Friday, May 11, 2012

အိန္ဒိယ လုပ်ငန်းရှင်ကြီးများ မြန်မာတွင် လုပ်ကိုင်ရန် အရှိန်မြှင့်လာ

 

အိန္ဒိယ လုပ်ငန်းရှင်ကြီးများ မြန်မာတွင် လုပ်ကိုင်ရန် အရှိန်မြှင့်လာ



မြန်မာသတင်းများ မေလ ၁၂ ရက် ၂၀၁၂ ခုနှစ်
ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ မသွားရောက်မီတွင် အိန္ဒိယ
ကော်ပိုရေးရှင်းများ၏ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုများ အရှိန်မြှင့်လာနေ သည်ကို တွေ့ရကြောင်း...။
မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အအုံ ချို့တဲ့မှုနှင့် နိုင်ငံရေး မရေရာမှုများကြောင့် အိန္ဒိယကုမ္ပဏီများအတွက် သွားရောက် ရင်းနှီးမြှုပ်နှံရန် နှောင့်နှေးခဲ့ရသော်လည်း ယခုအခြေအနေတွင်မူ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ONGC Videsh ရေနံကုမ္ပဏီက ယူဆကြောင်းONGC Videsh မှာ ရွှေ သဘာဝဓါတ်ငွေ့လုပ်ကွက် နှစ်ခုတွင် ဒေါ်လာသန်း တထောင် ရင်းနှီးမြှုပ်နှံထားကြောင်းထိုသို့သော မြေအောက်သယံဇာတလုပ်ငန်းတွင် သာမက အခြားသော ကဏ္ဍများ၌လည်း ရင်းနှီးမြှုပ်နှံရန် အိန္ဒိယမှ ဆန္ဒရှိကြကြောင်း..။


အိန္ဒိယအစိုးရမှ မြန်မာအား ထပ်မံပေးအပ်ထားသည့် ဒေါ်လာ သန်း ၅ဝဝ (ပစ္စည်းဖြင့်) ချေးငွေသည်လည်း အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်ကြီးများအတွင် အခွင့်အလမ်းတခုအဖြစ် ရှုမြင်နေကြကြောင်းအခြားသော စီးပွားရေးလုပ်ငန်းများအနက် Tata Mortors ၊ RITES နှင့် United Bank of India (UBI) တို့မှာ
မြန်မာပြည်တွင်း စီမံချက်များ ချမှတ်လုပ်ကိုင်လျက် ရှိနေကြကြောင်း UBI ဘဏ်မှာ မြန်မာ့ နိုင်ငံတော်ဘဏ် သုံးခုနှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီး လွန်ခဲ့သော လေးနှစ်တာ ကာလကတည်းကနယ်စပ်ကုန်သွယ်ရေးကိစ္စများဆောင်ရွက်လာနေခြင်း ဖြစ်ကြောင်း အိန္ဒိယ ဗဟိုဘဏ် RBI သည်လည်း မကြာမီ မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရသည်။

လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်အဖွဲ့ EU ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ တွေ့ဆုံဆွေးနွေးရတာဟာ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ဆက်လက် ဆွေးနွေးရတဲ့ အခွင့်အလမ်းကောင်း တစ်ခုပါပဲလို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ Ms Catherine Ashton က ပြောကြားလိုက်ကြောင်း
ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရှိနေတဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ မနေ့ညက တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ်က ပဋိပက္ခ ဖြေရှင်းရေး နောက်ဆုံးကြိုးပမ်းမှု အပါအ၀င် တိုင်းရင်းသားဒေသတွေက အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အီးယူက မနေ့က့ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ပါရှိကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့  အဖွဲ့ဟာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ Herman Vam Rompuy နဲ့လည်း ဥရောပပါလီမန်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အီးယူ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သူရဦးရွှေမန်းတို့  ပထမဆုံးကြိမ် တွေ့ဆုံဆွေးနွေးမှုဟာ နိုင်ငံတကာ အသိုင်းအ၀ိုင်း မှာ မြန်မာနိုင်ငံ ပြန်လည်ဝင်ရောက်ဖို့အတွက် အလားအလာကောင်းတစ်ခု ဖြစ်တယ်လို့ ဥရောပသမဂ္ဂ အရာရှိတွေက ပြောကြောင်းအီးယူ ဥရောပသမဂ္ဂ ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရပ်ဆိုင်းခဲ့ တာဖြစ်ပြီး မနက်ဖြန်မှာ စတင် အသက်ဝင်တော့မှာ ဖြစ်ကြောင်းဒါ့အပြင် ၁၉၉၀ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့တဲ့ Sakharvov ဆုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ယူဖို့ အတွက်ကိုလည်း အီးယူပါလီမန်က ထပ်မံ တိုက်တွန်းခဲ့ကြောင်း သိရသည်။

HIV ပိုးရှိသူ တသိန်းခန့် ဆေးဝါး အရေးပေါ် လိုအပ်နေ

မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံရသူ ၂၄၀,၀၀၀ ခန့် ရှိသည့်အနက် တသိန်းခန့်မှာ ART
ဆေးဝါး အရေးပေါ် လိုအပ်နေကြောင်း ယခင်က ခုနှစ်သောင်းခန့် အတွက်သာ အရေးတကြီး လိုအပ်ခဲ့သော်လည်း ယခုကဲ့သို့ ပိုမိုများပြားလာရခြင်းမှာ ယခင်က CD4 ဆဲလ်အရေအတွက် ၂ဝဝ ရှိသူများကိုသာ ART ဆေးတိုက်ကျွေးခဲ့ပြီး ယခု ၃၅ဝ ရှိသူများကိုပါ တိုက်ကျွေးရန် ပြောင်းလဲလိုက်သောကြောင့် ဖြစ်သည်ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဒေါက်တာစစ်နိုင် က ပြောသည်။

မြန်မာနိုင်ငံသို့ ငှက်ဖျား၊ တီဘီ၊ HIV တို့အတွက် ထောက်ပံ့နေသော Global Fund အဖွဲ့မှ ထောက်ပံ့မှုများ ဖြတ်တောက် လိုက်ပြီးနောက် လူနာသစ်များအား ART ဆေးဝါး မပေးနိုင်သေးကြောင်း ၂ဝ၁၁ ခုနှစ် နိုဝင်္ဘာလက ရန်ပုံငွေ အခက်အခဲကြောင့် Global Fund ထောက်ပံ့မှုများ မြန်မာနိုင်ငံအပေါ် ဖြတ်တောက် ခဲ့ခြင်း ဖြစ်ကြောင်း

ရန်ကုန်မြို့ တောင်ဒဂုံနှင့် မြောက်ဒဂုံတို့ရှိ HIV ပိုးကူးစက်ခံရသူများ ထိန်းသိမ်း စောင့်ရှောက်ရေး ဂေဟာတွင် ယခင် က ဝေဒနာရှင်ဦးရေ ၂၀၀ ရှိရာမှ ၃၀၀ ထိ တိုးမြင့်လာခြင်းကို ကြည့်ခြင်းအားဖြင့် ART ဆေးဝါး သောက်သုံးရမည့် သူများ အတွက် ပိုမိုခက်ခဲလာသည်ဟု ဂေဟာ တာဝန်ခံ ဒေါ်ဖြူဖြူသင်းက ပြောကြောင်း
HIV ပိုးကူးစက်ခံရသူ ပိုများလာသဖြင့် ရရှိသည့် ရန်ပုံငွေနှင့် လုံလောက်မှု မရှိကြောင်း၊ မိုးတွင်းရောက်လာသဖြင့်ဂေဟာအတွင်း နေထိုင်ရန် လုံလောက်မှု မရှိသဖြင့် နေရာသစ်ပြန်လည် ရှာဖွေနေကြောင်း ART ဆေးဝါး အများဆုံးထောက်ပံ့ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအသင်း MSF ၏ အဆိုအရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုးရှိသူ ၃ဝ,ဝဝဝ ပြည့်အောင်ပင် ဆေးဝါးကုသမှု မရရှိသေးဟု ဆိုသည်။
ဆရာဝန်များအနေနှင့် ဆေးဝါးများကို ခွဲတမ်းစနစ်ဖြင့် ပေးနေရကာ အခြေအနေ အဆိုးဆုံး ဝေဒနာသည်များကိုသာဆေးညွှန်းရေးပေးနေရသည်ဟုလည်း ဆိုကြောင်း
ရောဂါရင့်မှ ဆေးခန်းရောက်လာ၍ သေဆုံးကြရသူ နှုန်းမှာလည်း ၂ဝ၁၁ ခုနှစ်အတွင်း ၂၅ ရာခိုင်နှုန်း ရှိလာကြောင်း MSF က ဆိုသည်။ ကုလသမဂ္ဂ ၂ဝဝ၉ ခုနှစ် ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် HIV ရောဂါပိုး ကူးစက်ခံပြီး နှစ်စဉ် လူ ၁၈,ဝဝဝ ခန့် သေဆုံးနေကြောင်း

မြန်မာနိုင်ငံ လူဦးရေ၏ ၃၃ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုအောက် ရောက်နေရသဖြင့် တလလျှင် ဒေါ်လာ ၃ဝ ဖိုး ကုန်ကျမည့် ART ဆေးဝါးအတွက် ဝေဒနာသည်များ မတတ်နိုင်ကြကြောင်း MSF က ဆိုသည်။
အစိုးရ ကျန်းမာရေးဝန်ကြီးဌာနတွင်လည်း ဘဏ္ဍာငွေ အလွန်ကြပ်တည်းလျက်ရှိသည်။ ဌာနအတွက် လိုအပ်သော ဘဏ္ဍာငွေ၏ ၄၃ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း ဝန်ကြီး ဒေါက်တာဖေသက်ခင်က ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက လွှတ်တော်တွင် ပြောကြားခဲ့ကြောင်း လိုအပ်သည်မှာ ကျပ်သန်းပေါင်း ၈,ဝဝဝ ဖြစ်သော်လည်း ကျပ်သန်း ၃,၅ဝဝ သာ ရရှိခဲ့၍ အစိုးရဆေးရုံ ဆေးခန်းများတွင် ဆေးဝါးမလုံလောက်မှု၊ လုပ်ငန်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်

အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို

ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်၊ ခဂရန်းယန် ကျေးရွာတွင် တပ်စွဲထားသော
မြန်မာအစိုးရ၏ တပ်စခန်းတခုအား ကချင် လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ကြောင်း

အစိုးရ၏ ခလရ ၁၃၈ လက်အောက်ခံ အဆိုပါတပ်စခန်းကို KIO တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့များက ကြာသပတေးနေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်ပြီး တိုက်ပွဲတွင် အစိုးရတပ်မှ တပ်ရင်းမှူး အပါအဝင် ခြောက်ဦး ကျဆုံးခဲ့သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ပြောကြောင်း
အစိုးရဘက်မှ ကျဆုံးသူ ခြောက်ဦးတွင် ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး ပါဝင်ပြီး KIA ဘက်မှ တဦး ဒဏ်ရာသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသော်လည်း သီးခြားအတည်ပြုချက် မရယူနိုင်သေးကြောင်းသို့သော် နေပြည်တော်ရှိ အစိုးရနှင့် နီးစပ်သူတဦးအဆိုအရ အစိုးရတပ် အင်အား ၃၅ ဦး ရှိရာ ထိုတပ်စခန်းအား KIA ဘက်မှ အင်အား ၁ဝဝ ခန့်က တိုက်ခိုက်ခဲ့ရာ အင်အားမမျှ၍ အစိုးရဘက်မှ ၆ ဦးသေဆုံးက ၈ ဦး ပျောက်ဆုံးနေ ကြောင်း အနီးရှိ လှုပ်ရှား တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း

ထိုတိုက်ပွဲမှ ၆ဝ မမ တလက်နှင့် ၎င်းဗုံးသီး ၆ လုံး၊ MA 4 စက်လက် ၁၈ လက်နှင့် ၎င်းကျည် ၂ဝ တောင့်၊ MA ကျည် ၁,ဝဝဝ၊ ဗုံးသီး ၁ဝ လုံး၊ သေနတ်တို ၁ လက်၊ စစ်ဝတ်စုံ၊ ကုလားပဲ ၉ အိတ်၊ ဆားအိတ် ၆ အိတ်၊ ဆန် တပေပါနှင့် အိတ် ၁ဝဝ တို့ KIA မှ သိမ်းဆည်းရမိသည်ဟု KIA ရှေ့တန်းသတင်းက ဆိုကြောင်း
ဆုတ်ခွါသွားသည့် အစိုးရတပ်ဖွဲ့များမှာ မေလ ၅ ရက်နေ့က ဆွမ်ပရာဘွမ်မြို့ရှိ KIO ၏ ဆက်ဆံရေး ရုံးအား မီးရှို့ ဖျက်ဆီးခဲ့သည့် တပ်ဖွဲ့များဖြစ်သည်ဟု KIA ၏ ရဲဘော်တဦးက စွပ်စွဲပြောဆိုကြောင်း

မေလ ၈ ရက်နေ့က ဗန်းမော်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲအတွင်းရှိ KIO ၏ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၁၉ တပ်စခန်းကို အစိုးရစစ်တပ်ဖွဲ့က သိမ်းယူလိုက်သည်။ KIA တပ်ဖွဲ့က ပြန်လည်သိမ်းယူရန် သွားရောက် တိုက်ခိုက်စဉ် KIA တပ်သားတဦး ကျဆုံးခဲ့ကြောင်း KIO နှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး သုံးကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ရာ မေလ ၈ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁,၃ဝဝ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်ကို ဖွဲ့စည်းခဲ့သော်လည်း ယနေ့ထိ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနှင့်မျှ ပြန်လည် တွေ့ဆုံခြင်း မရှိသေးကြောင်းသိရသည်။

ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့် မဟာဗျူဟာ သမ္မတ ညွှန်ကြား

ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေးအတွက် ဒုတိယအဆင့် မဟာဗျူဟာ ရေးဆွဲကာ ပြုပြင်ပြောင်းလဲမှုများ လုပ်သွားရန် သောကြာနေ့နံနက် နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က လမ်းညွှန် မှာကြားသွားသည်ဟု သမ္မတရုံး၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားကြောင်း
ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအား အရင်းအမြစ်တို့ကိုလည်း နိုင်ငံ၏ ဘဏ္ဍာငွေ တခုတည်းအပေါ် မှီခိုလုပ်ဆောင်ခဲ့ရာမှ နိုင်ငံတကာအကူအညီများ ရရှိရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် လိုအပ်သည်ဟုလည်း သမ္မတက ပြောကြားသွားကြောင်း ပြည်ပရောက် မြန်မာ ပညာရှင်များ၊ ဘာသာရပ် ကျွမ်းကျင်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များသာမက အလုပ်မျိုးစုံ သွားရောက်လုပ်ကိုင်နေကြသူများ ပြန်လာရေးနှင့် စီးပွားရေး အလုပ်အကိုင်များ ပြန်လည် လုပ်ကိုင်နိုင်ရေးအတွက် အခက်အခဲများ တင်ပြလာလျှင် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သူ သမ္မတ ဦးသိန်းစိန်က “ငြိမ်းချမ်းရေးဆွေးနွေးသဘောတူပြီးသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအား အရင်းအဖြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်ပြောဆိုသွားကြောင်းသောကြာနေ့ မနက် အစည်းအဝေးသို့ ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြကြောင်း

ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ နှုတ်ထွက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ဒု-သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးမှာ သောကြာနေ့ အစည်းအဝေးသို့ တက်ရောက်လာခြင်း မရှိကြောင်း
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အာင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်းတို့မှာ မေလ ၅ ရက်နေ့မှစ၍ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှာလည်း မေလ ၆ ရက်နေ့မှစ၍ ဥရောပ နိုင်ငံများသို့ ချစ်ကြည်ရေးခရီး ထွက်လျက်ရှိကြောင်း သိရသည်။

အဓမ္မ ခိုင်းစေမှု ပပျောက်ရေး ILO နှင့် အစိုးရ သဘောတူ

အဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံးဝပပျောက်ရန် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်(ILO)နှင့် မြန်မာအစိုးရတို့ သဘောတူညီမှုရရှိကြောင်း သတင်းရသည်။ မြန်မာနိုင်ငံကို ခေတ္တ ရောက်ရှိနေသော ILO အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဂရက် ဗီးနက်စ် နှင့် တွေ့ဆုံရာ၌ တပ် မတော် ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အဓမ္မ ခိုင်းစေမှုများ ပပျောက်စေရန် တပ်မတော်ကို ညွှန်ကြားမည်ဟု ကတိပြုပြောဆိုလိုက်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ(DVB)က ဖော်ပြသည်။

ဘုရားသုံးဆူ ဓားစာခံများ လွတ်မြောက်လာ

အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသော ဘုရားသုံး ဆူမြို့ခံ ၄ ဦး ယမန်နေ့ညနေပိုင်းက လွတ်မြောက် လာပြီး နေရပ်ရင်းသို့ ပြန်လည်ရောက်ရှိလာသည်။ ဖမ်းဆီးခံရစဉ် နှိပ်စက်ခြင်း၊ ငွေတောင်းခြင်း လုံးဝမရှိကြောင်း၊ ကျန်းမာရေး ထိခိုက်မှုများလည်း မရှိကြောင်း လွတ်မြောက်လာသူများက ဧရာဝတီကို ပြောသည်။ လွတ်မြောက်လာသူများကို အာဏာပိုင်များက ခေါ်ယူစစ်ဆေးမေးမြန်း လျက်ရှိသည်ဟု ဆိုသည်။ မေလ ၈ ရက်နေ့က ဓားစာခံအဖြစ် ၇ ဦးကို ဖမ်းဆီးခဲ့ရာ ၃ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားပြီး ယခုလွတ်လာသူ ၄ ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်ရုံး ၀က်ဘ်ဆိုက် ထုတ်လွှင့်

သမ္မတရုံး ၀က်ဘ်ဆိုက်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ယနေ့ စတင်၍ လွှင့်တင်လိုက်ပြီဖြစ်သည်။ လတ်တလောတွင် သတင်းနှင့် ဓာတ်ပုံ တချို့အပါအ၀င် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ရုံး သတင်းပြန်ကြားရေးဌာန ဟူသော အဖွင့် စာမျက်နှာ၏ ခေါင်းစည်းပိုင်း၌ ဖော်ပြထားသည့် ယင်း ၀က်ဘ်ဆိုက် ကို http://www.president-office.gov.mm/ လိပ်စာတွင် ၀င်ရောက် ကြည့်ရှု နိုင်သည်။

သမ္မတရုံးအင်တာနက်စာမျက်နှာ စတင်ဖွင့်လှစ်

မြန်မာနိုင်ငံမှာ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းပြန်ကြားရေးရုံးကနေ ပထမဆုံး Website ကို ဒီကနေ့ စတင်လိုက်ကြောင်း
မြန်မာဘာသာနဲ့ ရေးသားထားတဲ့ Website မှာ သမ္မတရုံးနဲ့ ပတ်သက်တဲ့သတင်းတွေ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော်စသဖြင့် ကဏ္ဍတွေ ခွဲပြီးတော့ တင်ဆက်ထားတာကိုတွေ့ရကြောင်း ဒီကနေ့ တင်ထားတဲ့ သတင်းကတော့ သမ္မတနဲ့ တာဝန်ရှိသူတွေ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေး ပြုလုပ်နေတဲ့ပုံဖြစ်ကြောင်း
ထူးခြားတာက ဒီသတင်းနဲ့ အတူ ဖော်ပြထားတဲ့ ဓာတ်ပုံထဲမှာ သမ္မတရဲ့ ညာဘက်ထိပ်မှာ ထိုင်ခုံတနေရာ လစ်လပ်နေတာကို တွေ့ရကြောင်း သတင်းထဲမှာလဲ တက်ရောက်သူများစာရင်းမှာ ဒုတယသမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ နာမည်ဖော်ပြထားခြင်းလည်း မရှိကြောင်း
ဒါဟာ ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတရာထူးကနေ နုတ်ထွက်တယ်ဆိုတဲ့သတင်းကို သွယ်ဝိုက်ပြီး ဖော်ပြ လိုက်သလားလို့ သုံးသပ်မှုတွေလည်း ရှိနေကြောင်း သိရသည်။

ဦးရွှေမန်း ဥရောပ ပါလီမန် လေ့လာ

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်အမတ် နှစ်ဦးပါဝင်သည့် လေ့လာရေးအဖွဲ့သည် ယမန်နေ့က ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်သို့ သွားရောက် လေ့လာကြသည်။ ဥရောပသမဂ္ဂ(EU)ဥက္ကဋ္ဌ Herman Van Rompuy နှင့် EU နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Catherine Ashton တို့ကိုလည်း တွေ့ဆုံကြောင်း၊ ဥရောပ ပါလီမန် ဥက္ကဌ Martin Schulz က မြန်မာနိုင်ငံ၏ အပြောင်းအလဲများကို အသိအမှတ်ပြုသည့် အနေဖြင့် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးကြရခြင်း ဖြစ်သည်ဟု ပြောဆိုကြောင်း သိရသည်။ ဦးရွှေမန်းနှင့် အစိုးရ တာဝန်ရှိသူများသည် ဂျာမနီ နှင့် ဘယ်လ်ဂျီယံ နိုင်ငံ လွှတ်တော်များကို လေ့လာရန် မေလ ၆ ရက်က ခရီးစဉ်စတင်ခဲ့ခြင်း ဖြစ်သည်။

ဘုရားသုံးဆူ၌ ပစ်ခတ်မှုဖြစ်၊ တဦးသေဆုံး

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင် ယမန်နေ့ညပိုင်းက အမည်မသိလက်နက်ကိုင်များ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတဦး သေဆုံးသွားကြောင်း မြို့ခံများက ပြောသည်။ မြို့ပေါ်တွင် မကြာခဏ ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှုများဖြစ်ပွားသဖြင့် မြို့ခံများမှာ စိုးရိမ်ကြောက်လန့်နေကြရသည်ဟု ဆိုသည်။ ယခုလ ၈ ရက်နေ့ကလည်း မြို့ပေါ် ရပ်ကွက်(၂) ငုဝါလမ်းထိပ်ရှိ ထမင်းဆိုင် တ ဆိုင်တွင် မြို့ခံ ၇ ဦးကို အမည်မသိလက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးကာ ပြန်ပေးအဖြစ်ခေါ်ဆောင်သွားကြောင်းလည်း မြို့ခံများက ပြောသည်။

ရွှေမင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းစေလို

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ လုံခြုံရေးတာဝန်ခံ ဦးကျော်စိုးနိုင် နှင့် Weekly Express Times သတင်း ထောက် ကိုဟိန်းကိုစိုး တို့၏ အငြင်းပွားမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူနှင့် သတင်းစာဆရာကြီး ဦးဝင်းတင် က ပြောကြောင်း ရန်ကုန်မြို့ UMFCCI ၌ မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အခမ်းအနား၌ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ရွှေ မင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းတို့ ၏ နှုတ်ဆက်စကား ပြောဆိုနေသည့် ဓာတ်ပုံအား ရိုက်ကူးရာမှ ပြဿနာ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေတူးဖော်ရေး ကုမ္ပဏီတွေကို လယ်သမားများက တရားစွဲ

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ဟုမ္မလင်းနယ်မှာရှိတဲ့ စပါးခင်းတွေ အမြောက်အများဟာ အဲဒီအနီးအနားမှာ ရွှေတူးနေတဲ့ ကုမ္ပဏီတွေကြောင့် ပျက်စီးကုန်လို့ ဒီနေ့ မြို့နယ် တရားရုံးမှာ လယ်သမားတွေက တရားစွဲလိုက်တယ်လို့ သိရပါတယ်။

Myth အထည်ချုပ်စက်ရုံ အလုပ်သမား လုပ်ခလစာ တိုးပေးရေး တောင်းဆိုဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် ၇၊ ရွှေဘိုလမ်းမှာရှိတဲ့ Myth အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ လောက်ဟာ ဒီကနေ့ ညနေပိုင်းက မရမ်းကုန်းမြို့နယ် အလုပ်သမားရုံးမှာ လုပ်ခလစာ တိုးပေးရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

၈၈ မျိုးဆက်နဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး တွေ့ဆုံဆွေးနွေး

ပြည်တွင်းငြိမ်းချမ်းရေးမှာ မျိုးဆက်သစ်လူငယ်တွေ ပူးပေါင်းပါဝင်ရေးနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave အဖွဲ့က လူငယ်တွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း သိရပါတယ်။

မူးယစ်ဆေးကိစ္စ စစ်ဆေးပေးဖို့ DEA ကို ဒီကေဘီအေ ဖိတ်ခေါ်

ဒီကေဘီအေ ကလိုထူးဘောအဖွဲ့ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး ခေါ် ဗိုလ်ချုပ် စောလားပွယ်က မိမိအနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးဖို့ အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန (DEA) အပါအ၀င် ထိုင်းနဲ့ မြန်မာအာဏာပိုင်တွေကို မိမိတို့နယ်မြေအတွင်း လာရောက်စစ်ဆေးဖို့ စာရေးသား ဖိတ်ကြားထားကြောင်း ပြောဆိုခဲ့ပါတယ်။

မန္တလေး ဟိုတယ်ဇုန်အတွက် မြေဧက ၃ ထောင်ကျော် သတ်မှတ်

မန္တလေးဟိုတယ်ဇုန်ကို တံတားဦးနှင့် အင်းဝ အကြားရှိ မြေဧက ၃ ထောင်ကျော်ပေါ်တွင် တည်ဆောက်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန်မှ တာဝန်ရှိသူတဦးကပြောကြောင်း၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက အမရပူရမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ကျော်ရှိ ရှမ်းကလေးကျွန်းတွင် မြေဧက ၅၅၀ အသုံးပြုပြီး ဟိုတယ်အလုံးပေါင်း ၉၀ ကျော်ထည့်သွင်း တည်ဆောက်ရန် ယာယီသတ်မှတ်ထားသော်လည်း ဒေသခံများ၏ ကန့်ကွက်မှုနှင့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်၏ ခွင့်ပြုမိန့် မရရှိသည့်အတွက် လုပ်ငန်းများ ရပ်တန့်ထားခဲ့ရကြောင်း
မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်က ယခုအခါ တံတားဦးနှင့် အင်းဝ အကြားတွင် ဟိုတယ်ဇုန်တည်ဆောက်ရန်အတွက် မြေနေရာ ဧက ၃ ထောင်ကျော် သတ်မှတ်ပေးလိုက်သောကြောင့် ပထမ လျာထားသည်ထက် အဆပေါင်းများစွာ ဟိုတယ်များ တိုးချဲ့ဆောက်လုပ် ခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။

တည်းခိုစရိတ်မြင့်လျှင် ခရီးသွားလုပ်ငန်း ထိခိုက်နိုင်

ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရန် စိတ်ဝင်စားခံနေရသော မြန်မာနိုင်ငံ၌ ဟိုတယ်ခဈေးနှုန်းများ ရုတ်တရက် ၂ ဆခန့် မြင့်တက် သွားခြင်းကြောင့် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်မှု ထိခိုက်နိုင်ကြောင်း ပြောဆိုဝေဖန်မှုများ ထွက်ပေါ်နေကြောင်း ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၊ ချတ်ထရီယန် (Chatrium) ဟိုတယ်၊ ပတ်ခ်ရွိုင်ရယ် (Park Royal) ဟိုတယ်၊ ကန်တော်ကြီး ပဲလေ့စ် ( Kandawgyi Palace) ဟိုတယ်၊ စထရင်းဟိုတယ်၊ ဆီဒိုနားဟိုတယ်စသည့် နိုင်ငံခြားခရီးသွားများ တည်းခိုနိုင်သော ဟိုတယ်ကြီးများမှာ တည်းခိုခ တရက်လျှင် အမေရိကန်ဒေါ်လာ ၈၀ ခန့်မှ ဒေါ်လာ ၂၀၀ နီးပါး မြင့်တက်သွားကြောင်း၊ လာမည့်ခရီးသွားရာသီတွင် ဒေါ်လာ ၃၅၀ ခန့်အထိ မြင့်တက်နိုင်ကြောင်း ပြည်တွင်းအခြေစိုက် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။
ဈေးနှုန်းများ မြင့်တက်သွားသောကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များကို လက်ခံနိုင်ခြင်း မရှိသေးသကဲ့သို့ ဟိုတယ်များကလည်း မည်သည့်နှုန်းထားဖြင့် လက်ခံမည်ကို ပြောဆိုသတ်မှတ်ပေးခြင်း မရှိသေးကြောင်း၊ ထို့ကြောင့် ခရီးသွားလုပ်ငန်းတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်းကမ္ဘာလှည့်ခရီးသွားများကိုဆွဲဆောင်နိုင်သည့် ရေမြေတောတောင်သဘာဝရှိသော မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံဖြိုးရေးမှာ အထူးအရေးကြီးကြောင်း၊ ရုတ်တရက် ဈေးနှုန်းများ မြှင့်တင်လိုက်ခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် လာရောက်လည်ပတ်ရန် တွန့်ဆုတ်သွားနိုင်ကြောင်း မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များမှာ ပြည်ဝင်ခွင့်ဗီဇာ၊ ဟိုတယ်၊ ကား၊ ဧည့်လမ်းညွှန်စသည့် ကိစ္စရပ်များကို ၆ လခန့် ပြည်တွင်းအခြေစိုက် ခရီးသွားကုမ္ပဏီများနှင့် ကြိုတင်ဆောင်ရွက်ရကြောင်းထိုသို့ ဈေးနှုန်းများ ကမောက်ကမ ဖြစ်ပွားခြင်းမှာ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသွားဦးရေမှာ များပြားပြီး တည်းခိုနိုင်သည့် ဟိုတယ် နည်းပါးခြင်းကို အခွင့်ကောင်းယူ၍ ဈေးနှုန်းမြှင့်တင်ခြင်း၊ ယခင်အရှုံးပေါ်နေသည့် ဟိုတယ်လုပ်ငန်း ကုန်ကျစရိတ်ကို ကာမိစေရန် တိုးမြှင့်ကောက်ခံခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဧည့်လမ်းညွှန်တဦးဖြစ်သော ကိုမောင်မောင်စိုးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဟိုတယ်ခ ဈေးနှုန်းများမှာ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဈေးနှုန်းများဖြစ်နေပြီး ထိုင်း၊ စင်ကာပူ စသည့် နိုင်ငံများမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးများနှင့် တန်းတူနီးပါးဖြစ်နေကြောင်း၊ ပြည်ပခရီးသွားလုပ်ငန်း ဈေးကွက်တွင် အကျပ်ရိုက်နိုင်ကြောင်း
ထိုသို့ဈေးနှုန်းများ မြင့်တက်မှုကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ၀င်ရောက်ညှိနှိုင်းပေးသော်လည်းမအောင်မြင်ကြောင်း၊ ဈေးနှုန်းမြင့်တက်မှု၏ နောက်ဆက်တွဲအဖြစ်သယ်ယူပို့ဆောင်ရေး၊ဧည့်လမ်းညွန်စသည့်ကဏ္ဍများတွင်လည်း မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ အတွင်းရေးမှူး ဦးတင်ထွန်းအောင်ကလည်း ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု များပြားလာချိန်တွင် တည်းခိုခဈေးနှုန်းများ မြင့်တက်ခြင်းမှာမဖြစ်သင့်ကြောင်း၊ ရေရှည်တွင် မြန်မာခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်သည့်အတွက် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ထိန်းချုပ်ရန်လိုကြောင်း
မကြာသေးမီရက်ပိုင်းက အာဏာရှင်ဟောင်း ဦးနေ၀င်း၏သမီး ဒေါ်စန္ဒာဝင်းပိုင် န၀ရတ်ဟိုတယ် အပါအ၀င် ပိတ်ထားသည့် ဟိုတယ်တချို့ကို ပြန်လည်ဖွင့်ခွင့်ပေးခဲ့ကြောင်း ထိုအပြင် တည်းခိုခန်းတချို့ကို အဆင့်မြင့် ပြင်ဆင်မှုများ ပြုလုပ်စေပြီး ဟိုတယ်ဖွင့်ခွင့်ပေးခြင်းများလည်း ပြုလုပ်ခဲ့သေးကြောင်း
မြန်မာနိုင်ငံတွင် ဟိုတယ်အများစုမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ဒေသများတွင် သာတည်ရှိကြပြီး မကြာသေးမီက နိုင်ငံခြားသားများ သွားရောက်ခွင့်ပြုခဲ့သည့် ချင်းပြည်နယ် ဟားခါးမြို့၊ မင်းတပ်၊ ကန်ပက်လက် စသည့် တိုင်းရင်းသား နယ်မြေများတွင် မရှိသလောက်နည်းပါးကြောင်းလေ့လာသူများကမူ တည်းခိုရန် မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် တခြားသော အိမ်နည်းချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် Home Stay ခေါ် ရပ်ရွာများရှိ ဒေသခံနေအိမ်များတွင် အခပေး တည်းခိုနေထိုင်သည့် စနစ်ကို အသုံးပြုသင့်ကြောင်း အကြံပေးမှုများလည်း ရှိနေကြောင်း
UMTA အတွင်းရေးမှူး ဦးတင်ထွန်းအောင်ကမူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနအနေဖြင့် လောလောဆယ်တွင် Home Stay စနစ်ကို ကျင့်သုံးမည်ဟု ပြောဆိုမှု မရှိသေးသော်လည်း တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အများသိရှိနိုင်ရန်နှင့် ပြည်နယ်များ ဖွံဖြိုးတိုးတက်ရေး လိုအပ်ကြောင်း ပြောကြောင်း
၂၀၁၀–၂၀၁၁ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား ဦးရေမှာ ၃ သိန်းခန့်ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ၁၅ သန်း၊ ဗီယက်နမ်သို့ ၅ သန်း၊ ကမ္ဘောဒီးယားသို့ ၃ သန်း၊ လာအိုနိုင်ငံသို့ ၁ သန်းခန့် လာရောက်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရကြောင်း
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ရောက်ပြီးသည့်နောက် အမေရိကန်အပါအ၀င် ဥပရောပနိုင်ငံများက ပိတ်ဆို့ အရေးယူမှုတချို့ကို ရုတ်သိမ်းပေးလိုက်ရာ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ အများအပြား လာရာက်လည်ပတ်လျက်ရှိကြောင်း လာမည့်ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွား ဦးရေ ၁ သန်းခန့် လာရောက်မည်ဟု ခန့်မှန်းနေကြကြောင်းသိရသည်။


အလွဲသုံးစားမှု သတင်းရေးသူဖော်ထုတ်ဖို့ တရားလိုတောင်းဆို

အပတ်စဉ်ထုတ် The Voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ မေလ ၁၁ ရက် သောကြာနေ့မနက်က ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် တရားရုံးမှာ ကြားနာစစ်ဆေး ပါတယ်။ တရားစွဲသူ သတ္ထုတွင်းဝန်ကြီးဌာနဘက်က သတင်းရေးသားသူရဲ့ အမည်ကိုဖော်ပြဖို့ ရုံးတော်မှာ လျှောက်လဲခဲ့တာကို စွပ်စွဲခံရသူThe Voice ဂျာနယ်ဘက်က ပြန်လည် လျှောက်လဲချက်ပေး ခဲ့ကြောင်း သတင်းရေးသားသူ အမည်ကို ဖော်ထုတ်ဖို့ လိုမလိုဆိုကိုတော့ လာမယ့် မေလ ၂၃ ရက်နေ့မှာ ရုံးတော်က ကြားဖြတ် အမိန့်ချမှတ်မှာဖြစ်ကြောင်း
မတ်လ ဆယ်ရက်နေ့က ထုတ်ဝေတဲ့ TheVoice ဂျာနယ်မှာ ၀န်ကြီးဌာနတချို့ ငွေကျပ်သိန်းထောင်ချီ အလွဲသုံးစားလုပ်မှုဆိုတဲ့ ခေါင်းစဉ်နဲ့ရေးတဲ့သတင်းမှာ သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ပတ်သက်ပြီးဖော်ပြတဲ့ အချက်အလက်တွေဟာ မမှန်ကန်ဘူးဆိုပြီး The Voice ဂျာနယ်ကို အဲဒီဝန်ကြီးဌာနက တရားစွဲဆို ထားတာ ဖြစ်ကြောင်းသတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက တရားလိုအဖြစ်နဲ့ ဂျာနယ်ရဲ့အယ်တီတာချုပ် ကိုရော ထုတ်ဝေသူနဲ့ သတင်းရေးသားသူတို့ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၀ နဲ့ ဒဂုံမြို့နယ်တရားရုံး အတွင်းမှာ တရားစွဲဆိုထားတဲ့ ဒီအမှုကို ဒဂုံ တရားရုံးက မှာ ဒီကနေ့ ကြားနာစစ်ဆေးကြောင်း
အဲဒီမှာ စွဲဆိုသူ သတ္တုတွင်း ၀န်ကြီးဌာနကဘက်က ဒီသတင်းရေးသားသူအမည်ကို ဖော်ထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ခဲ့ကြောင်း ဒါကို The Voice ဂျာနယ်ဘက်က ရှေ့နေက ရုံးတော်မှာ ပြန်လည် လျှောက်လဲချက် ပေးခဲ့ကြောင်း လက်ရှိနိုင်ငံမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ရော ဖွဲ့စည်းပုံပါ ပြဌာန်းချက်တွေအပြင် နိုင်ငံမှာဖြစ်ခဲ့ဖူးတဲ့ သမိုင်းသာဓကတွေနဲ့ ရုံးတော်မှာပြန်လည်လျှောက်လဲချက်ပေးခဲ့တယ်လို့ The Voice ဂျာနယ်ရဲ့ရှေ့နေ ဦးသန်းညွန့်က ပြောကြောင်း မေလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာတော့ ဒဂုံတရားရုံးက သတင်းရေးသူ အမည်ဖော်ထုတ်ဖို့ လိုမလိုဆိုတာကို ကြားဖြတ်အမိန့် ချမှာ ဖြစ်ကြောင်းသတ္ထုတွင်းဝန်ကြီးဌာနဘက်ကတော့ အနောက်ပိုင်းခရိုင်တရားရုံးက ဥပဒေအရာရှိ နှစ်ဦးက ရှေ့နေတွေ အဖြစ် ဆောင်ရွက်ေးပးကြောင်း
ဝန်ကြီးဌာနတချို့မှာ နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးစွဲမှုတွေ တွေ့ရတယ်ဆိုပြီး လွှတ်တော်ထဲဆွေးနွေးကြတာကို ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေနဲ့ ပြန်ကိုးကားပြီး ရေးတဲ့ သတင်းထဲမှာ သတ္ထုတွင်း ၀န်ကြီးဌာနနဲ့ ပတ်သက်လို့ ဖော်ပြချက်က စာပိုဒ်တပိုဒ်သာပါခဲ့ကြောင်းမုံရွာ ကြေးနီ သတ္ထုတွင်းစီမံကိန်းမှာ တွေ့ရှိရတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ပြည်သူ့ လွှတ်တော် တဦးရဲ့ ပြောပြချက်နဲ့အတူ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့တဲ့ အစီရင်ခံစာကို အခြေခံပြီး ရေးသားထားတဲ့သတင်း ဖြစ်တယ်လို့ The Voice ဂျာနယ်က ပြောကြောင်းနိုင်ငံမှာ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေချိန်တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီ၊ အပြုသဘောမဆောင်၊ ဂုဏ်သိက္ခာမရှိသော အရေးအသားများဖြင့် ဌာနများ၊ အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများ၊ လူပုဂ္ဂိုလ်များအပေါ် မမှန်မကန် စွပ်စွဲရေးသားတာတွေကို တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူခြင်းခံရမှာဖြစ်တယ်လို့ မတ်လ ၁၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာ သတ္ထုတွင်း ၀န်ကြီးဌာနက ဥပဒေအရ အရေးယူမယ် ဆိုတဲ့အကြောင်းရေးထားတဲ့အထဲမှာ ဖော်ပြထားကြောင်း သိရသည်။

LWIN PWIN
NLABR
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...