တို့ပိုင်ဆိုင်ခွင့်လည်း မရှိခဲ့တော့
ထိတွေ့ခွင့်လည်း မရှိခဲ့တော့
မင်းရင်ခုန်သံလှိုင်းကို တည်ငြိမ်အောင်
ဖုံးလွှမ်းပေးပိုင်ခွင့်လည်း မရှိခဲ့တော့
မင်းလည်း အတိက်ကို မေ့လိုက်ရုံပေါ့
ငါလည်း အတိက်ကို မေ့လိုက်ရုံပေါ့
သမိုင်းကို သမိုင်းအတိုင်းထားလိုက်ရုံပေါ့
ဒီမျှလောက်ပဲ ငါမှာတက်နိုင်ခဲ့တယ်။
သူ့ကို မင်းမချစ်ခဲ့ဘဲနဲ့
မင်းကို သူကဘာလို့ သိမ်းပိုက်အနိုင်ယူခဲ့တာလဲ
မင်းနဲ့ငါ ချစ်ခဲ့လျက်နဲ့ ငါတို့ ဘာလို့ ကမ္ဘာခြားခဲ့တာလဲ
သမိုင်းတခေတ် သက်ဦးဆံပိုင်း ရာဇဝင်တွင်းက
မင်းရာဇာ ပဒေသရာဇ်တို့ ရာဂစက်နဲ့တဏှာမီး
အတားအဆီးကင်းမဲ့ ကာမထောင်အိမ်တွင်းမှာ
ချစ်သူစုံတွဲတို့ ဇာတ်နာသမိုင်းတွင်ခဲ့ဖူးတယ်..။
ဇာတ်စနစ် အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပြီးနောက်
အဆိပ် အငွေ့အသက်တွေ ကျန်ရစ်ကြမယ်
ရှုမဆုံးတဲ့ အလွမ်းဆွေးတွေ ငါမွေးဖွားရင်း
တောင်ကုန်းလေးပေါ် တက်ခဲ့ဖူးတယ်..။
တောညောင်ပင်က နှစ်သက်စရာ
ဓမ္မတေးကို ဆိုနေပါရဲ့
ရိုးဗြက်တောက ငရဲလိုနေပူထဲမှာ
ချွေးစတွေနဲ့ ငိုနေပါရဲ့
ငါ့နှလုံးသားက လူ့သမိုင်းမရိုင်းအောင်
တောင်ကုန်းပေါ်က လွမ်းစေတီလေးက
မင်းနဲ့ငါတို့အကြောင်းကို နောက်လူသမိုင်းဝင်သူတွေကို
ဟန်ပါပါ မာန်ပါပါ ပြောပြမယ်
တို့နှစ်ယောက် လျှောက်လှမ်းခဲ့တဲ့
မရဏခင်းသော ငရဲကိုပေါ့….။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment