ဘဝကျောင်းက ခေါင်းလောင်းသံ
လောကဓံ ကာရံရဲ့ အခြားမဲ့မှာ
ရနံ့တွေ သင်းပျံ့နေတယ်..
ကိုယ်ထယ် မရှိဘူး...
ပျောက်နေတယ်...
ဘယ်ရောက်နေလဲ..
လိုက်ရှာမိတယ်...
မိုး မရွာဘူး..
စိုစွတ်နေတယ်...
ပင်ယံ သစ်ကိုင်တွေ ကြားမှာ
ရေစက်လေး တစ်ပေါက် ကျလာတယ်
တွေ့ပြီ.... ပန်းတစ်ပွင့် ပွင့်နေပါလား...။
ဘဝဆိုတာ...
ရနံ့ သာ သင်းပျံ့နေပါရဲ့
ကိုယ်ထယ် မရှိ
ပင်ယံ သစ်ရွက်တွေ ကြားမှာ
ပွင့်တဲ့ ပန်းတစ်ပွင့်လို ဆိုပေမဲ့
လေတိုက်အခါ..
မုန်တိုင်း မိတဲ့အခါ..
လျှပ်ပန်းတွေကို အဖော်ပြုလို့
ရွာသွန်းနေတဲ့ မိုးစက်တွေရဲ့
စိုစွတ်မှုကို ခံနေရတာပါ...။
စိတ်ကြိုက် သီချင်းတစ်ပုဒ်ကို
စကြာဝဠာထဲ အသံလှိုင်း လွှင့်လိုက်တယ်
ကိုယ်ပိုင် ပြန် ဖမ်းဖို့ ဆိုတာတော့
လွယ်လိမ့်မယ် ထင်တဲ့ ကိုယ့် အမှားဟာ
မထွက်သေးတဲ့ ဥပဒေ တစ်ခုလို ဖြစ်နေတယ်...
ဒါပေမဲ့....
နည်းလမ်းမှားသွားတဲ့ ဘဝတစ်ခုအတွက်
မုန်တိုင်းကို ရင်ကော့ခံရင်း...
ထွက်ကျလာတဲ့ ဘဝရဲ့ အပိုင်းအစတစ်ခုကို
ပြန်ချုပ်ဆိုတာ လွယ်တာမှ မဟုတ်တာ...။
လူဆိုတဲ့...
စကြာဝဠာ ခန္ဓာကိုယ်ကြီးထဲ
အတိတ်က ကံတရားရယ်
ပစ္စုပ္ပန်က ဇာတာရယ်
အနာဂတ် မြေပုံတွေကို ရေးဆွဲရင်း
လောကဓံဆိုတဲ့ ဘဝခရီးကြမ်းကို
အတောင်ပံ ခတ်လို့ ပျံသန်းနေပါရဲ့
ပူပြင်းတဲ့ သောက ရာသီဥတုထဲ
တယောက်တည်း နေထိုင်ရင်း
ဟိုဘက်တိုးအုန်း ပြောနေမိတယ်...။
လက်ရှိ ဘဝစာမျက်နှာမှာ
စက္ကန့်တွေ ရွေ့လျားနေပါရဲ့
မရွေ့လျားသေးတဲ့ လက်ရှိဘဝဟာ
ဒဏ်ရာတွေနဲ့ ပြည့်လျှံ အုံကြွနေပါရဲ့
မာနရဲ့ ကောင်းကင်အောက်မှာ
လျှပ်စီးနဲ့ ဒေါသကို ဖိတ်ခေါ်ရင်း
ဇာတ်လမ်း တစ်ပုဒ် ပြီးဆုံးတိုင်း
ရိုက်ခတ်ဖူးတဲ့ အတိတ် မိုးသားမည်းညိုတွေနဲ့အတူ
မညှာတာ မိုးတွေ ရွာသွန်းနေမိတယ်...။
မိုးသားတွေရဲ့ အမှားကို မျိုချရင်း
ကြီးကျယ်တဲ့ သမုဒ္ဒရာဟာ
ဝေဒနာ ကမ်းပြိုလို့
သောက ဒဏ်ရာတွေ အုံကြွနေတယ်
မနေ့က ကမ်းလွင် လွင်ပြင်မှာ
အမှတ်တမဲ့ ဘဝ ရေဒါထဲက
မထင်မှတ်တဲ့ မုန်တိုင်းတစ်ခုဟာ
အင်ဒီကေဒါထဲ ဝင်ရောက်လာပါရဲ့
စေတနာ အမှားဖြစ်ခဲ့တဲ့
ခေါင်းဆောင် မာလိန်းမှူးကြောင့်
ဘဝ သဘောင်္ကြီး ပျက်စီးလုနီးပါးပေါ့...။
လူဘဝရဲ့ အချိုးအကွေ့မှာ
အရသာ အကောင်းဆုံး ငွေသားတွေလား
ဂုဏ်ရည် ပြိုင်ပွဲလား..
ပကာသန ပြိုင်ပွဲလား...
အဆင့်အတန်း ပြိုင်ပွဲလား...
ဖုံးလွှမ်းထားတဲ့ အရာဝတ္ထုတွေကို
ခဏဖယ်ထားလိုက်ပါ...
အဲဒီ အမှားအားလုံးရဲ့ မျဉ်းပြိုင် အခြားမဲ့မှာ
ရေငတ်နေတဲ့ ဘဝထဲ လာကြည့်ပါ..
ဘဝထဲမှာ မေတ္တာရှာပါ..
ဘဝထဲမှာ ပညာသင်ပါ...
ဘဝထဲမှာ မိတ်ဆွေရှာပါ..
ဘဝထဲမှာ အောင်မြင်မှုကို ရှာပါ..
အဲဒါမှ.. ဘဝက ရိုးသားတယ်ဆိုတာ သိလာမှာပေါ့..။
ဘဝ ကျောင်းပြေးလာတဲ့ မိုးပြေးကလေးဟာ
လေပွေနဲ့ ခလုတ်တိုက်လို့
ပြတ်စဲသွားတယ် ဆိုပေမဲ့
ကိုယ် လွယ်ထားတဲ့ လွယ်အိတ်
မပျောက်သေးရင်တော့...
ဖိတ်ခေါ်နေတဲ့ ဘဝကျောင်းက
လာပါ... သူငယ်ချင်း...
အချိန်မှားသွားတဲ့ မျဉ်းပြိုင်ရဲ့
အခြားမဲ့မှာ တည်ရှိနေတဲ့ ပန်းတိုင်ကို သွားကြစို့တဲ့...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment