Wednesday, July 24, 2013

မဆွေးမြေးသွားတဲ့ ဘဝ စာမျက်နှာ တစ်ရွက်



မဆွေးမြေးသွားတဲ့ ဘဝ စာမျက်နှာ တစ်ရွက်


ဘဝရဲ့ ဆည်းဆာချိန်ရောက်တော့မှာ

အရာအားလုံးဟာ....

တွေ့ဆုံချိန် နောက်ကျလွန်းတယ်...

ခွဲခွါချိန် မြန်လွန်းတယ်...

ကံကြမ္မာကို ပခုံးချင်းတိုက်လို့

ကံစီမံရာ ခရီးသွားရတဲ့အခိုက်

ဖြစ်ချင်တာ မဖြစ်ရ

မဖြစ်ချင်တာ ဖြစ်ခဲ့ရတာ

အားလုံးက သဘာဝတွေပါပဲ...။


ဒါပေမဲ့.....

နေ့စဉ် ဘ၀ စာမျက်နှာထဲက

ကံကောင်းခြင်းဆိုတာ...

အားလုံးရဲ့ မနက်ဖြန် ဖြစ်တယ်....။

အမှန်တရားဆိုတာ....

ထာဝရ တည်ရှိနေတဲ့

အရာ တခုသာ ဖြစ်တယ်....။

ဖြောင့်မတ်တယ်ဆိုတာ...

ရိုးသားမှု ၊ မှန်ကန်မှုတွေနှင့်

တတ်သိ နားလည်မှုတွေသာ ဖြစ်တယ်....။


သို့သော်....

လူ တယောက်ကို ယုံကြည်ဖို့ဆိုတာ....

သူ့ရဲ့ ဖြောင့်မတ်မှု အပေါ်မှာ မူတည်ပါတယ်...။

ကိုယ် ယုံကြည်လို့ ပေးအပ်လိုက်တဲ့အခါ....

ကတိပျက်သွားတာမျိုးတော့ မဟုတ်ပါဘူး....။



တက္ကသိုလ်မြတ်မင်း


http://www.venpunnavamsa2.com

Sunday, July 21, 2013

အတုမရှိ ရတနာသုံးပါး စုံညီသော လပြည့်ဝါဆို



အတုမရှိ ရတနာသုံးပါး စုံညီသော လပြည့်ဝါဆို


ယနေ့ သာသနာတော်နှစ် ၂၅၅၇ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၅၇ ခုနှစ် ၊ ဝါဆိုလပြည့် တနင်္လာနေ့ (၂၂ - ၀၇ - ၂၀၁၃ ) ခုနှစ်တွင် တရားချစ်ခင် သာသနာ့နွယ်ဝင် သူတော်စဉ် သူတော်ကောင်းတို့ အနေအားဖြင့်..

(သန္ဓေ တောထွက်၊ ဓမ္မစက် မိန့်မြွက် လဝါဆို) ဆိုတာ

သူတော်ကောင်းတို့ မှတ်သားပြီးသားဖြစ်မှာပါ။

(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

ထို့အပြင် လယ်တီဆရာတော် ဘုရားကြီး၏ ခုနှစ်နေ့ ဘုရားရှိခိုးမှာလည်း အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖဝါး ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်း ကပ်လာ နတ်ဗြဟ္မာကို ဝါဆိုလပြည့် စနေ့နေဝယ် ကြွေကြွေလျမ်း တက် ဓမ္မစက်ကို မိန့်မြွက်ထွေပြား ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကိုး။

(လယ်တီ ဆရာတော်)

မကြာမှီ ရောက်ရှိလာတော့မည် ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ဟာ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ အမှန်တရားတို့ကို ဟောပြခဲ့တဲ့ သစ္စာအလင်းရောင် ဆောင်ယူပြသ ခဲ့တဲ့ နေ့ထူး နေ့မြတ် အခါ သမယ ဖြစ်ပါတယ်။ ဓမ္မစင်္ကြာတရားဦး ဟောကြားတော် မူခဲ့တဲ့ နေရာလေးကလည်း ရိုးရိုး ရှင်းရှင်းလေးဖြစ်တယ်ဆိုတာ မှန်းဆ ကြည်ညိုလို့ရပါတယ်။

ထို့အပြင် မြတ်ဗုဒ္ဓလောင်းလျာဟာ တောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။

(ကပိလဝတ်ပြည်နှင့် ကောလိယပြည် အကြား လုဗ္ဗိနီအင်ကြင်းတော)
မြတ်ဗုဒ္ဓလောင်းလျာသည် တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။ ထို့အပြင်ဘုရားဖြစ်ပြန်တော့လည်း နေရဉ္ဖရာ ကမ်းခြေနှင့် လူသူမနီးတဲ့ ဗောဓိညောင် ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။ (သူတော်ကောင်းတို့ ပျော်မွေ့ရာဖြစ်တဲ့ ဥရုဝေဠတော)။

မြတ်ဗုဒ္ဓ တရားဦး ဟောကြားတော်မူခဲ့တာလည်း ဣတိပတနခေါ်ဆိုတဲ့ သားပေါင်းစုံသော တောထဲမှာပင်ဖြစ်သည်။ (မိဂဒါဝုန်တော)

လူသုံးပါးတို့၏ ဦးခိုက်ရာဖြစ်သော မြတ်ဗုဒ္ဓရှင်တော်သည် ပရိနိဗ္ဗာန်စံဝင်တော့လည်း( ကုသိနာရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာပင်ဖြစ်လေသည်။ (မလ္လာမင်းတို့ စိုက်ပျိုးထားသော ရဂုံသာမော အင်ကြင်းတော)

ဘုရားအစရှိသော ရှေးသူတော်ကောင်းတွေဟာ အရိပ်စုံလှ သာယာလှတဲ့ သစ်ပင်တောတောင်တွေမှာ မွေ့လျော်ကြ တာ သူတော်ကောင်း တို့ အနေနဲ့ လွန်စွာ မှတ်သားစရာ ကောင်းပါတယ်။

ထို့အပြင် ဆရာကြီး မင်းသုဝဏ်ကလည်း မျိုးချစ်စိတ်ဓာတ်အတွက် အောက်ပါ ကဗျာလေးကို ရေးသားသွားသည်ကိုလည်း တွေ့ရပြန်တယ်။

“ဝါဆို ဝါခေါင် ရေတွေကြီးလို့

သပြေသီးမှည့်ကောက်စို့ကွယ်

ခရာဆူးခြုံ ဟိုအထဲက

မျှော့နက်မည်းကြီး တွယ်တတ်တယ်

မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်

မြွေနဂါးတောင် ကြောက်ဘူးကွယ်

တို့လည်းကြောက်ပေါင် အတူသွားစို့

အုန်းလက်နွားလေး ထားခဲ့မယ်

သွားမယ် သွားမယ်။” (ဆရာကြီး မင်းသုဝဏ်)

တဖန် ရဟန်းပညာရှင်လေးတွေကလည်း ဝါဆိုလမြတ်အတွက် အောက်ပါအတိုင်း ကဗျာရေးစပ်လို့ထားသည်ကို တွေ့ရှိရပါတယ်။

ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော်

အုံ့မှိုင်းငယ်တဲ့၊ နယ်ရှစ်ခွင်

ငွေစန်း အာသဠှီနှင့်၊

ယှဉ်ကာမှီ ပုဏာပြည့်တယ်၊

ထွန်းသည့်ဝေဟင်။

နဘံမှာ ပြာမှိန်ခပါလို့

ဝသန္တာ ခါချိန်စမှာမို့

နာဂိန်ပ တာရာဆင်

အာကာခွင်က ပဇ္ဇုန်ဖျန်း။

ပဉ္စင်းတော်ခံ

မယွင်းနော် အခါတန်ပေါ့

မဟာဒါန် အဌင်္ဂငယ်နှင့်

ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ

တင်သရန် မာလာကုံးကြတယ်

ပုန်းညက်ငွေပန်း။ (အရှင် အလင်္ကာ)

သာသနာတော်နှစ် ၂၅၅၇ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ခရစ်နှစ်၂၀၁၃ ခုနှစ်၊ ယခုနှစ် ဂျူလိုင်လ ၂၂- ရက်နေ့တွင် ဝါဆိုလပြည့် တနင်္လာနေ့ ဖြစ်ပါပေသည်။ ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။

အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။

ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်း သံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွန်ုပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။

ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊

ထွက်တော်မူ နန်းက ခွါခြင်း၊

တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာဖြင့် ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့ သည်။

ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ပါသည်။

ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။

ပြန်ပြောင်း တင်ပြရမည် ဆိုသော်- ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီး သည့်နောက် ပဉ္စဝဂ္ဂီ ငါးပါးအစုထဲတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန်တည်ခဲ့ပါသည်။

ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားရှင် အပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။

ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။

ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)

ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေ ကြခြင်း ဖြစ်ပါသည်။

ဤသည်ကား ဝါဆိုလပြည့် နေ့ထူးနေ့မြတ် ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းများ ဖြစ်ပါသည်။ သူတော်ကောင်း အားလုံးတို့ ဤဝါဆိုလပြည့် အကြောင်းရင်းကို သိ၍ သာသနာတော်ကို ဆထက်မက ကြည်ညိုနိုင်ပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါသည်။




တက္ကသိုလ်မြတ်မင်း 



Saturday, July 20, 2013

လောကကြီးကို မိတ်ဆွေဖွဲ့တာ အကောင်းဆုံးပါ


 

လောကကြီးကို မိတ်ဆွေဖွဲ့တာ အကောင်းဆုံးပါ


အရင်တုန်းက....

ကောင်းခဲ့တာတွေကို

မေ့ပျောက်သွားပြီ....

ဒီခရီးရောက်မှာ

ခဏတာ အချိန်ပိုင်းမှာ...

သူစိမ်းတွေ ဖြစ်သွားကြပြီလား....။


ကိုယ့်ဘက်က...

စိတ်ထား သဘောထား မှန်တယ်ဆိုရင်...

စိတ်ပေါက်တိုင်း ဒေါသတံခါးကို ဖွင့်ပြီး

လောကကြီးကို တရားခံ မရှာပါနဲ့...။


တကယ်လို့ ဘဝမှာ...

ဒီထက်မက တိုးတတ်ချင်တယ်ဆိုရင်

လောကကြီးကို သူစိမ်းဆန်တာ မကောင်းပါဘူး...

ကောင်းတာနဲ့ပဲ ကြုံကြုံ

ဆိုးတာနဲ့ပဲ ဆုံဆုံ

တာဝန်ယူရဲတဲ့ အသိစိတ်နဲ့

လောကကြီးကို မိတ်ဆွေဖွဲ့လိုက်စမ်းပါ....


တက္ကသိုလ်မြတ်မင်း 


Thursday, July 18, 2013

အာဇာနည်နေ့ မှတ်တမ်း


ကိုယ်တိုင်ရေး ကိုယ်တိုင်ပေးခဲ့တဲ့ လက်ဆောင်


သူဟာ....

လူဖြစ်လာတဲ့အခိုက် တစ်နှစ်တာကို

ကန့်သတ်ချက် ဘဝ စာမျက်နှာ တစ်ရွက်

နှစ်စဉ် အတွေ့အကြုံတွေကို ရေးသားခဲ့ သူပါ...။


အတိတ်...

ခရီးကြမ်းလွန်းတဲ့ ခုနှစ်တွေအောက်မှာ

သူဟာ... လူ့ ဘ၀ ပိုင်ဆိုင်ခွင့်ရခဲ့တာ

အားလုံးအတွက်

တကယ် ကံကောင်းတဲ့ လက်ဆောင် တစ်ခုပေါ့...။


အချိန်ကာလအရ

ခရီးသွားနေတဲ့ တစ်နှစ်တာ

ဘဝ စာမျက်နှာရဲ့ နိဒါန်းမှာ

သူဟာ...

အားလုံးအတွက်

ဒီမြေကြီးပေါ်မှာ ပွင့်ခဲ့တဲ့ ပန်းကောင်း တစ်ပွင့်ပေါ့...။


သူဟာ...

တကိုယ်ကောင်းဆန်မှုတွေ

ကောက်ကျစ်မှုတွေ

ဖိနှိမ့်မှုတွေ စွပ်စွဲမှုတွေ များလာရင်

ကြင်နာတတ်တဲ့ နှလုံးသား ပိုင်ရှင်ပေါ့...။


သူဟာ...

မကွေး နတ်မောက်ဆီက

ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်

သူ့ သမိုင်းက ဆင့်တဲ့

အနာဂတ် စာမျက်နှာဟာ

ခင်ဗျားတို့ ကျွန်တော်တို့

ဖတ်နေတဲ့ အကောင်းဆုံး စာအုပ်ပေါ့...။


သူဟာ...

အင်္ဂလိပ် ဂျပန်ကို တိုက်ခဲ့တဲ့

အာဇာနည် အောင်ဆန်း....

သူရဲကောင်း အောင်ဆန်း....

စာရေး ဆရာ အောင်ဆန်း....

ရာဇဝင် အောင်ဆန်း

ဗိုလ်အောင်ဆန်းပေါ့....။


သူဟာ...

အနုပညာသမား တယောက်ပါ...

သူ့ရဲ့ အသေးစိတ် နိုင်လွန်းတဲ့..

ကိုယ်တိုင်ရေး ကိုယ်တိုင်ပေးခဲ့တဲ့..

သုံးဆဲ့ နှစ်နှစ်တာ စာအုပ်လေး တစ်အုပ်မှာ

စာမျက်နှာ သုံးဆဲ့ နှစ်ရွက်တာ ရှိပေမဲ့...

ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး

ဖတ်လို့ မဆုံးနိုင်ခဲ့ဘူး...

ဂုဏ်ယူလို့ မဆုံးနိုင်ခဲ့ဘူး...

ချီးမွန်းလို့ မဆုံးနိုင်ခဲ့ဘူး...

ပြီးတော့...

ကျွန်တော်တို့ တပည့် သားသမီး

 မြေးမြစ်တွေကလည်း

ထာဝရ ဖတ်လို့ကောင်းလွန်းတဲ့

သူရဲ့ သမိုင်းတွေကို လေးစားလွန်းလို့

လက်ဆင့်ကမ်း ဖတ်နေကြဦးမှာပါ....။


တက္ကသိုလ်မြတ်မင်း 


Tuesday, July 16, 2013

စံပြ နမူနာ ဖြစ်ပြီလား


စံပြ နမူနာ ဖြစ်ပြီလား


တနေ့ အားလုံးက အဲဒီနေရာကို

ရောက်လာကြမှာပါ....

တကယ်တော့...

ကိုယ်ပိုင် အသိတရား ရှိသူဟာ...

စေတနာ ဝါသနာ အကြင်နာ

ကရုဏာ အနစ်နာတွေ

ရှိနေရုံနဲ့ မပြည့်စုံသေးဘူး...

မဖြစ်သေးဘူး မထိုက်တန်သေးဘူး....

အတွေးတွေနဲ့ ကျေနပ်မနေသင့်သေးဘူး...

ကိုယ်ဟာ သူတစ်ပါးအတွက်

စံပြ နမူနာ တယောက် ဖြစ်ပြီလားဆိုတာ

ကြိုတင် စဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်....။


တက္ကသိုလ်မြတ်မင်း 


Sunday, July 14, 2013

အောင်မြင်သူတို့ရဲ့ အားထုတ်မှု


 

အောင်မြင်သူတို့ရဲ့ အားထုတ်မှု


မင်းလိုပဲ....

လူသားတွေ စဉ်းစားခဲ့ကြမှာပါ...။

လူသားတိုင်းလည်း အဆင်မပြေမှုတွေ

မပြည့်စုံမှုတွေ ရှိခဲ့ကြမှာပါ...။

သို့သော်....

ကိုယ် လျှောက်လှမ်းတဲ့ လမ်းမှာ

မာနတွေ ဦးနှောက်ထဲအထိ

ဘယ်တော့မှ မစီးဝင်စေနဲ့....။

ကိုယ်ဟာ ရှုံးနိမ့်သွားလို့

သိမ်ငယ်မှုတွေ နှလုံးသားထဲအထိ

စီးမျောလာအောင် မလုပ်မိစေနဲ့...။

ဘဝမှာ အကြိမ်ကြိမ် ကျရှုံးခဲ့တာတွေက

တစ်ကြိမ်လောက် အခွင့်အလမ်းနှင့်

အခွင့်အရေး ပေးလျှင် ရပြီ....။

ဒါပေမဲ့...

လောကကြီးထဲမှာ အကျပ်အတည်း

ဆင်းရဲ ဒုက္ခ ခံစားခြင်း မရှိပဲ

အောင်မြင်လာတဲ့ သူ မရှိဘူး....

ကိုယ် ကိုယ်တိုင် ဆက်ကြိုးစားဖို့ လိုပါလိမ့်မယ်....။


တက္ကသိုလ်မြတ်မင်း 


Saturday, July 13, 2013

အချိန်နှင့် ဘဝရဲ့ လျှိုဝှက်ချက်


အချိန်နှင့် ဘဝရဲ့ လျှိုဝှက်ချက်


အချိန်ဆိုတာ....

လူ့ဘဝ တစ်လျှောက်လုံး ပိုင်ဆိုင်တာ မဟုတ်ပါဘူး....

လူ့ဘဝ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်မှု တခုပါ....

အချိန်နှောင်းပြီဟု ထင်လိုက်တဲ့ အချိန်ဟာ

ကိုယ့်ရဲ့ အစောဆုံး အချိန်သာ ဖြစ်တယ်...။

အချိန်ဟာ အမြဲတမ်း ကုန်ဆုံးနေပါတယ်...

တနေ့တာ အချိန် ကုန်ဆုံးသွားလျှင် ပြန်မရတော့ပါဘူး....

အချိန်ကတော့ မရှိတာ မဟုတ်ပါဘူး...

ကြိုးစား အားထုတ်မှု မရှိခဲ့တာပါ...

ဒီနေ့ ယိုစိမ့်သွားတဲ့ အချိန်ဟာ

နောက်နေ့ နောင်တတွေသာ ဖြစ်တယ်...။


ဒါပေမဲ့....

အချိန်ရဲ့ မရှောင်ဖယ်နိုင်တဲ့ တွေ့ကြုံမှုတွေကို ခံစားပါ...

အကျပ်အတည်း အခက်အခဲတွေမရှိပါပဲ ရှင်သန်လာတဲ့ သူ မရှိဘူး...


တကယ်တော့...

အနာဂတ်ကို ရင်းနှီးမြှုပ်နှံထားတယ်ဆိုရင်

အချိန်ကိုက် လက်တွေ့ ဘဝကို လေးစားလာတဲ့ သူသာ ဖြစ်တယ်...။



တက္ကသိုလ်မြတ်မင်း 


Sunday, July 7, 2013

ဗိုလ်ချုပ်ပြောခဲ့သော အမှတ်တရ စကားလေးပါ




ဗိုလ်ချုပ်ပြောခဲ့သော အမှတ်တရ စကားလေးပါ



၁။ ၁၉၃၂-ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်သို့ရောက်၏။
ထိုအချိန်ကာလသည် သူ့အသက် ၁၇ နှစ်သာ ရှိသေး၏။

၂။ သူ့ အသက် ၂၀ အရွယ်တွင် ကျောင်းသားသမဂ္ဂမှထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့၏။

၃။ ၁၉၃၆ ခုနှစ် သူ့အသက် ၂၁ နှစ်အရွယ်တွင် ကျောင်းသား သပိတ်ကြီး၏
ခေါင်းဆောင်အဖြစ် ပြတ်ပြတ်သားသား ဆောင်ရွက်ခဲ့၏။

၎။ သူ့အသက် ၂၂ နှစ်အရွယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရ၏။

၅။ သူ့အသက် ၂၃ နှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ (သခင်)အစည်းအရုံး၌ အထွေထွေ အတွင်းရေးမှူး ဖြစ်လာ၏။

၆။ သာယာဝတီ ညီလာခံ၌ ဗြိတိသျှအစိုးရကို လက်နက်ဖြင့် တော်လှန်
ပုန်ကန်ရန် အစီအစဉ်များ ရေးဆွဲပေးခဲ့စဉ်က သူ၏အသက်မှာ ၂၅ နှစ်
သာရှိသေး၏။

(သူ၏ ရဲဘော် ရဲဘက်များက သူ၏ လက်နက်ကိုင် ပုန်ကန် တော်လှန်ရေး အစီအစဉ်များကို လုပ်လို့ ဖြစ်ပါ့ မလား -- လက်နက် ဘယ်ကရမှာမို့လဲ စသည်ဖြင့် သံသယရှိကြ၏။ ဗိုလ်ချုပ် အာင်ဆန်းသည် ခေါင်းဆောင်ပီပီ မိမိလုပ်ငန်း၌ တွေဝေခြင်းမရှိ စိတ်အား လျော့တတ်ခြင်းမရှိ “ဓားပြဂိုဏ်းတွေတောင်မှ လက်နက်ရအောင် ရှာနိုင်သေးတာ ကျုပ်တို့ကောဘာဖြစ်လို့ လက်နက်မရှာ နိုင်ရမှာလဲ” ဟု တွေဝေနေသော သူ၏ ရဲဘော်များကို ပြန်ပြောခဲ့၏။)

၇။ သူ့အသက် ၂၅ နှစ်သာသာတွင် လက်နက်ကိုင်တော်လှန် ပုန်ကန်ရေးအတွက် နိုင်ငံခြား အကူအညီ ရနိုင်ရန် မြန်မာပြည်မှ တိတ်တဆိတ်ထွက်ခွာသွားခဲ့၏။

၈။ ဗြိတိသျှတို့ကို တိုက်ခိုက်ရန် “ ဗမာ့လွတ်လပ်ရေး တပ်မတော် ” ကို ဖွဲ့စည်းကာ စစ်ဦးစီးဗိုလ်ချုပ်အဖြစ် ခေါင်းဆောင် ကွပ်ကဲ၍ မြန်မာပြည်တွင်း ချီတက်လာချိန်မှာ သူ့အသက်ကား ၂၆ နှစ်အရွယ်ပင် ရှိသေး၏။

၉။ သူ့အသက် ၃၀-အရွယ်တွင် ဖက်ဆစ်ဂျပန်များကို ဦးဆောင်မှုပြု၍
တိုက်ခိုက် ခဲ့သည်။ မြန်မာနိုင်ငံရေး လောကတွင် မကြုံစဘူးသော အမျိုးသားညီညွတ်ရေး တပ်ဦးဖြစ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို တောင့်တင်းကြီးမားအောင် တည်ဆောက် စည်းရုံးခဲ့၏။

၁၀။ သူ့အသက် ၃၁ နှစ်အရွယ်တွင် သူတိုင်းပြည် လွတ်လပ်ရေးအတွက် နိုင်ငံရေး နယ်ပယ်တွင် ကမ္ဘာ့ဝါရင့် နိုင်ငံရေး သမားကြီးများဖြစ်သော ဗြိတိသျှ အစိုးရအဖွဲ့ ဗြိတိသျှဘုရင်ခံတို့နှင့် ဥာဏ်ကစားလျက် နိုင်ငံရေး ဆွေးနွေးနိုင်ခဲ့ ပြောဆို နိုင်ခဲ့၏။

၁၁။ ဗြိတိသျှတို့နှင့် အကြိတ် အနယ်အင်အားပြိုင် အရေးဆိုပြောကြား ပြီးနောက် “ တစ်နှစ် အတွင်း လုံးဝလွတ်လပ်ရေးရရမယ် ” ဟု ကြုံးဝါးကတိပေးခဲ့စဉ်က သူ့အသက်မှာ ၃၂ နှစ်သာ ရှိသေး၏။

၁၂။ သူ့အသက် ၃၂-နှစ်တွင် ပထမဆုံး တိုင်းပြုပြည်ပြု လွတ်တော်ခေါ်ယူ ကျင်းပပြီးလျှင် လွတ်လပ်သော သမ္မတမြန်မာနိုင်ငံကို စတင်အုတ်မြစ်ချပေးခဲ့၏။

၁၃။ သူ့အသက် ၃၃ နှစ်တွင် လွတ်လပ်ရေး ဗိမာန်ကြီးကို အုတ်မြစ်ချ တည်ဆောက်ပေးပြီး မသမာသူများ၏ လုပ်ကြံမှုဖြင့် ကျဆုံးသွားရလေ၏။

သူ၏ အသက်အပိုင်းအခြားဖြင့် သူလုပ်သွားခဲ့သော ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ကြည့်၍ အောင်ဆန်းသည် ဘယ်လိုလူဖြစ်သည် ဘယ်လို ပညာထက်မြက်ခဲ့သည်၊ ဘယ်လို ဆရာသမားတွေက နိုင်ငံရေး၊ ပညာရေး မျက်စိဖွင့်ပေးခဲ့သည် ဆိုသည်တို့ကို အတုယူလိုက်နာ သင့်ပေသည်။

သူ၏ ဘ၀စာမျက်နှာများကို ဖတ်ကြည့်သူတိုင်းလည်း သူကဲ့သို့ အတုယူနိုင်ပါစေလို့ ဆုတောင်းပေးလျက် သူ့ဘ၀ အကျဉ်းချုပ်လေးကို ပြန်လည် တင်ပြလိုက်ပါသည်...။

အခြားသော လင့်များနှင့် အနည်းငယ် ပြင်ဆင်၍ ပြန်လည်တင်ပြသူ



တက္ကသိုလ်မြတ်မင်း 

Thursday, July 4, 2013

နားလည်မှုတို့ ဆုံဆည်းရာ


နားလည်မှုတို့ ဆုံဆည်းရာ



မရင့်ကျက်မှုတွေနဲ့ တဖက်သတ်ကျတဲ့

အက်ကြောင်းတွေ ထပ်နေပြီ....

သေချာပါတယ်....

အကြည့်ချင်း မတူလို့

အမြင်တွေ ကွဲပြားသွားတာပါ....

တကယ်တော့....

နှစ်ဦး နှစ်ဖက် တင်းမာမှုတွေ

လျော့ချလိုက်ရင် အားလုံးက

အဆင်ပြေသွားမှာပါ......။


တက္ကသိုလ်မြတ်မင်း 


လူ့ စွမ်းရည် အရင်း အမြစ်


လူ့ စွမ်းရည် အရင်းအမြစ်



အချိန် မဖြုန်းပါနဲ့......

အတူ ရှိနေတုန်း

အတု ယူပါ

အတု မခိုးမိစေနဲ့.....

ယုံကြည်မှုနှင့် ဘဝကို ရပ်တည်ပါ

ဆင်ကန်း တောတိုး မဖြစ်စေနဲ့....

မင်း လူဖြစ်လာတာဟာ

ရှုံးနိမ့်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး....

အောင်မြင်ဖို့ မွေးဖွားလာတာ ဖြစ်တယ်.......။


တက္ကသိုလ်မြတ်မင်း 


အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...