပြုပြီး ပေါက်ကွဲလာတဲ့

အဲဒီ ဒေါသကို မထိန်းသိမ်းနိုင်းရင်တော့

ပျက်စီးခြင်းဆိုတာ...

မဖိတ်ခေါ်ပဲ ရောက်လာတတ်တာပါပဲ...။


တက္ကသိုလ်မြတ်မင်း 

ထာဝရ မှတ်တိုင်တခု

 
 

ထာဝရ မှတ်တိုင်တခု

 
သူငယ်ချင်း....

ခင်မင်ခဲ့တဲ့ နှစ်တွေကို

သတိရ အမှတ်တရ

တဖွဖွ ပြောဖြစ်ခဲ့တဲ့အခါ

ဝမ်းနည်း အတူတူ ဝမ်းသာ အတူတူ

ဗွေမယူခဲ့တာတွေဟာ

ငါတို့ အားလုံးရဲ့ ကြီးကျယ် ခမ်းနားတဲ့

ရိုးသားမှုရဲ့ အထိမ်းအမှတ် ကျောက်တိုင်တွေပါပဲ...။


ခွဲခွါခဲ့တဲ့ ကာလတွေ ကြာညောင်းလို့

ကိုယ်ဆီ ကိုယ်ဆီ

ကိုယ့်ဘဝကို တည်ဆောက်လို့

တခါတရံ မိုးချိုရေ

တခါတရံ မိုးခါးရေနဲ့

အဆင်မပြေမှုတွေရဲ့ အောက်မှာ

ဒုက္ခ ဘေထုပ်တွေနှင့်

သောက အထည်တွေကို

သယ်ဆောင်ရင်း လေးလန်လွန်းလို့

အခြေမကျသေးတဲ့ ဘဝအကြောင်း

ဇာတ်ကြောင်း ကုန်စင်ပြောဖြစ်ကြတဲ့အခါ

ဝမ်းနည်း အတူတူ ဝမ်းသာ အတူတူ

တယောက်ကို တယောက် ဖြေသိမ့်လို့

မိတ်ဆွေဖွဲ့ခဲ့ကြတာ အခုထိပါပဲ...။


ဒါပေမဲ့...

နောင်တချိန်မှာ အကြောင်းမသင့်

ငါတို့တတွေ အချိန်ပိုင်းမှာ

ဒေါသဖြစ်လို့ အမှားပါခဲ့ရင်

ခွင့်လွတ် အဖြေရှာပေးဖို့ မမေ့ပါနဲ့

ဘဝဆိုတာ ဖြစ်ပြီးတော့မှ

နောင်တ ရတတ်လွန်းလို့ပါပဲ....။

 
 
 
http://www.venpunnavamsa2.com

Friday, August 23, 2013

အချစ် ကံခေလို့ အထီးကျန်စေခဲ့သော်



အချစ် ကံခေလို့ အထီးကျန်စေခဲ့သော်


အချစ် ကံခေလို့....

အထီးကျန် စေခဲ့တယ်ဆိုရင်...

ဘဝရဲ့ အခန်းကျဉ်းထဲမှာ

လိုအပ်ချက် အပြစ်အနာဆာတွေ

ထင်ကျန်ခဲ့ရင်တောင်...

ဝေဒနာ ကိန်းထပ်လို့

အဖြေရှာခဲ့ပါသော်လည်း...

မြင်ကွင်းအိမ်ကျယ် သမုဒယနယ်မှာ

သံယောဇဉ် ရစ်တွယ်လျက်

ခံစားချက်ကို ရှေ့တန်းတင်ရင်း

ဥပါဒါန် စွဲကပ် ဝေဒနာ ခရီးဆက်လို့

သံသရာ အဝိုင်းအဝန်းထဲ...

အစမထင် မိုင်ထောင်ချီခဲ့ပြီ......။


တက္ကသိုလ်မြတ်မင်း 

ဘဝရဲ့ ကြွင်းကျန်ရစ်နေသော လေဟာနယ်

 
 

ဘဝရဲ့ ကြွင်းကျန်ရစ်နေသော လေဟာနယ်

 
ဘ၀ဟာ....

ဒဏ်ရာ ဒဏ်ချက်တွေ များလာတော့...

အတိတ်မှာ မလေ့ကျင့်ဖူးခဲ့တဲ့...

သောကတွေကို မိတ်ဆွေ ဖွဲ့တတ်လာတယ်...။

သို့သော်...

ကိုယ် ရလာတဲ့ ဘဝကို

သိဖို့ရန် ခက်ခဲနေဆဲ...


ပြီးတော့လည်း...

ဆင်းရဲခြင်း တံတိုင်းခတ်ထားတဲ့...

ဒီဘဝကို ခုံမင် တပ်မက်ခဲ့လို့လည်း...

ငါဆိုတဲ့ မာန်မာနတွေကို

ရင်းနှီးမှုတွေနဲ့ ခင်မင်ခဲ့ရပြန်တယ်...။


တခါတရံ မွန်းကျပ်လွန်းတဲ့...

ဘဝ နေနည်း စနစ်တွေ ခက်ခဲလွန်းလို့..

ဒေါသရဲ့ ပေါက်ကွဲမှုတွေနဲ့..

ဖွားဖက်တော် သူငယ်ချင်း ဖြစ်ခဲ့ရပြန်တယ်...။


တနေ့တာ နေမဝင်သေးတဲ့...

ဘဝရဲ့ ဆည်းဆာချိန် ရောက်ပြန်တော့...

မြင်ကွင်း ကျယ်ကျယ်နဲ့ ငေးနေမိပြန်တယ်...။


တကယ်တော့

အချိန်ဆိုတာ

ဘဝကို တံတိုင်းခတ်ထားတဲ့

လူတယောက်ရဲ့ ......

လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်...။
 
 
 
တက္ကသိုလ်မြတ်မင်း 
 

Wednesday, August 21, 2013

သက်ဆိုင်သူတို့ လုပ်ငန်း

 

သက်ဆိုင်သူတို့ လုပ်ငန်း

 
သဘာဝတရားကြောင့်....

ကြွေချိန်တန်ရင် ကြွေကျသွားလိမ့်မယ်

အလွယ်တကူ ကောက်ယူပြီ...

အဆင်ပြေသလို လုပ်ဆောင်မှုတွေနဲ့

ကံကြမ္မာကို ငို တောင်းလို့လည်း မရနိုင်ဘူး..

ပိုတောင်းလို့လည်း မရနိုင်ဘူး...

တခါတရံ....

ရှောင်တိမ်းချင်တိုင်း...

ရှောင်တိမ်းခွင့်ဆိုတာ မရှိပါဘူး...

လူသား အားလုံး အနှေးနှင့် အမြန်

ကံတရားဆိုတာ တွေ့ကြုံရမှာ အမှန်ပဲ...

ဒါပေမဲ့...

ကံကောင်းတယ် ဆိုးတယ်ဆိုတာ

ကိုယ်ပိုင် သက်ဆိုင်တဲ့ လုပ်ငန်းပါပဲ....။

 
တက္ကသိုလ်မြတ်မင်း 
 

Thursday, August 15, 2013

ထာဝရ ထင်ကျန်နေမည့် မှတ်တိုင်


 

ထာဝရ ထင်ကျန်နေမည့် မှတ်တိုင်

 
သြဂုတ်ဆိုတာ....

ကြယ်တွေ ခြွေတဲ့ လလားတဲ့...။


ဆရာကြီး မင်းသုဝဏ်...

ထူးအိမ်သင်း...

တာရာမင်းဝေ...

နန္ဒသိန်းဇံ

ပါပါလေး....

ကလောင်ထက်တဲ့

အနုပညာ ကြယ်တွေ

ကြွေသွားခဲ့တာ

ကာရံမလှတဲ့ သည်သြဂုတ်ပဲ...။


အခုလည်း ကြည့်စမ်းပါဦး....

မိုးတွေ ရွာခါနီးတော့မှ

မိုးရေ ချိုးခွင့်

သောက်ခွင့် သုံးခွင့်

မရှိတော့ဘူး...။


စိတ်မကောင်းမှုတွေနဲ့

ဝမ်းနည်းမှု မှတ်တိုင်မှာ

အတိုင်းအတာ မရှိခဲ့ဘူး

လွမ်းမောမှုတွေ တသသနဲ့

ကြွေကွဲမှုတွေ တားမရခဲ့တဲ့

သည်သြဂုတ်မှာ....

ဆရာကြီး မောင်ဝံသ

ဆရာကြီး မင်းလူ

ဆရာကြီး နှစ်ဦး

ကြွေကျသွားပြန်ပြီ

ကောင်းရာ သုဂတိ

ရောက်ပါစေသား....။
 

တက္ကသိုလ်မြတ်မင်း 
 

Sunday, August 11, 2013

သက်ရောက်မှုတို့ တန်ပြန်ချိန်



သက်ရောက်မှုတို့ တန်ပြန်ချိန်


တချို့က.....

ထမင်းရှာတဲ့ လက်ကို

ထိခိုက်အောင် လုပ်တတ်တယ်...။


တချို့က....

ကိုယ် လုပ်သမျှဟာ

လောကကြီး တည်သမျှ

အဓိပ္ပာယ် လေးနက်မှု ရှိရမယ်လို့

တွေးခေါ်ထားကြတယ်....။


တချို့က...

မျက်ကန်း လမ်းလျှောက်သလိုနဲ့

စမ်းတဝါးဝါး ဖြစ်နေကြတယ်...။


တချို့က...

ကိုယ့် အိတ်ထဲ ပိုက်ဆံတွေ

အပြည့်ထည့်ပြီး

ဗိုက် အဟောင်းသား နေတဲ့

လူတွေ ဖြစ်လာကြတယ်...။


တချို့က...

ခိုင်နွားကို တန်ဆာဆင်ပြီး

ဦးချိုကို နို့ညစ်တဲ့ လူတွေ ဖြစ်လာကြတယ်...။


တကယ်တော့...

အလုပ် တခု လုပ်တဲ့အခါ

စိတ်ကူးနဲ့ ထွင်းပြီး ဘယ်တော့မှ မလုပ်မိစေနဲ့

အလုပ်ကို သဘာဝ ကျကျ လုပ်ဖို့ပဲ လိုအပ်ပါတယ်....။



တက္ကသိုလ်မြတ်မင်း 


အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...