Monday, May 28, 2012

အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက်

 

အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံရောက်


အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန် ဆင်း (Manmohan Singh) ဟာ မနေ့က့မေလ ၂၇ ရက် တနင်္ဂနွေ ညနေက နေပြည်တော်ကို ရောက် နေပါပြီ။ ဒါဟာ ၂၅ နှစ်တွင်း မြန်မာနိုင်ငံကို အိန္ဒိယ ၀န်ကြီးချုပ် တဦးရဲ့ ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ အိန္ဒိယ ၀န်ကြီးချုပ်ဟာ နိုင်ငံတော် သမ္မတနဲ့ရော အစိုးရအဖွဲ့တွေနဲ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပြီး ရန်ကုန်မှာလည်း NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာ ဖြစ်ပါတယ်။

အိန္ဒိနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ မေလ ၂၇ ရက် တနဂ်နွေ ညနေ ၆ နာရီ ၄၅ မိနစ်မှာ နေပြည်တော်ကို လေယာဉ်နဲ့ ရောက်လာခဲ့ တာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကြိုဆိုခဲ့ပါတယ်။ မနက်ဖြန် မေလ ၂၈ ရက် တနင်္လာနေ့ မနက်မှာတော့ နေပြည်တော် မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့နဲ့ပါ တွေ့ဆုံဖို့ရှိပြီး နေလည်ပိုင်းမှာတော့ နေပြည်တော်က MICC မှာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင် အသင်းက လုပ်ငန်းရှင်ကြီးတွေနဲ့အတူ ကုန်သွယ်ကူးသန်း ကိစ္စတွေအတွက် တွေ့ဆုံဖို့လည်း စီစဉ်ထား ပါတယ်။

ညဘက်မှာတော့ အိန္ဒိနိုင်ငံ ဝန်ကြီးချုပ် မန်းမိုဟန်ဆင်းကို သမ္မတက ညစာနဲ့ တည်ခင်းဧည်ခံမှာ ဖြစ်ပါ တယ်။

ဒါဟာ ၂၅ နှစ်ကြာကာလတွင်း အိန္ဒိယနိုင်ငံက ၀န်ကြီးချုပ်အဆင့် အဖြစ်နဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ဒီ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံလုံခြုံရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ် ကူးသန်း ကိစ္စတွေကို အထူးအလေးပေး ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ဒါဟာ နို်င်ငံရေး ပြောင်းလဲမှုတချို့ကြောင့် အနောက်အင်အားကြီး နိုင်ငံတွေက ကောင်းတဲ့ အပြောင်း အလဲတွေနဲ့ ဆက်ဆံလာတာကို အိမ်နီးချင်း အိန္ဒိယက မြင်နေတာကြောင့်ရော အထူးသဖြင့် ပြိုင်ဘက်လို့ ပြောနိုင်တဲ့ တရုတ်နိုင်ငံထက်ကို မလျော့တဲ့ စီးပွာေးရး ပူးပေါင်း လုပ်ဆောင်ချင် တာတွေကြောင့် အိန္ဒိယနိုင်ငံဟာ မြန်မာကို ခြေလှမ်းသစ်တွေနဲ့ ဆက်ဆံလာတာ တွေ့ရတယ်လို့ ၀ါရင့် နိုင်ငံရေးသမားကြီး တဦးဖြစ်တဲ့ သခင်ချန်ထွန်းက သုံးသပ်ပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်နဲ့ အိန္ဒိယက နယ်စပ်ချင်း ထိစပ်နေတယ်၊ မြန်မာပြည်နဲ့ တရုတ်ပြည်ကလည်း နယ်ချင်းစပ်နေတယ်ဆိုတော့ တရုတ်ပြည်နဲ့ အိန္ဒိယနဲ့ကလည်း နယ်ခြားပြသနာတွေ ဘာတွေ နည်းနည်းပါးပါး မရှင်းလင်းတာလေးတွေ ဘာလေးတွေ ကျန်သေးတာပေါ့၊ အဲလို ကျန်တဲ့အခါ ကျတော့ မြန်မာပြည်ဟာ တရုတ်ပြည်ရဲ့ မဟာမိတ်ကြီး လုံးလုံး ဖြစ်သွားမှာကိုတော့ အိန္ဒိယက မလိုလားဘူး၊ မလိုလားတော့ ဘာပဲဖြစ်ဖြစ် မြန်မာအစိုးရနဲ့ခင်အောင် တတ်နိုင်သလောက် ပေးတာကမ်းတာရှိမယ်၊ ဒီလို ဆက်ဆံရေးတွေ ကောင်းအောင် ပုဂ္ဂိုလ်ချင်း ရင်းနှီးမှုတွေရအောင် အဆက်သွယ်ကတော့ လုပ်ထားမှာပဲ၊ ဒီလိုပဲ ဖြစ်ပါတယ်။"
မေလ ၂၇ ရက်နေ့ကနေ သုံးရက်ကြာနေမယ့် အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း မေလ ၂၉ရက်အင်္ဂါနေ့မှာတော့ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာ ဖြစ်ပါတယ်။

နိုင်ငံရေး လူမှုရေးနဲ့ စီးပွားရေးအပြင် ယဉ်ကျေးမှုတွေက အစ မြန်မာနဲ့ အိန္ဒိယတို့ အစဉ်အလာ ကြီးမားခဲ့ပေမယ့် ၁၉၈၈ နောက်ပိုင်း ဒီမို ကရေစီရေး တောင်းဆိုမှုတွေမှာ အိန္ဒိယဟာ နှုတ်ဆိတ်နေခဲ့တာပါ။ ဒါပေမယ့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အိန္ဒိယတို့ဟာ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းတွေ ဖြစ်ခဲ့တဲ့ သမိုင်း အစဉ်အလာတွေ တွေရှိတာဖြစ်သလို အခု သမီးဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို အိန္ဒိယဟာ လျစ်လျူရှုထားလို့ မရဘူးဆိုတာကို ဒီခရီးစဉ်က ပြလိုက်တာဖြစ်တယ်လို့ စာရေးဆရာ ချစ်ဦးညို ကလည်း သုံးသပ်ပါတယ်။

"ဗိုလ်ချုပ်အောင်ဆန်းက Subhash Chandra Bose တို့ နေရူး (Nehru) တို့နဲ့ အင်မတန်ခင်ပါတယ်။ လွတ်လပ်ရေးရဖို့ ကြိုးပမ်းနေတဲ့ ကာလပေါ့လေ၊ Subhash Chandra Bose မြန်မာပြည် လာတုန်းကလည်း သူတွေ့တယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေး ကြိုးပမ်းမှု သူရဲကောင်းတွေ၊ ခေါင်းဆောင်တွေမှာ အိန္ဒိယကို အားကျပြီးတော့ သူတို့ကို လေ့လာခဲ့တယ်ဆိုတဲ့ အချက်လေးတချက် သွားတွေ့ရတယ်။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဒေါ်ခင်ကြည်ကလည်း သံအမတ်ကြီး အဖြစ်နဲ့ ကာလရှည်ကြာစွာ နေခဲ့ဖူးတယ်။ ဒီတော့ ဗိုလ်ချုပ်အောင်ဆန်း မိသားစုနဲ့ အိန္ဒိယအစိုးရပိုင်းနဲ့ ထိတွေ့ဆက်ဆံမှုကတော့ အတော်လေး ကောင်းခဲ့တယ် ပြောရမှာပေါ့လေ။ အခုဒေါ်အောင်ဆန်း စုကြည် တိုင်းပြည်မှာ ခေါင်းဆောင်အနေနဲ့ လှုပ်ရှားနေတဲ့ ကာလမှာ အဲဒီ သမိုင်းကြောင်းတွေကို အခု လက်ရှိ အိန္ဒိယ ၀န်ကြီးချုပ်ကလည်း ဘယ်လိုမှ ပြစ်ပယ်လို့ ရမှာမဟုတ်ဘူး။ ဆက်ဆံမှုကို သူပြန်ပြီးတော့ လေ့လာလိမ့်မယ်။ အဲဒီတော့ ပုဂ္ဂိုလ်ရေးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သူဟာလေးစားမှုရှိမယ် ၊ နေရာပေးမှုတွေ ရှိရလိမ့်မယ်၊ ဒီလိုယူဆပါတယ်။"

တကယ်တော့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံစလုံးအတွက် မဟာဗျူဟာအရ အရေးပါ တဲ့ နိုင်ငံ တခု ဖြစ်နေတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံဟာ သူများပြည်တွင်းရေး ၀င်မစွက်ဖက်ဘူး ဆိုပြီး အရင်ကတည်းက မြန်မာစစ်အစိုးရနဲ့ ပြောင်ပြောင်းတင်းတင်း ကျောထောက် နောက်ခံပေးကာ ဆက်ဆံနေ တာဖြစ်ပေမယ့် ဒီမိုကရေစီ စံနစ်ရင့်ကျက်မှုရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်မှုကိုတော့ အတော် ဝေဖန်ခဲ့ကြတာပါ။

"အခု အနောက်နိုင်များနဲ့ EU စသည်အားဖြင့် ဒီလိုတွေ အပြန်အလှန် သွားနေကြတာ။ အမေရိကန် သံအမတ်ကြီး Derek Mitchell တောင်မှ ဒီမှာ သံအမတ်ကြီးနဲ့ ထိုင်မှာ။ ဒီလို အခြေအနေတွေကို အိန္ဒိယတို့ တရုတ်တို့ စိုးရိမ်မှာပဲ။ ကျနော်ထင်တယ် စီးပွားရေးအရလည်း အိန္ဒိယဟာ ပိုမို ပါဝင်လာလိမ့်မယ်၊ ကူသန်းရောင်းဝယ်ရေးကလည်း အများကြီး တိုးချဲ့လာလိမ့်မယ်။"

အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ်ဟာ သူရဲ့ မြန်မာပြည် ခရီးစဉ်တွင်း ၁၈၆၂ ခုနှစ်က မြန်မာနိုင်ငံမှာ ကွယ်လွန်သွားတဲ့ အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံး မဂိုမင်းဆက် ဗဟာဒူး ဇဗားရှား (Bahadur Zafar Shah) ရဲ့ ဂူဗိမ္မာန်ကိုလည်း သွားရောက် ဂါရ၀ပြုမှာ ဖြစ်ပါတယ်။

အရှေ့မျှော်မူဝါဒနဲ့ စီးပွားကွက်ရှာနေတဲ့ အိန္ဒိယနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ပိုပြီး ခိုင်မာပြီး အကျိုးရှိမယ့် ဆက်ဆံရေးမျိုး လိုချင်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ပြောထားတာလည်း ရှိပါတယ်။ အထူး သဖြင့်တော့ အိန္ဒိယ၀န်ကြီးချုပ်ရဲ့ အခု မြန်မာပြည် ခရီးစဉ်အတွင်းမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ တိုးမြှင့် သဘောတူနိုင်ဖို့ သဘောတူညီချက်တွေ ရမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။



အိန္ဒိယ၀န်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစတင်

အိန္ဒိယ၀န်ကြီးချုပ် Manmohan Singh ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ တရားဝင်ခရီးစဉ်ကို မနေ့က စတင်လိုက်ပြီး သူ့ခရီးစဉ်အတွင်း ကုန်သွယ်ရေးနဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ အားကောင်းအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။


ဆန္ဒပြစက်ရုံတချို့ ညှိနှိုင်းလို့ မရနိုင်သေး

အခြေခံလုပ်ခလစာတိုးမြှင့်ရေးအတွက် လှိုင်သာယာက စက်ရုံ ၁၀ ရုံ ဆန္ဒပြနေတဲ့အထဲ ၅ ရုံက သဘော တူညီချက် ရသွားလို့ ပြေလည်သွားပေမယ့် ကျန်တဲ့ စက်ရုံ၅ ရုံက ဒီကနေ့ထိ ပိုင်ရှင်တွေနဲ့ ညှိနှိုင်း မရ ဘဲ ဖြစ်နေပါသေးတယ်၊ ဒီအလုပ်သမားတွေရဲ့ အခက်အခဲတွေအတွက် ရန်ကုန်အခြေစိုက် ILO အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲချုပ်ရုံးကို တိုင်ကြားအကူအညီတောင်းပေမယ့် ILO က ဒီလှုပ်ရှားမှုတွေဟာ ဥပဒေနဲ့ ကိုက်ညီခြင်းမရှဘူး ဆိုပြီးတော့ ကူညီပေးမှု မရှိဘူးလို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ က ပြောပါတယ်လို့သိရပါတယ်။


မိန်းကလေး ၂ ဦးကို ဓါတ်ဆီလောင်း မီးရှို့မှု ရန်ကုန်တွင် ဖြစ်ပွား

မနေ့က ၂၇နေ့ညနေ ၆ နာရီကျော်က ကမာရွတ်မြို့နယ် လှည်းတန်း ၇ လမ်း ၅ လွှာတွင် ငှားရမ်းနေထိုင်သည့် ညီအမနှစ်ဦးအား လွင်ဦးဆိုသူ လူငယ်တဦးက ဓါတ်ဆီလောင်းမီးရှို့မှု ဖြစ်ပွားသဖြင့် ဒဏ်ရာရရှိသူ မိန်းကလေး ၂ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့လိုက်ရသည်ဟု သိရှိရသည်။
ဒဏ်ရာရရှိသွားသူ ၂ ဦးမှာ နယ်မှ ရန်ကုန်တွင် အခန်းငှားလာရောက်နေထိုင်လျှက်ရှိသူ မအိမြတ်မွန် (၂၇ နှစ်) နှင့် ၎င်း၏ ညီမဖြစ်သူ မအေးမွန်တို့ဖြစ်ပြီး မအိမြတ်မွန်မှာ မီးလောင်ဒဏ်ရာများပြားသည်ဟု လည်းသိရသည်။
ယခုလိုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းဆဲဖြစ်ပြီး ထပ်မံသိရှိရလျှင်ရခြင်း တင်ပြပေးသွားပါမည်။



၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုပေးရေး MPU အဖွဲ့ အဆိုပြု

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်မပြုသ၍ မြန်မာ့နိုင်ငံရေးမှာ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ဘူးလို့ ပြည်ပအခြေစိုက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (MPU) က မနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်
မေလ (၂၇) ရက် နေ့ဟာ ၁၉၉၀-ခုနှစ်တုန်းက စစ်အစိုးရ တာဝန်ရှိသူတွေ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပေးခဲ့ပြီး မဲဆန္ဒနယ် (၄၈၅) နေရာမှာ NLD ပါတီက (၃၉၂) နေရာ အပြတ်အသတ် အနိုင်ရခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ အဆက်ဆက်က အသိအမှတ် မပြုခဲ့ပေမယ့် ဦးသိန်းစိန် အစိုးရနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းတွေရှာပြီး အသိမှတ်ပြုမှသာ နိုင်ငံရေးပြဿနာတွေ ပြေလည်နိုင်ဖွယ်ရာ ရှိတယ်လို့ (MPU) အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးမောင်မောင်အေးက ပြောပါတယ်။ "၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဒီ န၀တ နအဖအစိုးရ လက်ထက်က လစ်လျူရှုခဲ့တယ်။ အခု ဦးသိန်းစိန်အစိုးရ အနေနဲ့ ဆက်ပြီးတော့ တာဝန်ရှိတယ်လို့ ကျနော်တို့ မြင်တယ်။ ဦးသိန်းစိန်အစိုးရနဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော်က နည်းလမ်းတွေရှာပြီး ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုမယ်ဆိုတာ ဆွေးနွေးစေချင်တယ်။ သမိုင်းဝင်ရွေးကောက်ပွဲ ရလဒ်ကို မဖြေရှင်းသမျှ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြဿနာတစ်ခုအဖြစ် ဆက်ရှိနေမယ်ဆိုတာကို ပြောချင်တာပါ။ လွှတ်တော်တွင်းမှာသာမကဘဲ လွှတ်တော်ပြင်ပမှာ အမျိုးသားညီလာခံလို ခေါ်ပြီး ဆွေးနွေးစေချင်တယ်လို့ ကျနော်တို့ တင်ပြထားပါတယ်။"

လက်ရှိ သြစတြေးလျနိုင်ငံမှာ နေထိုင်နေတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မန္တလေးတိုင်းကိုယ်စားလှယ်တဦး ဖြစ်သူ ဦးမောင်မောင်အေး ပြောသွားတာပါ။

MPU ရဲ့ ကြေညာချက်ထဲမှာတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာဖို့၊ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ သက်ဆိုင်ရာ အင်အားစု အားလုံး ပါဝင်နိုင်မယ့် အမျိုးသား ညီလာခံကြီးတရပ် ခေါ်ယူပြီး နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။



ဇေကမ္ဘာကုမ္ပဏီ မင်္ဂလာဒုံမှာ သီးစားလုပ်ကိုင်ခွင့်ကျ

ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့ နယ် ရွှေနံ့ သာကျေးရွာမှာ ကွင်းအမှတ် ၅၃၁ နဲ့  ၅၃၃ မှာရှိတဲ့ လယ်မြေ ၈၃၅ ဧက ကို သီးစားလုပ်ကိုင်ခွင့် အတွက် ဒေသခံ လယ်သမားတွေနဲ့  ဇေကမ္ဘာကုမ္ပဏီတို့  အပြိုင်လျှောက်ထားရာမှာ ဇေကမ္ဘာ ကုမ္ပဏီကိုသာ သီးစားလုပ်ကိုင်ခွင့် ပြုကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုးရုံးက မနေ့က နေ့စွဲနဲ့  စာထုတ်ပြန်လိုက်ပါတယ်လို့သိရပါတယ်။



အစာငတ်ခံဆန္ဒပြသူအလုပ်သမား တစ်ဦး ဆေးရုံပို့ရ

ရန်ကုန် သရဖူ သံမဏိစက်ရုံမှာ အခြေခံလစာတိုးမြှင့်ရေး အစာငတ်ခံ ဆန္ဒပြနေသူတွေထဲက တစ် ဦးကို မှော်ဘီပြည်သူ့ဆေးရုံကို မနေ့က ပို့ဆောင်လိုက်ရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အလုပ်သမား ခေါင်းဆောင် ၂၅ ဦး စတင် အစာငတ်ခံ ဆန္ဒပြခဲ့ရမှာ နောက်ထပ် ၁၅ ဦး ပူးပေါင်းပါဝင်ပြီး အလုပ်သမား ၄၀ ဆက်လက် အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ဆန္ဒြုပသူတွေထဲက ၄ ဦး ကျန်းမာရေး အခြေအနေ ဆိုးရွားနေပြီး သူတို့ထဲက တစ်ဦးကို မနေ့က ဆေးရုံပို့လိုက်ရတယ်လို့ အစာငတ်ခံဆန္ဒပြနေသူ တစ်ဦးက ပြောပါတယ်လို့သိရပါတယ်။



မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ၁၀ သန်းကျော် ဂျပန်အစိုးရ ပေးအပ်

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း ပေးအပ်လိုက်သည်ဟု ပြည်ပ သတင်းဌာနများမှ သိရသည်။
WFP ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ ပေးအပ်သော လှူဒါန်းငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရရှိသော အလှူငွေကို WFP ၏ ရန်ကုန်ရုံး၌ ပြုလုပ်သော လတ်မှတ်ရေးထိုးပွဲတစ်ခု၌ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။ဂျပန်နိုင်ငံမှ လှူဒါန်းငွေများကို လူပေါင်း ၃၅၀၀၀ အတွက် အစားအစာနှင့် အာဟာရထောက်ပံ့ပေးမည့် အစီအစဉ်အတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံဟာလည်း ဂျပန်လိုပဲ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေမြင့်ပြီး ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံရလွယ်ကူတာကြောင့် ဘာတွေ လိုအပ်လဲ၊ ဘယ်လို ထိထိ ရောက်ရောက် တုံ့ပြန်နိုင်မလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒီအကူအညီဟာ မြန်မာအစိုးရရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအပေါ် စိတ်အားထက်သန်မှုကို အထောက်အပံ့ ဖြစ်စေမယ်လို့လည်း မျှော်လင့်ပါတယ်'' ဟု ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ကိုယ်စားလှယ်အကြီးအကဲက ပြောကြားခဲ့သည်။ယခုနှစ်အတွင်း WFP သို့ ဂျပန်နိုင်ငံမှ လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာ ၁၄၀ သန်းရှိသွားပြီဖြစ်သည်ဟု သိရသည်။



နယ်ပယ်အလိုက် ထင်ရှားသော ပြည်တွင်းလုပ်ငန်းများနှင့် လက်တွဲရန် နိုင်ငံခြားလုပ်ငန်း အချို့ပြင်ဆင်နေပြီး နယ်ပယ်စုံ လုပ်ငန်းကြီးများထက် ဈေးကွက်စီးပွားရေးနှင့်အညီ လုပ်ကိုင်ခဲ့သည့်လုပ်ငန်းများ အလားအလာကောင်းနေ

မြန်မာနိုင်ငံ၏ စီးပွားရေး နယ်ပယ်အသီးသီးရှိ ထင်ရှားသော စီးပွားရေးများလုပ်ငန်းနှင့် အကျိုးတူ လက်တွဲနိုင်ရန် နိုင်ငံခြားလုပ်ငန်းအချို့ ပြင်ဆင်မှုများစတင်လျက်ရှိပြီး နာမည်ကျော် လုပ်ငန်းကြီးများထက် ဈေးကွက်စီးပွားရေးနှင့်အညီ လုပ်ကိုင်ခဲ့သည့် လုပ်ငန်းများနှင့်ပူးပေါင်းရန် အလားအလာကောင်းနေကြောင်း နိုင်ငံခြားလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် ပိုမိုအရှိန်မြှင့် ဆောင်ရွက်မှုများရှိ လာပြီး အမှန်တကယ်ရင်းနှီးမြှုပ်နှံသူများ ပမာဏ၏ ထက်ဝက်ခန့်မှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူဖက်စပ် လုပ်ကိုင်ဖွယ်ရှိသည်ဟု နိုင်ငံခြားလုပ်ငန်းများ၏ မြန်မာပြည်ရုံးခွဲ တာဝန်ခံအချို့က ခန့်မှန်းထားကြောင်း သို့သော်လည်း နိုင်ငံရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံရန် အဓိကကျသည့် ဥပဒေ၊ မူဝါဒနှင့် အခြေခံ အဆောက်အဦ အရည်အသွေးကို စောင့်ကြည့် အကဲခတ်ဆဲဖြစ်ကြောင်း
ဈေးကွက်စီးပွားရေး စတင် ကျင့်သုံးသည့် ၁၉၉၀ကျော် နှစ်များမှ ၂၀၀၂ခုနှစ်အထိ မြန်မာလုပ်ငန်း ရှင်များနှင့် နိုင်ငံခြားလုပ်ငန်းများ ပူးပေါင်းချိတ်ဆက်မှုများ များစွာရှိ ခဲ့ပြီး ၁၉၉၇ ခုနှစ်အာရှစီးပွားရေး အကျပ်အတည်းတွင် လုပ်ငန်းများအထိ နာခဲ့ကြောင်းနှင့် ၂၀၀၂ ခုနှစ် စီးပွားရေးပိတ်ဆို့မှု တိုးမြှင့်သည့် ဖြစ်စဉ်နောက်ပိုင်းတွင် တိုက်ရိုက်ချိတ်ဆက်မှု မရှိသလောက် ဖြစ်ခဲ့ကြောင်း ပြဋ္ဌာန်းမည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားသည် နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းအပြည့်ဖြင့် ပြုလုပ်ခြင်း၊ နိုင်ငံခြားသားနှင့်နိုင်ငံသားသို့ မဟုတ် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့ အစည်းတို့နှင့် ဖက်စပ်ပြုလုပ်ခြင်း၊ နှစ်ဦးနှစ်ဖက် သဘောတူညီသည့် ပဋိ ညာဉ်စာချုပ်ပါ စနစ်တစ်ခုခုဖြင့် ဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ကြောင်း ထည့်သွင်းရေးဆွဲထားသည်။



အစိုးရသစ်လက်ထက် အခွန်အများဆုံး ပေးဆောင်သည့် ထိပ်တန်း အခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လဆန်းတွင် ထုတ်ပြန်မည်

လက်ရှိပြုစုထားသည့် စာရင်းအရ အဖျော်ယမကာ၊ စားသောက်ကုန်၊ ပုဂ္ဂလိကဘဏ်အချို့မှ လွဲ၍ အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီး အချို့ ထိပ်ပိုင်းစာရင်းတွင် ပါဝင်ခြင်းမရှိ

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် အခွန် ထမ်းဆောင်ထားသည့် အခွန်ထမ်းများ အားလုံးထဲမှ အများဆုံး ပေးဆောင်ထားသည့် အခွန်ထမ်း ၁၀၀ ဦးစာရင်းကို လာမည့်ဇွန်လဆန်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး အခွန်အများဆုံး ရနိုင်သည်ဟု အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီး အချို့နှင့် အဖွဲ့အစည်းကြီးအချို့မှာ အဆိုပါ ၁၀၀ ဦး ၏ ထိပ်ဆုံးပိုင်းတွင် ပါဝင်လာခြင်း မရှိသေးကြောင်း စာရင်းပြုစုရာတွင် ပါဝင်သူ ပြည်တွင်း အခွန်များဦးစီးဌာန ၀န်ထမ်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။
အခွန်အများဆုံး ရရှိနိုင်သည် ဟု အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီးအချို့၊ အဖွဲ့အ စည်းအချို့ဆိုသည်မှာ နိုင်ငံ့ သယံဇာတ ကဏ္ဍဖြစ်သည့် သစ်၊ကျောက်မျက်၊ တွင်းထွက်လုပ်ငန်းများ၊ နိုင်ငံ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍဖြစ်သည့်လမ်း၊ တံတားနှင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ၊ နိုင်ငံတကာဖြင့် ကုန်သွယ်သည့် ဆိပ်ကမ်းလုပ်ငန်း ကြီးများမှစကာ နိုင်ငံအတွက် အရေး ပါသော စီမံကိန်းကြီးများအား ကြား ပွဲစားခဖြင့်ဖြစ်စေ၊ ကိုယ်တိုင်တာဝန် ယူခြင်းဖြစ်စေ လုပ်ကိုင်နေသူများ၊ အများပြည်သူနှင့် ဆိုင်သည့် လုပ်ငန်းများအားလုံးကို BOT စနစ်၊ လေလံ စနစ်များဖြင့် ရယူလုပ်ကိုင်နေသူများ စသည်ဖြင့် နယ်ပယ်စုံချုပ်ကိုင် ထားနိုင်သည့် ကုမ္ပဏီအုပ်စုကြီးများကို ဆိုလိုကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်များအတွင်း ကလည်း မြန်မာနိုင်ငံတွင် အခွန်အများဆုံး ပေးဆောင်ထားသူများစာရင်း ထုတ်ပြန်သည့်အကြိမ်တိုင်းတွင် အဖျော်ယမကာ၊ စားသောက်ကုန်၊ ပုဂ္ဂလိက ဘဏ်အချို့သာလျှင် ထိပ်ဆုံး အခွန်ပေးဆောင်သူ စာရင်း၌ ပါဝင်ပြီး အများပြည်သူများကြား အချမ်းသာဆုံးအဖြစ် နံပါတ်တစ်၊ နှစ်၊ သုံး၊ လေး သတ်မှတ်ထားသော ကုမ္ပဏီများပါဝင်မှုမှာ နည်းပါးခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ယခုအစိုးရသစ် လက်ထက်တွင်လည်း ယခင်အစိုးရဟောင်းလက်ထက်က နည်းတူပင် အခွန်အများဆုံး ပေးဆောင်ထားသည့် ထိပ်ဆုံး ၁၀၀ ဦးစာရင်း၏ထိပ်ပိုင်းတွင်ပါဝင်ရမည့် ကုမ္ပဏီများပါဝင်လာမှုမရှိခြင်းမှာ ဖြစ်သင့်သည့် အနေအထားမဟုတ်တော့ကြောင်း၊ အများပြည်သူဖြင့် ဆက်စပ်သည့် လုပ်ငန်း၊ နိုင်ငံ့သယံဇာ တလုပ်ငန်းများမှရရှိသည့် ၀င်ငွေဖြင့် ရပ်တည်နေသူများ ယခုကဲ့သို့ အခွန် ရှောင်ခြင်းမှာ အများပြည်သူအပေါ် လေးစားမှု မရှိရာရောက်ကြောင်း၊ နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးရာ ရောက်ကြောင်း အခွန်ကျသင့်သည့် ပမာဏ၏အနီးစပ်ဆုံး အခွန်ပမာဏ ကို ပေးဆောင်နေကြရသူများက ပြောကြားခဲ့သည်။



နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏ(ကျပ်၊ သန်း)

ဘဏ္ဍာနှစ် ကုန်သွယ်လုပ်ငန်းခွန် ထီခွန် တံဆိပ်ခေါင်းခွန် ၀င်ငွေခွန် အမြတ်ခွန် စုစုပေါင်း
၂၀၀၅-၂၀၀၆ ၂၂၆၄၈၁ ၈၇၆၇ ၅၁၂၆ ၁၄၄၄၀၂ ၆၃၁၈၈ ၄၄၇၉၆၄
၂၀၀၆-၂၀၀၇ ၃၁၉၂၁၃ ၁၂၇၉၈ ၆၁၂၅ ၂၆၀၀၈၀ ၇၈၅၂၆ ၆၇၆၇၄၂
၂၀၀၇-၂၀၀၈ ၃၈၄၅၉၇ ၁၃၉၀၄ ၁၁၄၈၃ ၃၃၄၁၄၀ ၉၄၁၃၃ ၈၃၈၂၅၇
၂၀၀၈-၂၀၀၉ ၄၁၄၇၆၄ ၁၇၂၉၃ ၁၅၀၄၈ ၄၀၅၁၁၄ ၁၀၃၀၉၆ ၉၅၅၃၁၅
၂၀၀၉-၂၀၁၀ ၄၆၆၁၂၁ ၂၀၁၀၆ ၂၀၈၀၄ ၄၁၅၆၃၄ ၁၁၄၁၄၃ ၁၀၃၆၈၀၈
၂၀၁၀-၂၀၁၁ ၆၀၁၇၇၁ ၂၀၂၇၄ ၂၉၄၇၂ ၄၃၅၉၆၈ ၁၃၅၃၇၂ ၁၂၂၂၈၅၇

၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ၀င်ငွေခွန် အများဆုံးပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)

၁ KBZ Bank Ltd ၆၁၇၇ .၂၈၃
၂ Myanmar Brewery Ltd ၃၅၅၃ .၅၀၅
၃ Shew Me' Co.,Ltd ၃၁၄၇ .၄၇၁
၎ Myanmar CP Live Stock Co.,Ltd ၃၀၀၀ .၀၀၀
၅ CB Bank Ltd ၂၀၆၁ .၆၃၁
၆ Dagon Brewery Co Ltd ၂၀၅၄ .၃၀၂
၇ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဘဏ်လီမိတက် ၁၅၉၈ .၁၆၈
၈ Diethelm & Co., Ltd ၁၃၀၈ .၃၆၃
၉ Yathar Cho Industry Co.,Ltd ၁၃၀၈ .၁၉၆
၁၀ International Beverages Trading Co.,Ltd ၁၂၇၅ .၁၄၀
စုစုပေါင်း ၂၅၄၈၄ .၀၅၉

၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန် အများဆုံးပေးသွင်းခဲ့သော ထိပ်ဆုံးငါးဦး ကျပ်(သန်း)

၁ Myanmar CP Live Stock Co.,Ltd ၇၈၀၃ .၆၅
၂ KBZ Bank Ltd ၃၂၀၀ .၀၀
၃ First Private Bank Ltd ၂၀၈၀ .၀၉
၎ မွေးရေဘဏ် ၁၈၆၇ .၅၈
၅ Dagon Brewery Co Ltd ၁၆၄၉ .၂၈

၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန် အများဆုံးပေးသွင်းခဲ့သော ထိပ်ဆုံးငါးဦး ကျပ်(သန်း)

၁ Myanmar CP Live Stock Co.,Ltd ၃၁၉၈ .၈၆
၂ Myan Gon Myint Trading Co.,Ltd ၁၅၀၀ .၀၀
၃ Co Operative Bank Ltd ၁၂၀၁ .၅၅
၎ Htoo Trading Co., Ltd ၁၁၀၂ .၀၈
၅ Shwe Thazing Co Ltd ၉၈၅ .၀၃

၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ၀င်ငွေခွန် အများဆုံးပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)

၁ Myanmar Brewery Ltd ၆၈၄၂၇ .၈၅၁
၂ Dagon Brewery Co Ltd ၉၀၅၁ .၉၄၀
၃ Myanmar Winery & Distillery Co.,Ltd ၇၂၃၅ .၀၀၀
၎ Rothmans of Pall Mall Myanmar Pte.Ltd ၃၇၀၄ .၃၂၄
၅ Peace Myanmar Group Co.,Ltd ၂၉၀၇ .၂၆၁
၆ Myanmar Ivanhoe Copper Co Ltd ၂၃၀၉ .၂၆၀
၇ International Beverages Trading Co.,Ltd ၁၇၃၀ .၅၅၂
၈ Diethelm & Co., Ltd ၁၂၄၇ .၂၈၅
၉ မူဆယ်ကိုးကန့် ကုမ္ပဏီ ၉၆၀ .၁၆၈
၁၀ Yathar Cho Industry Co.,Ltd ၉၂၁ .၆၅၈


LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...