အန္တိမ သစ္စာ ခံတပ်
မတော်တဆ ခလုတ်တိုက်လို့
ဖဲမွေ့ရာထက် ခဏအိပ်လိုက်ရပေမဲ့
အိပ်မက်က လန့်နိုးလာတဲ့
တနေ့တော့...
စာချုပ် မချုပ်ထားခဲ့တဲ့
ဘဝ ကြမ်းပြင်ပေါ်က
မျှော်လင့်ချက် တံခါးလေး တစ်ချက်
ခရီးသွားရင်း ရိက္ခာထည့်ဖို့ ဖွင့်ရအုန်းမယ်...။
ဂိတ်တစ်ခုကို ရောက်တိုင်း..
ဘာမှ မမျှော်လင့်ခဲ့တဲ့
ကာလ စည်းဝိုင်းကြီးတစ်ခု ရောက်လာတယ်..
ဒါပေမဲ့... နံရံ မခြားခဲ့တဲ့
အနှစ်သက်ဆုံး အရသာတွေနဲ့
ည တစ်ညကို ဖြတ်သန်းရင်း
အရှိန်တက်လာတဲ့ ရထားခုတ်မောင်းသံတွေဟာ
အလင်းရဲ့ အခြားမဲ့ လမိုက်အောက်မှာ
အသုံးတော်ခံရင်း မောပန်းနွမ်းနယ်လို့
ဘဝ ခရီးတထောင့် နားခိုခဲ့ရပြန်ပြီပေါ့...။
စကြာဝဠာအပေါ်ယံ အိမ်ခေါင်မိုးက
မဟူရာတိမ်တိုက်တွေ သိုင်းခြုံလို့
အမှောင်ထုကြီးစိုးနေတဲ့ အခိုက်တန့်
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာရှိတဲ့
သံသယမျက်လုံးများ အနားယူ အိပ်စက်ကြပါရဲ့
မအိပ်စက်နိုင်တဲ့ စက္ကန့်တွေကြား
လတ်ဆတ်မှုတို့ အဖတ်မတင်ရာ
အနာဂတ် ဖတ်ကြသူအတွက်တော့
အပူတွေ ထူထူ ပိန်းပိန်းနဲ့
ဘဝ ချွေးစက်တွေ ရွာသွန်းနေလျက်ပေါ့..။
မသိကိန်းတွေ စိမ်းလန်း သာယာနေပါရဲ့
စက္ကန့် ခြောက်ဆယ်ပြည့်မှ ရွေ့လျားရတဲ့
ဘဝ နာရီလက်တံဟာ အမှတ်မထင်
အသက်ရှုသံတစ်ခု ရေကြည်လွှာ ပေါက်လို့
မတော်တဆ မွေးဖွားလာခဲ့တယ်ဆိုရင်
ကံစီမံရာ လှောင်ချိုင့်ထဲမှာ
ချမ်းသာမှုရဲ့ သားကောင်ဖြစ်ရအုန်းမှာပေါ့..။
လုပ်ရင်း ကိုင်ရင်း ပြေးရင်း လွားရင်း
အလေ့ကျ လေလွင့် ခရီးသွားရင်း
ရှို့မြိုက်ခဲ့တဲ့ မီးစတွေကို ကြည့်ပြီး
တစ်သက်လုံး မုန်းနေရတော့မှာလား
အကြင်နာမဲ့တဲ့ သူတစ်ယောက်အတွက်တော့
အမုန်းဆိုတာ ဟုတ်ချင် ဟုတ်လိမ့်မယ်
ဘဝထဲက လာတဲ့ ခရီးသွားသူအတွက်တော့
လက်ချင်းယှက်လို့ ဖိတ်ခေါ်လျက်ပေါ့...။
အကွေ့အကောက်များလွန်းတဲ့
ကျွမ်းကျင်မှု မရှိတဲ့ ဝင်္ကပါ နယ်ပယ်ထဲကို
လမ်းမှားလို့ ဝင်ရောက်သွားပေမဲ့
ထွက်ပေါက်ကို ရအောင် ရှာခဲ့တယ်..
ဒါပေမဲ့.....
ဘဝရဲ့ ဝင်္ကပါ နယ်ပယ်ထဲမှ
ငါ့...သစ္စာတရားက ငါ...အပြေးကောင်းပေမဲ့
အသက်ဝိညာဉ်ကို နုတ်ယူ ခေါ်ဆောင်သွားခဲ့တာ
နောက်ဆုံး အန္တိမ ပန်းတိုင်ထိ ရောက်ခဲ့ပြီပေါ့..။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment