Monday, August 6, 2012

မြတ်စွာဘုရား ၄၅ (ဝါ) သီတင်းသုံးတော်မူခဲ့သော နေရာဒေသများ


ဘုရားရှိခိုး

ယော ဇိနော အနေကဇတိယံ၊ သပုတ္တဒါရမင်္ဂဇီဝိတမ္ပိ။
ဗောဓိပေမတော အလဂ္ဂမာနသော၊ အဒါသိယေ၀ အတ္ထိကဿ။
ဒါနပါရမိံ တတောပရံ အပူရိ၊ သီလပါရမာဒိကမ္ပ။
တာသမိဒ္ဓိယော ပယာတမဂ္ဂတံ၊ တမေကဒီပကံ နမာမိ။

ယောဇိနော- ငါးပါးမာန်ညွန့် ရန်အ၀ှန့်ကို မရွံ့မထိတ် ခြင်္သေ့စိတ်ဖြင့် နင်းနှိပ်ကြိမ်ဖန် အောင်ပွဲခံ၍ အောင်လံလွှင့်ထူ အကြင်အောင်တော်မူ မြတ်စွာဘုရားသည်။ အနေကဇာတိယံ- တစ်နှစ်သုံးလေး ဂဏန်းရေး၍ ချင့်တွေးမလွယ် များကြွယ်လှစွာ ဘ၀ါဘ၀ လေးအသင်္ချေ ကမ္ဘာတစ်သိန်း ကာလအတွင်း၌။ ဗောဓိပေမတော- ဗောဓိဉာဏ်ကြီး ရွယ်တိုင်းပြီးသည့် ထွတ်ထီးဗိတာန် သဗ္ဗဉ်ဉာဏ်ကို ရရန်စိတ်ထား လိုလားတောင့်တ တော်မူခြင်းကြောင့်။ အတ္ထိကဿ- အလိုရှိလတ် လာချဉ်းကပ်သည့် ယုတ်မြတ်မဟူ အလှူခံပုဂ္ဂိုလ် များထိုထိုအား။ သပုတ္တဒါရံ- ကိုယ်တော့်ရင်သွေး အသက်ပေး၍ ချစ်ရေးဖြာစည် သည်းပွတ်နှင့် ပမာမှီရသည့် ဇာလီ ကဏှာဇိန်တို့ကဲ့သို့သော သမီးသား၊ မဒ္ဒီဒေ၀ီတို့ကဲ့သို့သော ဇနီးးဖုရားနှင့်တကွသော။ အင်္ဂဇီဝိတမ္ပိ- မဟာသွေး မဟာရည် ရာဇရုပ်ဂုဏ်အင်ညီ၍ ဖြိုးစည်သပ္ပါယ် ကိုယ်အင်္ဂါကြီးငယ်နှင့်တကွ လူဝယ်အမြတ် ခေါ်မှတ်တွင်ညောင်း အသက်တစချောင်းကိုပင်သော်လည်း။ အလဂ္ဂမာနသော- ငါ့သား ငါ့သမီး ငါ့ဇနီးက ငါ့ထီးငါ့နန်း ငါ့ကြငှန်းနှင့် ငါ့သိုင်းရံရွှေ ငါ့ရွှေငွေက ငါ့မြေငါ့ဟာ ငါ့ဥစ္စာဟု တဏှာမြှေးယှက် မပေးရက်သည့် ရမ္မက်ပိတ်ဖုံး စိတ်နှလုံးမှ ဆိတ်သုဉ်းတော်မူသည်ဖြစ်၍။ အဒါသိယေ၀- သဗ္ဗညုဉာဏ် ရဖို့ရန်ကို စိတ်သန်ရှေ့ပြေး သဒ္ဓါရှေး၍ လှူပေးတော်မူသည်သာလျှင်တည်း။ ဒါနပါရမိံ- အပြားသုံးလီ ဒါနပါရမီတော်မြတ်ကို လည်းကောင်း။ တတောပရံ- ထိုဒါနပါရမီတော်မှ တစ်မျိုးတစ်စား တစ်ပါးသာလျှင်ဖြစ်သော။ သီလပါရမာဒီကမ္ပိ- သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ၀ီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီတော်မြတ် အပေါင်းကိုလည်းကောင်း။ အပူရီ- သဗ္ဗညုဉာဏ် ရဖို့ရန်ကို စိတ်သန်ရည်စူးသဒ္ဓါထူးဖြင့် ဆည်းဗူးဖြည့်ကျင့်တော်မူခဲ့လေပြီ။ တာသံ- ထိုပါရမီဆယ်ပါး အကျယ်ပွားက အပြားသုံးဆယ်နှုန်းမလွယ်တို့၏။ ဣဒ္ဓိယာ- တစ်စွန်းတစ်စ မကျန်ရအောင် လောက်ငကုန်လုံ ပြည့်စုံတော်မူခြင်းကြောင့်။ အဂ္ဂတံ- ဗြဟ္မာနတ်လူ သုံးဘုံသူတွင် မည်သူနှင့်မျှ မယှဉ်အပ်သည့် အမြတ်ခေါင်မှူး ပုဂ္ဂိုလ်ထူး၏အဖြစ်သို့။ ဥပယာတံ- ဆုကြီးပွင့်စည် ခါတန်ပြီဟု ပါရမီးတော် နှိုးပင့်ဆော်၍ ရောက်တော်မူပြီးထသော။ (၀ါ) ရောက်တော်မူပြီးသောကြောင့်။ ဧကဒီပကံ- အစမထင် ကမ်းမမြင်ဘဲ သံသရာတစ်ကျော တမျောတည်း မျောခဲ့ရသည့် လူရောနတ်ပါ ဗြဟ္မာမကြွင်း သတ္တ၀ါခပင်းတို့ ၀ပ်စင်းထံနီး ခိုကပ်မှီးရသည့် တစ်ခုတည်းသော ကိုင်းကျွန်းကြီးသဖွယ်လည်း ဖြစ်တော်မူပေထသော။ တံဇိနံ- ငါးပါးမာရ်ညွန့် ရန်အ၀ှန့်ကို မရွံ့မထိတ် ခြင်္သေ့စိတ်ဖြင့် နင်းနှိပ်ကြိမ်ဖန် အောင်ပွဲခံ၍ အောင်လံလွှင့်ထူ ထိုအောင်တော်မူ မြတ်စွာဘုရားကို။ ကိုယ်နှုတ်နှလုံး သုံးပါပျောင်းပျော့် မာန်ကိုလျှော့၍ ကန်တော့မြတ်နိုး လက်အုပ်မိုးလျက် ရှိခိုးဦးညွှန့်ပါ၏ မြတ်စွာဘုရား။

သာသနာတော်နှစ် ၂၅၅၆ နှစ်၊ ကော်ဇာသက္ကရာဇ် ၁၃၇၄၊ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဝသန္တမိုးဥတုဖြစ်သောကြောင့် ဗုဒ္ဓဘာသာတို့၏ အစဉ်လာတိုင်း ရှစ်ရက် ဥပုသ်၊ တစ်ဆဲ့ငါးရက် ဥပုသ်နေ့များတွင် ဘုရားသွား ကျောင်းတက် ဥပုသ် သီလများ ယူ၍ မိမိတို့ တက်နိုင်သလောက် အလှူဒါနများ ယူလုပ်ကြသည်။ အဲဒီလို ပြုလုပ်ရသဖြင့် မဟာကုသိုလ်တွေလည်း မိမိတို့ ကိုယ်တိုင် ရရှိကြသလို အကျင့်သီလ အာစာရလည်း ပြည့်စုံကြသည့် အခါမျိုးဆိုလည်း မမှားနိုင်ချေ။ ကျန်ရှိနေသော အချိန်များတွင် ကုသိုလ်များ မရရှိနိုင်ဘူးလား ဆိုရင်လည်း ရရှိနိုင်ပါသည်။

သို့သော် အလုပ်ကိစ္စများလှသော အချိန်အခါဖြစ်သည့်အတွက်ကြောင့် လွတ်လွတ်လပ်လပ်ပြုလုပ်နိုင်မည် မဆိုနိုင်ပါ။ တချို့ကလည်း ဒါန၊ သီလ၊ ဘာဝနာတို့ကို အားလပ်သည့်အချိန်တိုင်း ပြုလုပ်နိုင်ကြသည်။ တချို့ကလည်း အလုပ်များသောကြောင့် ကောင်းစွာ မပြုလုပ်နိုင်သဖြင့် ကုသိုလ်၏ အနှစ်သာရကို ကောင်းစွာ မခံစားရသလို၊ ကျင့်သုံးခြင်း၊ စောင့်တည်ခြင်း သီလ၊ ပွားများခြင်း ဘာဝနာ စသည်တို့ကို ကောင်းစွာ မကျင့်သုံးနိုင်သောကြောင့် ဖြစ်သည်။ ဝါတွင်းကာလတွင် ဗုဒ္ဓဘာသာ ဒကာ၊ ဒကာမတို့ အနေဖြင့် ဒါန၊ သီလ၊ ဘာဝနာတရားတို့ကို ပြုလုပ်နိုင်သည့်အပြင် ကိုယ်၏ ငြိမ်းချမ်းမှု၊ စိတ်၏ ငြိမ်းချမ်းမှုများ ရရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။

ထို့အပြင် ဝါတွင်းကာလတွင် တစ်နှစ်တာ ကာလတွင်း ပင်ပန်းမှုများ၊ သောကရောက်မှုများ၊ မိမိတို့၏ ဖိအားများလာသော အလုပ်အကိုင် စသည်တို့နှင့် လုပ်ကိုင်စဉ်တွင် ရရှိလာသော ဒုက္ခသုက္ခတွေလည်း ဖြေဖျောက်စေနိုင်သော ကာယိကသုခ၊ စေတသိကသုခတွေကို ရရှိကြမည်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းတွေ ဖြစ်ကြသည့် ဒကာ၊ ဒကာမတို့အတွက် အကောင်းဆုံး ဓမ္မဒါန ပြုသောအားဖြင့် မြတ်စွာဘုရား (၄၅ ဝါ) သီတင်းသုံး ဝါဆို ဝါကပ်တော်မူခဲ့သော နေရာများနှင့် ကျောင်းတိုက်ကြီးများ ဗုဒ္ဓဘာသာတွေ အနေဖြင့် တကယ်သိသင့်သော အချက်အလက်များကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။


မြတ်စွာဘုရား၏ ၄၅ ဝါ-ခရီးစဉ် လင်္ကာ

ပထမဝါ မိဂဒါ ၃-ဝါ ရာဇဂြိုဟ်၊
ဝေ-မကုလ ငါးခြောက်ကြ တာဝ-ခုနှစ်ဆို။
သံသု-ကောသမ် ရှစ်ကိုးစံ ဆယ်တန်-ပါလိဆို
နာလာ -ဆယ့်တစ် တစ်ဆယ့်နှစ် မှတ်လစ်ဝေရဉ်ဆို
စာ ဇေ ကပီ အာဠ၀ီ ကပ်၏တစ်စီဆို
ရာဇဂြိုဟ်တစ် စာလီနှစ် ထပ်လစ်ရာဇဂြိုဟ်
နှစ်ဆယ့်လေးဝါ သာဝတ်မှာ ဆုံးဝါဝေဠုဆို
နှစ်ဆယ့်လေးမှ ခြောက်ပုဗ္ဗ ဇေတအကြွင်းဆို။
-----------------------------------

....................................................................................
မြတ်စွာဘုရားရှင်၏ ၄၅ ဝါ- ဝါဆို ဝါကပ်ခဲ့သော နေရာဒေသများ
....................................................................................

၁။ ကာသိတိုင်း၊ ဗာရဏသီပြည်၊ ဣသိပတန၊ မိဂဒါဝုန်တော
၂။ ၃။ ၄။ မဂဓတိုင်း၊ ရာဇဂြိုဟ်
၅။ ဝေသာလီပြည်၊ မဟာဝုန်တော၊ ကူဋာဂါရသာလာကျောင်း
၆။ မကုလတောင် (ချယားတော)
၇။ တာဝတိံသာ
၈။ ဘဂ္ဂတိုင်း၊ သုသုမာရဂိရိမြို့ (သံသုမာဂိရ)၊
၉ ။ ကောသမ္ဗီပြည်၊ ဃောသိတာရုံကျောင်း
၁၀။ ပါလိလေယျကတော
၁၁။ နာလာပုဏ္ဏားရွာ
၁၂။ ဝေရဉ္ဇာပြည်
၁၃။ စာလိယတောင်
၁၄။ ကောသလတိုင်း၊ သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်း
၁၅။ ကပိလဝတ္ထုမြို့၊ နိဂြောဓာရုံကျောင်း
၁၆။ အာဠဝီပြည်၊ အဂ္ဂါဠဝကစေတီ၊
၁၇။ မဂဓတိုင်း၊ ရာဇဂြိုဟ်
၁၈။ ၁၉ ။ စာလိယတောင်
၂၀။ မဂဓတိုင်း၊ ရာဇဂြိုဟ်
၂၁။ ၄၄။ သာဝတ္ထိမြု့၊ ဇေတဝန်ကျောင်း
၄၅။ ဝေဠုဝရွာ

ဤကဲ့သို့သော အချက်အလက်များကို တင်ပြခြင်းသည် မသိသေးသော သူတော်ကောင်းတို့အတွက် မြတ်စွာဘုရား ကိုယ်တော်တိုင် သီတင်းသုံးခဲ့သော နေရာများကို သိရှိလာအောင်၊ သိရှိပြီးသော သူတော်ကောင်းတို့အတွက် ပိုပြီး ကြည်ညို သဒ္ဓါပွားများနိုင်အောင် ရည်သန်၍ တင်ပြခြင်းဖြစ်ပါသည်။

ထို့အပြင် မြတ်စွာဘုရား ၄၅ (ဝါ) သီတင်းသုံးနေထိုင်ခဲ့သော နေရာ၊ ဒေသများကို သိရှိကြသော သူတော်ကောင်း ဒကာ၊ ဒကာမတို့သည် ဝမ်းမြောက် ပီတိဖြစ်၍ မြတ်စွာဘုရား သီတင်းသုံး ခဲ့သော နေရာတိုင်းကို စိတ်ဖြင့် ကြည်ညိုသဒ္ဓါပွားများနိုင်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါသည်။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...