ဘဝအဓိပ္ပာယ်နှင့် ဘဝအဘိဓာန်
ဘဝဆိုတာ...
အရိပ်ရှစ်ခု လွှမ်းမိုးသော
လောကဓံက ရိုက်ခတ်လွန်းလို့
ကိုယ့် ပုံတူ ပန်းချီကားတစ်ချက်ကို
ရေးဆွဲဖို့ မေ့နေတဲ့ ပန်းချီ ဆရာတယောက်လိုပေါ့..။
ဒီလိုနဲ့...
ဘဝရဲ့ အစိတ်အပိုင်းထဲက
ကိုယ့် စိတ်ကူးနဲ့ ကိုယ်.. ဆင်ဆာဖြတ်ရင်
သင့်တော်ပါ မလားဆိုတာ စဉ်းစားကြည့်လေ...။
ဘဝ ဖန်တီးထားတဲ့ အတ္တတွေ အိပ်ပျော်ပါစေ...
သူ.. နိုးလာလျှင် ကမ္ဘာကြီးအတွက်
စိုးရိမ်စရာ ဖြစ်လာလိမ့်မယ်...။
ဘဝ ဇာတ်ခုံပေါ်က ကြိုးဝိုင်းထဲမှာ
တယောက်နဲ့ တယောက် ယှဉ်ပြိုင်နေတုန်း
ပွဲသိမ်း ခရာ မမှုတ်ခင်တော့
အနိုင်ဆိုတာ ဘယ်တော့မှ မသတ်မှတ်လိုက်နဲ့ဦး...။
ဘဝတစ်ခုလုံး မွန်းကြပ်နေပါလျက်
လောကဓံ ကြိုးဝိုင်းပေါ်မှာ ယှဉ်ပြိုင်ရင်း
အသက်ရှု ရပ်တန့် သွားရင်တောင်
ဦးနှောက်က ဆဲလ်တွေ အလုပ် လုပ်သေးရင်
သေသွားပြီ ဆိုနိုင်ဦးမလား...။
အမောစို့နေတဲ့ ဘဝထဲကို
ရင်ကော့လို့ ဝင်ရောက်လာတယ်..
သွေးကြောတွေကလည်း ဖောင်းကြွနေပါရဲ့
ဟန်ချက်ညီညီ ယှဉ်ပြိုင်နေရတဲ့အခိုက်
ချက်ကောင်းထိသွားလို့ လဲကျသွားရင်
ပြန်ထနိုင်ဖို့ ကြိုးစားရဦးမယ်...။
စိတ်ချပါ....
အနားကပ်လာတဲ့ ဘဝတစိတ်ရဲ့
အနာဂတ်တွေမှာ သက်လုံကောင်းတဲ့
ယှဉ်ပြိုင်မှုတွေနဲ့ လောကဓံကို ရင်ဆိုင်နေဦးမယ်..။
အကြိမ် များများ လောကဓံ စည်းဝိုင်းတွင်းမှာ
ဒဏ်ရာ အနာတရနဲ့ မှောက်သွားပေမဲ့
ခွန်အားတွေနဲ့ ရုန်းထလို့ တန်ပြန်လာတဲ့
နေ့သစ်ဟာ ပန်းဝင်တဲ့ နေ့သစ်ပေါ့...။
ဒီလို..အဓိပ္ပာယ် ပြည့်စုံတဲ့ နေ့သစ်မျိုးဆိုတာ
စာအုပ်ကောင်း တအုပ်လိုပဲ
ဘယ်လောက် ဟောင်းနွမ်းနွမ်း
ဘယ်လောက် စုတ်ပြတ်နေပါစေ
ပြန်ဖတ်တိုင်း အရသာ ကောင်းနေဆဲပေါ့...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment