Monday, May 14, 2012

တောင်ကိုးရီးယားသမ္မတ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး


တောင်ကိုးရီးယားသမ္မတ မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး


မြန်မာသတင်းများ မေလ ၁၅ ရက် ၂၀၁၂ ခုနှစ်
 
တောင်ကိုရီးယား သမ္မတ Lee Myung-bak ဟာ မြန်မာနိုင်ငံ ၂ ရက်ကြာ ခရီးစဉ်အဖြစ် နေပြည်တော်ကို ရောက်ရှိနေပြီး သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရကြောင်းသူဟာ ၁၅ ရက် မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ကြောင်း
တောင်ကိုရီးယား သမ္မတဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးအပြင် စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးမယ်လို့ ဆိုကြောင်းတောင်ကိုရီးယား သမ္မတရဲ့ ခရီးစဉ်အတွင်း လုံခြုံရေးအတွက် စိုးရိမ်မှုရှိတာကြောင့် ရန်ကုန်မြို့မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားတယ်လို့ ဆိုကြောင်း..။
တောင်ကိုရီးယား သမ္မတ မစ္စတာလီဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ပြီး ဆွေးနွေးတာ ဖြစ်ကြောင်း၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ Chun Doo-hwan နဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်က ရန်ကုန်မြို့ အာဇာနည်ကုန်းမှာ မြောက်ကိုရီးယား သူလျှိုတွေက ဗုံးဖောက်ခွဲ လုပ်ကြံတိုက်ခိုက်တာကြောင့် လူပေါင်း၂၁ ဦး သေဆုံးခဲ့ရကြောင်း သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံအမတ်ကြီးနဲ့ ၀န်ကြီးအဖွဲ့ဝင် ၃ ဦးအပြင် တောင်ကိုရီယား အရာရှိကြီးတွေ ပါဝင်ခဲ့ကြောင်းသိရပါတယ်။


တောင်ကိုရီးယား သမ္မတ မြန်မာနိုင်ငံ ရောက်

တောင်ကိုရီးယား သမ္မတ လီမြောက်ဘက် မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီး လာရောက်သည့်အတွက် ယနေ့တွင် ရန်ကုန်မြို့၌ လုံခြုံရေး တင်းကျပ်စွာ ချထားကြောင်း ၎င်းသည် နေပြည်တော်သို့သွားရောက်၍ သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပြီး စီးပွားရေး နှင့် စွမ်းအင် ကဏ္ဍ များတွင် ပူးပေါင်း ဆောင်ရွက်မှု၊ သဘာဝ အရင်းအမြစ် ဖွံ့ဖြိုးမှု အပါအ၀င် တခြားသော ကဏ္ဍများ နှင့် ပတ် သက်ပြီး ဆွေးနွေးရန် ရှိကြောင်း၊ အင်္ဂါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း AP သတင်း၌ ရေးသားထား သည်။ လီမြောက်ဘက်သည် ၁၉၈၃ ခုနှစ်က အာဇာနည်ကုန်းတွင် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် ၀န်ကြီးများကို မြောက် ကိုရီးယား ကွန်မန်ဒိုများ က ဗုံးခွဲ တိုက်ခိုက်မှု နောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်သည့် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယား သမ္မတ မြန်မာပြည်ရောက်

တောင်ကိုရီးယားသမ္မတ အီလ်မြောင်ဘာ့က် (Lee Myung-bak) ဟာ ဒီကနေ့မှာ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ပြီဖြစ်ကြောင်းဆယ်စုနှစ်သုံးစုနီးပါးအတွင်း မြန်မာနိုင်ငံဆီလာရောက်တဲ့ တောင်ကိုရီး သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး ခရီးစဉ်အတွက် ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ နေရာတွေမှာ လုံခြုံရေးတွေ အထူးတင်းကျပ်ထားကြောင်းမစ္စတာ အီလ်မြောင်ဘာ့က်ဟာ အခုဆိုရင် နေပြည်တော်မှာ ရောက်နေပြီဖြစ် ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိကြောင်း မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ နှစ်ဘက်စလုံးက တရားဝင် ထုတ် မပြောကြကြောင်း သိရသည်။

အာဆီယံ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိ

အာဆီယံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အလှည့်ကျအစည်းအဝေးကို လာမယ့်ဇွန်လ ပထမအပတ်အတွင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိကြောင်း အာဆီယံ လူ့အခွင့်အရေးကော်မရှင်က မူကြမ်းရေးဆွဲနေတဲ့ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းကို အချောသတ် အတည်ပြုနိုင်ရေးအတွက် ဇွန်လ(၃) ရက်ကနေ (၆) ရက်ကြား ရန်ကုန်မြို့မှာ ဆွေးနွေးကြမှာ ဖြစ်ကြောင်း
အဓမ္မ မြေယာသိမ်းဆည်းမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေပြီး အာဆီယံ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်း ရေးဆွဲရေးမှာ မြန်မာပြည်သူတွေ ပါဝင်ခွင့် မရနိုင်သေးတာကြောင့် ခုလိုကာလအတွင်း မြန်မာနိုင်ငံမှာ ဒီလို အာဆီယံအစည်းအဝေးတွေ ကျင်းပဖို့စောသေးကြောင်း ထိုင်းအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို ထောက်ပြ ပြောဆိုကြောင်း
ဦးသိန်းစိန်အစိုးရသစ် တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ ပေါ်ပေါက်လာတယ် ဆိုပေမယ့် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အားနည်းနေသေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့တွေက ဝေဖန်နေကြကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ စက်တင်ဘာမှာ ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
ရှားခဲအင်းလေလံကိစ္စ အင်းသားတွေ ဆန္ဒပြ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျေးရွာ (၆) အုပ်စုက ရှားခဲအင်းကို မှီခိုလုပ်ကိုင်နေတဲ့ အင်းသူ အင်းသား (၁၀၀၀၀) ခန့်က ဒီအင်းကို သူတို့တွေ လုပ်ကိုင်စားသောက်ခွင့်ရဖို့ အခက်အခဲရှိတာကြောင့် အစိုးရထံကနေ သူတို့ကို လုပ်စားခွင့်ပြုဖို့ (၄) ကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ကြောင်း
ရှားခဲ၊ ကန်ဇွန်းကွင်း၊ သပြေငူ၊ ကျွဲခြံဒေါင့်၊ အင်းတယော်၊ မဲဂရက်စတဲ့ ကျေးရွာအုပ်စု (၆) အုပ်စုကလူတွေ မှီခိုလုပ်ကိုင်နေရတဲ့ (၅) မိုင်ပတ်လည် အကျယ်ရှိ အဲဒီအင်းကို အင်းသူဌေး တစ်ဦးတည်းကိုသာမကဘဲ သူတို့ကိုလည်း လုပ်ကိုင်စားသောက်ခွင့်ပေးဖို့ အင်းသားတွေက အစိုးရထံ (၄) ကြိမ်တိုင်တိုင် တောင်းဆိုခဲ့ကြောင်းဒါကို ဘာမှအကြောင်း မပြန်တဲ့အပြင် အစိုးရက လေလံပစ်မယ်လို့  အချိန်ကပ်ပြီး ကြေညာခဲ့တဲ့အတွက် အင်းသားတွေက မကျေနပ်ဘဲ ဒီနေ့မနက် (၉:၃၀) နာရီမှာ ရှားခဲကြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို သပြေငူကျေးရွာအုပ်စု၊ ကွင်းဒေါင့်ရွာကနေ အင်းသား (၂၀၀) ခန့် စုပေါင်းချီတက် ဆန္ဒပြကြကြောင်း သိရပါတယ်။
လုပ်ခလစာ တိုးမြှင့်ရရှိရေး အထည်ချုပ်စက်ရုံ အလုပ်သမား ဆန္ဒပြ
လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ စပယ်ပွင့် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ ဆန္ဒပြခဲ့ကြကြောင်းအခြေခံလုပ်ခလစာဟာ ကျပ်တစ်သောင်းကျော် နှစ်သောင်းဝန်းကျင်ပဲ ရတဲ့အတွက် လုပ်ခလစာ အခြေခံ သုံးသောင်းကျော်နဲ့ အချိန်ပိုကြေးအပါအ၀င် တစ်လကိုအနည်းဆုံး ၇ သောင်းလောက် ရလိုကြောင်း ဆန္ဒပြအလုပ်သမားတွေက ပြောကြောင်း
ဒီစပယ်ပွင့်စက်ရုံဟာ တရုတ်ပိုင်စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လောလောဆယ် အလုပ်သမား ခေါင်းဆောင် ၅ ဦးကိုခေါ်ယူပြီး အလုပ်သမားရေးရာဌာနနဲ့ အလုပ်ရှင်တို့က ညှိနှိုင်းဆွေးနွေး နေတယ်လို့ သိရကြောင်းအဲဒီ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိပြီး ဒီကနေ့ အလုပ်သမား အားလုံးနီးပါးက အခုလို အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာဖြစ်ကြောင်း သိရပါတယ်။
ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှု သံသယရှိသူတစ်ဦး တိုင်းရဲတပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်လာ
ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိခံရသူတစ်ဦးကို တိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ ဟသာင်္တမြို့ခံ မျက်မြင်သက်သေတွေက ပြောဆိုကြကြောင်း သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ၊ သိမ်းဆည်းထားရာ နေရာတွေကို လိုက်လံပြသခိုင်းတယ်လို့ မျက်မြင်သက်သေတွေက ပြောကြောင်းဟင်္သာတမြို့ ဓမ္မဗိမာန်ကျောင်းဝင်းအတွင်း ၀ှက်ထားတဲ့နေရာကို လိုက်လံပြသခိုင်းတာဖြစ်ကြောင်း မတ်လအတွင်းက ဟင်္သတာမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကြေးနန်းနဲ့စာတိုက် တာဝန်ရှိသူနဲ့ ဆက်သွယ်ရေးဌာနက တာဝန်ရှိသူတစ်ဦးအပါအ၀င် ဟင်္သတာမြို့ခံ ၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နေ့က သံသယရှိသူတစ်ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထိုင်းရဲရဲ့အကူအညီနဲ့ ပြန်လည်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ကြားသိရပေမဲ့ အာဏာပိုင်တွေက တိတိကျကျ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်းဒီဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးမိသူဟာ တရားခံအစစ် ဟုတ်မဟုတ် အသေအချာ မသိရသေးကြောင်းနဲ့ သံသရှိသူကိုတော့ တိုင်းရဲတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

စာနယ်ဇင်းကောင်စီ ဇွန်လတွင် ဖွဲ့မည်ဟုဆို

မြန်မာနိုင်ငံတွင် စာနယ်ဇင်းကောင်စီ Press Courncil ကို ပြည်တွင်း စာနယ်ဇင်းသမားများ ပါဝင်ကာ ဇွန်လအတွင်း ဖွဲ့စည်းမည်ဟု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း က ပြောဆိုလိုက်ကြောင်း ကောင်စီတွင် မြန်မာဂျာနယ်လစ်ကွန်ယက် MJN၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း MJA နှင့် မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂ-MJU တို့မှ ကိုယ်စားလှယ်များ ပါဝင်စေလိုပြီး ဇွန်လတွင် သမ္မတ ဦးသိန်းစိန်က အတည်ပြုမည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနတွင် တနင်္လာနေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောဆိုခဲ့ကြောင်းထိုသို့ မီဒီယာ ဥပဒေအရ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းရေးအတွက် စာနယ်ဇင်း သမားများအား ယခုကဲ့သို့ ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် MJA အသင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး တနင်္လာနေ့တွင် MJN နှင့် MJU ကိုယ်စားလှယ်များနှင့် ထပ်မံ တွေ့ဆုံ၍ ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း

ထို့ပြင် စာပေစိစစ်ရေးဌာနအနေနှင့် သတင်းနှင့် ဘာသာရေးဆိုင်ရာများမှအပ အခြား ဂျာနယ်၊ မဂ္ဂဇင်းများကို ထုတ်တင်စနစ်သို့ ခွင့်ပြုမည် ဖြစ်ပြီး သတင်းနှင့် ဘာသာရေး ဂျာနယ်နှင့် မဂ္ဂဇင်းများကိုလည်း ဇွန်လမှာ ထုတ်တင် စနစ်သို့ ထုတ်ဝေခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါ စာနယ်ဇင်း သုံးဖွဲ့ အနေဖြင့် စာနယ်ဇင်းကောင်စီအဖွဲ့တွင် ပါဝင်ရေးကို သက်ဆိုင်ရာ အဖွဲ့တွင်း ပြန်လည်ဆွေးနွေးကာ မေလကုန်တွင် အကြောင်းပြန်ကြားမည် ဖြစ်ကြောင်း တနင်္လာနေ့ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်း အပါအဝင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ ဒုညွန်ချုပ် ဗိုလ်မှူးဟောင်း ဦးမျိုးမြင့်မောင်၊ ပုံနှိပ်ထုတ်ဝေရေးမှ ဦးရဲတင့်တို့ တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။ ထုတ်တင်စနစ်သို့ အချို့ ဂျာနယ်နှင့် မဂ္ဂဇင်းများကို ထုတ်တင်စနစ်သို့ ထုတ်ဝေခွင့်ပြုရေးနှင့် ပတ်သက်၍ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ကဏ္ဍလေးခု ပြုပြင်ပြောင်းလဲရေး အမြန်လုပ်ရန် ဒုသမ္မတ ပြော

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍလေးခုတွင် ပြုပြင်ပြောင်းလဲမှုများ အမြန်
ပြုလုပ်ရန် တနင်္ဂနွေနေ့ သမ္မတရုံးတွင် ပြုလုပ်သည့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေးတွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ပြောကြားသွားကြောင်း
“Reform လုပ်သည်ဆိုရာတွင် Political Reform, Administration Reform, Economic Reform, Social Reform စသည်တို့အနက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို မြန်မြန်ထက်ထက် ပြုပြင်သွားကြရမည် ဖြစ်ပါကြောင်း။ မိမိတို့၏ Mindset (စိတ်နေ သဘောထား) များလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ပါကြောင်း”
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများကိုလည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်မူကြမ်းများ ရေးဆွဲတင်ပြရန် တိုက်တွန်း သွားပြီး ဦးစီးဌာနများ ဖေါင်းပွနေမှု ရှိမရှိ၊ လေလွင့်မှုရှိမရှိ ပြန်လည်စိစစ်ရန်လိုအပ်ပြီး အောက်ခြေအဆင့်အထိ ဆက်ဆံ၊ လုပ်ကိုင်ပုံများ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဟုလည်း ပြောကြားသွားကြောင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍လည်း ပြည်ထောင်စု ဝန်ကြီးဌာနများသည် တူညီသည့် မူဝါဒ ချမှတ်ထားခြင်း မရှိသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်နေခြင်းကြောင့် ညှိနှိုင်းဆောင်ရွက်ကြရန်လည်း ထည့်သွင်း ပြောကြား သွားခဲ့ကြောင်း

အစိုးရသက်တမ်း တနှစ်ကျော်ပြီဖြစ်သော်လည်း ဝန်ကြီးဌာများ၏ လုပ်ငန်းအကောင်အထည် မဖေါ်နိုင်မှုများရှိနေပြီး လုပ်နိုင်သည် မလုပ်နိုင်သည်ကို ရှင်းလင်းစွာ အသိပေးရန်လည်း လိုအပ်နေပြီဟု ဒုသမ္မတက ထောက်ပြ ပြောဆို သွားကြောင်း ပြုပြင်ပြောင်းလဲရေးအတွက် ခေါက်ရိုးကျိုးနေသည့် တွန့်ဆုတ်နေမှုများကိုလည်း ကိုယ်ကျိုးစွန့်၍ဆောင်ရွက်ရန် တိုက်တွန်းသွားခဲ့ကြောင်း
ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေး စတင်ကျင်းပသည့် သောကြာနေ့တွင်လည်း သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး ခေတ်နောက်ပြန်ဆွဲလိုသူများနှင့် တိုးတက်လိုသည့် အမြင်မရှိသူများကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှ ဖယ်ကြဉ်ထားခဲ့မည်ဟု ပြောဆိုသွားခဲ့ကြောင်း

ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေးကို သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ကျင်းပခဲ့ပြီး သမ္မတနှင့် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဝန်ကြီးဌာပေါင်းစုံမှ ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဥက္ကဋ္ဌများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း
သမ္မတ ဦးသိန်းစိန်သည် တနင်္လာနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် H.E.Mr. Wang Gang နှင့် တွေ့ဆုံခဲ့သေးပြီး ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အတွေ့အကြုံ နည်းပါးသေးသည့်အတွက် သတိထား ဆောင်ရွက်နေသည်ဟု ပြောသည်ကို သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားကြောင်း သိရသည်။

ရန်ကုန် လျာထား ခုံးကျော်တံတား ၄ စင်းအနက် ၃ စင်းသာ ဆောက်မည်

ရန်ကုန်မြို့တော် စည်ပင်မှ တည်ဆောက်ရန် လျာထားသော ခုံးကျော်တံတားများ အနက်မှ တာမွေတွင် တည်ဆောက်မည့် အပိုင်းကို တည်ဆောက်တော့မည် မဟုတ်ကြောင်း မြို့တော်စည်ပင် သတင်းစာ ရှင်းလင်းပွဲတွင် ဌာနအတွင်းရေးမှုး ဦးကျော်စိုး က ပြောသည်။ ဆုံးဖြတ်ချက်အရ လှည်းတန်း၊ ရွှေဂုံတိုင်နှင့် အင်းစိန်မြို့နယ်များတွင်သာ တည်ဆောက်သွားမှာဖြစ်ပြီး စည်ပင် အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ချေးငွေရယူကာ တည်ဆောက်သွားမှာဖြစ်ကြောင်းတည်ဆောက်ရေးပိုင်းတွင် ရေရှည်ခံ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိ/မရှိကို လုပ်ဆောင်ရာတွင် စစ်တမ်းကောက်ယူပြီးမှ ဆောင်ရွက်သည့် အလေ့အထဖြင့် မြို့တော်စည်ပင် အနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့တော်ဝန် ဦးလှမြင့် ကလည်း ထပ်မံဖြည့်စွက်ပြောသည်။

စစ်တမ်းကောက်ယူမှုအပိုင်းတွင် ပုဂ္ဂလိက လုပ်ငန်းတခုဖြစ်သော Vertect က ကူညီဆောင်ရွက်ပေးခဲ့ပြီး ခုံးကျော် တံတား တည်ဆောက်ရေးအတွက် လက်ရှိ ပူးပေါင်းဆောင်ရွက်သော ကုမ္ပဏီများနှင့် ချေးငွေယူသော ကုမ္ပဏီများ စာရင်းကိုမှု ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။ဂျပန်နိုင်ငံ ဂျကာကုမ္ပဏီမှ မိုးပျံတံတား နှစ်စင်း ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသော်လည်း လောလောဆယ်ဆောက်လုပ်ဦးမှာ မဟုတ်ကြောင်း ပြောဆိုသွားသည်။လျာထားသော တံတားသုံးစင်းအနက် လှည်းတန်း ခုံးကျော်တံတားမှာမူ စတင် ဆောက်လုပ်နေပြီး တနှစ်နီးပါး ကြာမြင့် မည်ဟု သတ်မှတ်ထားသည်။ ကျန် တံတားနှစ်စင်းမှာမှု တိုင်းတာမှုများသာ ဆောင်ရွက်ရသေးသည့် အတွက် ပြီးဆုံး မည့်ကာလ မခန့်မှန်းနိုင်သေးကြောင်း
သို့ရာတွင် လျာထားသော တံတားများကို ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်ရန် သမ္မတကြီးက ညွှန်ကြားထားသည်။

City FM ပုဂ္ဂလိကနှင့် ပေါင်း၍ အဆင့်မြှင့်မည်

ရန်ကုန်မြို့တော် စည်ပင်မှ ထုတ်လွှင့်လျက်ရှိသော City FM ရေဒီယိုအား ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်နှင့် ပူးပေါင်းကာ အဆင့်မြှင့်တင်သွားမည်ဟု မြို့တော်စည်ပင် အတွင်းရေးမှုး ဦးကျော်စိုး က ပြောသည်။
တိုးချဲ့ထုတ်လွှင့်ရန်အတွက် ပူးပေါင်းလုပ်ဆောင်မည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီနှင့် ဆောင်ရွက်ရန် လျာထား
သော နေရာမှာ ဆရာစံလမ်းရှိ ပုလဲကွန်ဒိုအနီးတွင် ဖြစ်ကြောင်း သိရပြီး နေရာအတိအကျနှင့် ပူးပေါင်းလုပ်ဆောင်မည့် ကုမ္ပဏီကို ထုတ်ဖော်ခြင်း မရှိခဲ့ချေ။

City FM ရေဒီယို အသံလွှင့်ဌာနကို ၂၀၀၂ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့ပြီး ယခု နှစ်တွင် ၁၀ နှစ် သက်တမ်းရှိပြီ
ဖြစ်သည်။ ဒါ့အပြင် မြို့တော်စည်ပင်မှ နေ့စဉ်ထုတ်ဝေနေသော မြို့တော် သတင်းစာကိုလည်း ထပ်မံ အဆင့်မြင့်တင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

SSA တောင်ပိုင်း နှင့် အစိုးရ ငြိမ်းအဖွဲ့ ထပ်တွေ့ဦးမည်

အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် SSA-S တို့ ယခုလ ၁၉ ရက်နေ့၌ ကျိုင်းတုံမြို့တွင် နယ်မြေ သတ်မှတ်မှု ခိုင်မာရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

စာပေစိစစ်ရေး မူဝါဒ ဖြေလျှော့မည်

ခေတ်နောက်ပြန် ဆွဲသူများကို ပြုပြင်ပြောင်းလဲရေးတွင် ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန်က သတိပေးပြီးနောက် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးဌာနက စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ ဖြေလျှော့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းမီဒီယာများကို အကြောင်း ကြားလိုက်သည်။ ယင်းကိစ္စနှင့် ပတ်သက်သော အစည်းအဝေးကို မနက်ဖြန် မေလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ စာပေစိစစ်ရေးရုံး၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းတောင်ပိုင်း၌ မြန်မာများ အဖမ်းခံရ

ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်ခရိုင်သို့ တရားမ၀င် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၉ ဦးကို ထိုင်းအာဏာပိုင်များက ပြီးခဲ့ သည့် စနေနေ့က ဖမ်းဆီးခဲ့သည်။ အဆိုပါ ချုံဖော် ခရိုင်မှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသား အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၃၇ ဦးတို့ကို နေအိမ်တခု၌ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

ကချင် ထိုးစစ်မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့မှု မရုပ်သိမ်းရဟု UNFC ပြော

ကချင်ဒေသတွင် ပြုလုပ်နေသော အစိုးရတပ်များ၏ ထိုးစစ်များ တလအတွင်း မရပ်လျှင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ မရုပ် သိမ်းရန် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း ဖွဲ့စည်းထားသည့်(UNFC) က ယမန်နေ့တွင် တောင်းဆိုလိုက်သည်။ UNFC ကို တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ များဖြစ်သော KIO , KNU , SSA , NMSP , KNPP, CNF အဖွဲ့၆ ဖွဲ့နှင့် တခြားသော နိုင်ငံရေး လှုပ်ရှားသည့်အဖွဲ့များ ပူးပေါင်း၍ ယခုနှစ် ဖေဖော်ဝါရီလ က စတင် ဖွဲ့စည်းခဲ့သည်။ UNFC အဖွဲ့ဝင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ၌ တဖွဲ့ချင်းမဆွေးနွေးဘဲ အားလုံးနှင့် ဆွေးနွေးရန် မူဝါဒ ချမှတ်ထားသည်။

မြန်မာအပေါ် ပိတ်ဆို့မှု ဆိုင်းငံ့ဖို့ McCain တိုက်တွန်း

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ဆိုင်းငံ့ဖို့ အချိန်ရောက်ပြီလို့ အမေရိကန်နိုင်ငံရေးမှာ သြဇာကြီးမားတဲ့ ရီပတ်ပလင်ကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်း က ပြောလိုက်ကြောင်းဒါပေမယ့် ရင်းနှီးမြုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ လူမှုကျင့်ဝတ် သိက္ခာတွေ စောင့်စည်းပြီး တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အဖြစ် စံပြဖြစ်ဖို့ လိုမယ် လို့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းက ပြောသွားကြောင်း သိရသည်။

လွတ်မြောက်ခြင်းအတွက် ရုန်းကန်မှုများ ဒေါ်စု ပါဝင်ဆွေးနွေးမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု မေလ ၁၅ ရက်နေ့၊ အမေရိကန် စံတော်ချိန် မနက်ပိုင်းမှာ ကမ္ဘာအရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုဖို့ ရှိနေကြောင်း
အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ပြုလုပ်မယ့် ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်တဆင့် တိုက်ရိုက် ဗွီဒီယိုမိန့်ခွန်း ပြောဆိုမှာဖြစ်ကြောင်းဒီမတိုင်ခင်မှာတော့ သမ္မတဟောင်းဘွတ်ရှ်ရဲ့ ဇနီးဖြစ်သူ Laura Bush က ဒေါ်အောင်ဆန်းစုကြည်အကြောင်း မိတ်ဆက် စကားပြောဖို့ စီစဉ်ထားကြောင်း
သမ္နတ ဘွတ်ရှ်ကလည်း ကမ္ဘာအ၀ှမ်း လွတ်မြောက်ရေးလှုပ်ရှားမှုမှာ တိုက်ပွဲဝင်နေသူတွေအကြောင်းကို မှတ်ချက် မိန့်ခွန်းစကား ပြောဖို့ ရှိပါကြောင်း ၂၀ ရာစုနဲ့ ၂၁ ရာစုအတွင်း လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ဖိနှိပ်တဲ့အစိုးရအောက် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ ရဲစွမ်းသတ္တိ ပြည့်ဝတဲ့ အမျိုးသား၊ အမျိုးသမီးတွေရဲ့အကြောင်းကို ဖော်ပြတဲ့ Freedom Collection လွတ်မြောက်ရေး တိုက်ပွဲဝင် သူများရဲ့ အတ္ထုပ္ပတ္တိကိုလည်း ပြသဖို့ ရှိကြောင်း
အဲဒီအထဲမှာတော့ မြန်မာနိုင်ငံကဆိုရင် ဒေါက်တာစင်သီယာမောင်၊ ရှမ်းတိုင်းရင်းသား နန်းချန်တောင်း၊ ချင်းတိုင်ရင်းသူ ချယ်ရီဇာဟောင်း၊ မြန်မာတိုင်းရင်းသူ မခင်ဥမ္မာနဲ့ ရွှေဝါရောင်တော်လှန်ရေးမှာပါခဲ့တဲ့ ပခုက္ကူကျောင်းတိုက်တခုက အရှင်ဣသရိယတို့အကြောင်းကို ထည့်သွင်း ဖော်ညွှန်းထားကြောင်း
သမ္မတဟောင်းဘွတ်ရှ်ဟာ သူ့သမ္မတ သက်တမ်းနှစ်ခုအတွင်း မြန်မာ့အရေးကို အရေးတယူ ပြတ်ပြတ် သားသား ကိုင်တွယ်ခဲ့သူလို့ လှုပ်ရှား တက်ကြွသူတွေအကြား ထင်ရှားကြောင်း သူလက်ထက်မှာပဲ စစ်အစိုးရကို နှစ်ကြိမ်တိုင်တိုင် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ကြောင်း ဇနီးဖြစ်သူ Laura Bush ဟာလည်း မြန်မာ့အရေးကို စိတ်ဝင်စားပြီး ဒေါ်အောင်ဆန်းစုကြည်ကို တက်တက်ကြွကြွ အားပေးထောက်ခံခဲ့သူ ဖြစ်ကြောင်း သူဟာ ၂၀၀၈ ခုနှစ်အတွင်းမှာ ထိုင်း မြန်မာနယ်စပ်ကို သွားရောက်ခဲ့ပြီး အဲဒီမှာ မြန်မာဒုက္ခသည်တွေ လူမှုရေးအဖွဲ့တွေကို တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း Passport လျှောက်လွှာတွေ ကြန့်ကြာ

နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ နိုင်ငံကူးလက်မှတ်လုပ်ရာမှာ အခက်အခဲနဲ့အတူ ကြန့်ကြာမှုတွေ ကြုံနေရကြောင်း အကြောင်းပြချက် တိတိကျကျ မသိရဘဲ နေပြည်တော် ကို တင်ပြထားတယ်လို့သာ သက်ဆိုင်ရာဌာနက ပြောပေမယ့် ဒါဟာ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဖြစ်နေတာကြောင့်လားလို့ ယူဆစရာတွေ တွေ့နေရတယ်လို့လည်း နိုင်ငံကူးလက်မှတ် လျှောက်သူတွေက ပြောနေကြကြောင်း
သာမန်နိုင်ငံသားတစ်ဦးဆိုရင် ရက်ပေါင်း ၂၀ ကျော်၊ သီတင်းသုံးပတ်လောက်အတွင်း (Pass Port) နိုင်ငံကူးလက်မှတ် ရတာဖြစ်ပေမယ့် အခု နိုင်ငံရေးအကျဉ်းသားဟောင်း အများစုဟာ လနဲ့ချီကြာနေတာတောင် Pass Port စာအုပ် မရကြတဲ့ ပြဿနာ ကြုံနေကြရကြောင်း အဲဒီအထဲကမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဆိုရင် စာအုပ်လျောက်ထားတာ သုံးလနီးပါး ရှိနေပြီ ဖြစ်နေပေ မယ့် အခုထိ Pass Port စာအုပ်မရသေးသလို အတိအကျ စုံစမ်း မရဖြစ်နေတယ်လို့ ကိုကိုကြီးက ပြောကြောင်း
“ကျနော် နိုင်ငံကူးလက်မှတ်တင်တဲ့အချိန်တုန်းက တာဝန်ရှိတဲ့ သူတွေက သီးခြားညွှန်ကြားထားတာတွေ ရှိပါတယ်။ ကျနော်တို့ ထောင်ထွက်ဝရမ်းကို မိတ္တူဆွဲပြီးတင်ရမယ်ဆိုလို့ ကျနော်တင်တယ်။ နောက်တခါ သီးခြားလျှောက်လွှာ တစ်စောင်တင်ပါဆိုလို့ သို့-အတွင်းရေးမှူး၊ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့ ဆိုပြီးတော့ လိပ်မူတပ်ပြီးတော့ နောက်ထပ် တစ်စောင် ရေးရပါတယ်။ အဲဒီမှာ ကျနော်က ဘယ်နေ့၊ ဘယ် ရက်ကနေ ဘယ်ပုဒ်မနဲ့ ဘယ်နှစ်နှစ် ထောင်ဒဏ်ကျခံခဲ့ရ တယ်၊ဘယ်နေ့မှာ ပြန်လွတ်တယ်။ နောက် တစ်ကြိမ်အဖမ်းခံရတယ်၊ ပြန်လွတ်တယ်- အစရှိ သဖြင့်ပေါ့။ အဲဒါအားလုံးကို အပြည့်အစုံ ရေးပေးပါဆိုလို့ ကျနော် ရေးပေးရပါတယ်။ သုံးပတ်ပြည့်လို့ ကျနော် စုံစမ်းကြည့်တော့ တင်ထားတယ်လို့ပဲပြောတယ်။ အခုအချိန်အထိ ဘာမှ အကြောင်းမပြန်ဘူး။”
၂၀၁၂ ဇန်န၀ါရီလထဲမှာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထဲက ကျောင်းသားတွေဆိုရင် သက်ဆိုင်ရာတက္ကသိုလ်တွေကို ကျောင်းပြန်တက်ဖို့ လျောက်ကြပေမယ့် လည်း ကျောင်းပြန်တက်ခွင့်မရတာမျိုးတွေ ရှိနေကြောင်း နိုင်ငံထဲမှာ ကျောင်းပြန်တက်ခွင့်မရလို့ တိုင်းပြည်ပြင်ပမှာ ပညာသွားသင်လိုသူ၊ လေ့လာရေးနဲ့ဆွေးနွေးပွဲလိုမျိုး သွားတက် ချင်သူတွေအတွက်လည်း အလားတူ နိုင်ငံကူး လက်မှတ် ထုတ်မရတာတွေ ကြုံနေရတာလည်း ရှိကြောင်း
နှစ်ရှည် လူငယ်နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ blogger (ဘလော့ရေးသားသူ) ကိုနေဖုန်းလတ် ဆိုရင် ဖေဖော်ဝါရီလကတည်းက Pass Port လျှောက်ထားပေမယ့် အခုချိန်ထိမရသေးကြောင်းတရားဝင် ထုတ်ပြန်ချက်မရှိဘဲ တစ်နှစ် ဆိုင်းငံ့လုပ်ထားတဲ့အထဲမှာ ပါတယ်လို့သာ သိရတယ်လို့လည်း ကိုနေဖုန်းလတ်ကလည်း ရှင်းပြကြောင်း
“သင်္ကြန်မတိုင်ခင်က သွားစုံစမ်းတဲ့အခါကျတော့ သူတို့က - ကျနော်တို့ကိစ္စတွေက နေပြည်တော်တင်ပြီး board ထိုင်ရတယ်တဲ့- အဲဒီကနေပြီးမှ ဆုံးဖြတ်တယ် ဆိုပြီးတော့မှ ကျနော့်ကို သင်္ကြန်ပြီးမှ လာမေးပါ လို့ ပြောတယ်ဗျ။ အဲဒါနဲ့ သင်္ကြန်အပြီး ကျနော်သွားမေးတဲ့အခါကျတော့ ဘယ်သူကမှ အတိအကျ မပြောဘူး။ SB နဲ့ ကျနော် စုံစမ်းကြည့်တဲ့ အခါကျတော့ - ညီလေးတို့ဟာက တနှစ် ဆိုင်းငံ့ထဲမှာ စာရင်းပါနေတယ်တဲ့- တကယ်လို့ လိုချင်တယ်ဆိုရင်- ဟိုဘက်က တခုခု ဖိတ်စာနဲ့ - အဲဒါနဲ့ ထပ်ပြီးတော့ တင်ကြည့်ပါတဲ့- အဲလိုပြောတာနဲ့ ကျနော့်ကို အမေရိကား Iowa တက္ကသိုလ်က လုပ်တဲ့ International Writing Program – IWP ကပေါ့နော်။ အဲဒီက ဖိတ်ထားတာရှိတယ်ဗျာ။ ကျနော် အဲဒီကို သွားချင်တဲ့အတွက် ကျနော့်ကို နိုင်ငံကူး လက်မှတ် ထုတ်ပေးပါဆိုတာကို ကျနော် ပြန်ပြီးတော့ တင်ထားတယ်ဗျ။ အဲဒါကတော့ ဘာမှ အကြောင်း မပြန်သေးဘူး။”
ဒီမိုကရေစီနဲ့အတူ အပြောင်းအလဲဘက်ကို သွားနေတဲ့ မြန်မာနိုင်ငံအတွက် တိုးတက်မှုတွေ ပိုရှိ လာအောင် ပြည်ပရောက် ပညာရှင် မြန်မာနိုင်ငံသားတွေ ပြန်လာပြီး အလုပ်လုပ်ကြဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် မကြာသေးခင် ရက်ပိုင်းကပဲ ထပ်မံတိုက်တွန်းပြောဆိုထားကြောင်း ဒါပေမယ့် ပြည်ပနေထိုင်သူတွေ ပြန်ဖို့ ကန့်သတ်ချက်တွေရှိနေဆဲ ဖြစ်နေသလို ပြည်တွင်းမှာဆိုရင် လည်း ပြည်ပထွက်လိုတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ခွဲခြားဆက်ဆံခံထားရတယ်လို့ မြင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက သုံးသပ်ကြောင်း
“ကျနော်တို့ နိုင်ငံသားချင်းတူရင်တောင်မှ နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ထောင်ဒဏ်တွေ နှစ်ပေါင်းများစွာ ကျခံရတယ်။ ထွက်လာပြီးတဲ့အချိန်မှာလည်း သာမန်နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးတောင်မှ မရဘူး ဆိုရင်တော့ ကျနော်တို့က ဒုတိယတန်းစား နိုင်ငံသားတစ်ယောက်လိုမျိုး ခွဲခြားဆက်ဆံခံနေရတယ်လို့ပဲ ခံစားရတယ်။ ပြည်ပက ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျနော်တို့ ပြည်တွင်းမှာက အခု ချိန်အထိ အရွယ်နဲ့မမျှတဲ့ မချိမဆန့် ထောင်ဒဏ်တွေ ချပြီးတဲ့အပြင်မှာကို နောက်ထပ် ထပ်ပြီး ပိတ်ဆို့မှုတွေ အခုအချိန်အထိ ခံနေရဆဲ ဖြစ်နေတာပေါ့။”
သူတို့လိုပဲ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ ဆိုရင်လည်း ပြင်သစ်နိုင်ငံကိုသွားဖို့ အစီအစဉ်ရှိပေမယ့် အခုအချိန်အထိ နိုင်ငံကူးလက်မှတ် မရသေးတဲ့ အခြေအနေမျိုး ကြုံနေရတာလည်း ရှိနေကြောင်းဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပြီဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ဇွန်လ ဒုတိယပတ်လောက်ထဲမှာ နော်ဝေနဲ့ ဗြိတိန်နိုင်ငံတွေကို ခရီးထွက်ဖို့ စီစဉ်ထားကြောင်း သိရသည်။

LWIN PWIN
NLABR
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...