Thursday, February 27, 2014

ဘာလဲ လောကဓံ


ဘာလဲ လောကဓံ

ဒီနေ့ရဲ့ နေဝန်းကြီးဟာ ကွယ်သွားပြန်ပြီ ညရဲ့ အမှောင်အောက်မှာ အလင်းရောင်

ဖန်ချောင်းလေးကို ထွန်းညှိပြီး အနီးနားရှိတဲ့ မှတ်စု စာအုပ်ကို လှမ်းယူကာ နေ့လည်က

စဉ်းစားမိတဲ့ အကြောင်းအရာလေး တစ်ခုကို စတင် ရေးဖို့ ဟန်ပြင်လိုက်ပါတယ်။ အဲဒီ

အကြောင်းကတော့ တခြား မဟုတ်ပါဘူး။ ဘာလဲ လောကဓံ ဆိုတဲ့ အကြောင်း

ကို ရေးသားလိုခြင်း ဖြစ်ပါတယ်.....။

လောကကြီးမှာ နေထိုင်ရသည့်အခါ ပတ်ဝန်းကျင်နှင့် နေထိုင်ကြသလို အသိုင်း

အဝိုင်းနှင့် နေထိုင်ကြသည်မှာ လောကဓမ္မတာပင် ဖြစ်ပါတယ်။ အချို့က ကိုယ်

ကျင်လည်သည့် အလုပ်အကိုင်နှင့် အသိုင်းအဝိုင်းမှာပင် မဖြစ်မနေ တွေ့ကြုံရမည့်

လက်တွေ့ကျတာနှင့် လက်တွေ့မကျ တဆင့် ကြား၍ သိရသော အကြောင်းအရာ

များလည်း ရှိကြမည်မှာ တကယ်ပင် ဖြစ်ပါတယ်။ အချို့က ကြိုးစား ရုန်းကန်နေမှု၊ အလုပ်ကို

အားစိုက်နေခိုက် အလုပ်နှင့် မတန်အောင် ဖိအားတွေနှင့် လှုပ်ရှား ရုန်းကန်နေရတာလည်း

ရှိပြန်တယ်။


တွေးကြည့်ပြန်ရင်လည်း အလုပ်ရဲ့ သက်ရောက်မှုက နည်းပါပြီး လုပ်သလို မဖြစ်လို့ ဖြစ်သလို

လုပ်ရတာလည်း များစွာ ရှိနေသည်ကို ကိုယ် လျှောက်လှမ်းသည့် ဘဝက ပေးသည့်

သင်္ခန်းစာတွေပင် ဖြစ်နေသည်ကို တွေ့ရှိရပြန်သည်။ လွယ်ကူမလိုနှင့် မလွယ်

ကူ၊ ဖြစ်မြောက်မလိုနှင့် မဖြစ်မြောက်၊ ထင်ပေါ်မလိုနှင့် မထင်ပေါ်၊ ဟုတ်မလိုနှင့်

မဟုတ်တဲ့ လောကဓံ လောင်ရိပ်အောက်မှာ ပိတ်မိနေကြသဖြင့် ရောင့်ရဲ တင်းတိမ်မှု မရှိ၊

အဆင်မပြေမှုတွေ ကိုယ်စီနှင့် ဘဝတွေသာ နိဂုံးအဆုံးသတ်သွားကြပြီး ဘာမှ ရေရေရာရာ

မရှိခဲ့ကြဘူး။

တကယ်တမ်းတော့ လူသားတစ်ယောက် ဖြစ်လာကတည်းက လောကဓံဆိုတာ တွေ့ကြုံ

ကြရမည်သာ ဖြစ်ပါတယ်။ လောကဓံနှင့် မတွေ့ကြုံကြဘူးဆိုတဲ့ လူသားတစ်ယောက်မျှ

မရှိပါဘူး။ မဖြစ်မနေ တွေ့ကြုံရမည်သာ ဖြစ်ပါတယ်။ လောက သဘာဝကြောင့်

ဖြစ်လာသော လောကဓံ တရားတို့ပင် ဖြစ်ပါတယ်။

ယနေ့ခေတ် လက်တွေ့ကျသောအားဖြင့် အားလုံးက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည်နှင့်

အခြား အလုပ်အကိုင် ကိစ္စဟူသမျှတွေနှင့် ရောနှောပြီး နေရသဖြင့် ပိုမို၍ ဆိုးဝါးလှပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဆင်ပြေမှု၊ အဆင်မပြေမှု စသည် မြောက်များစွာဖြင့် လှုပ်ရှား

ရုန်းကန်လျက် လောကဓံမျိုးစုံနှင့် ရင်ဆိုင်နေရသည်ကို ကိုယ် ကိုယ်တိုင်လည်း မြင်နိုင်

မည် ဖြစ်ပါတယ်။

ထို့အပြင် မျက်မှောက်ခေတ်တွင် တွေ့ကြုံရသော လောကဓံနှင့် ပတ်သက်ပြီး သာဓကများစွာ

ရှိသည့်အပြင် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်လောက်က မြတ်ဗုဒ္ဓ ဘုရားရှင်

လက်ထက်ကလည်း ထင်ရှားသည် ဝတ္ထုသာဓကကောင်းတွေလည်း ရှိသည့်အတွက်

အနည်းငယ် ဖော်ပြချင်ပါတယ်။

တနေ့သောအခါ မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ်

အတုလဥပါသကာ ခေါင်းဆောင်သော အပေါင်းအဖော် ငါးရာတို့သည် တရားထူးများ

နာယူရန် ရောက်ရှိလာကြပါတယ်။

ပထမဦးဆုံး အတုလဥပါသကာနှင့် အပေါင်းအဖော်များသည် အရှင်ရေဝတ ထံသို့ တရားနာရန်

ချဉ်းကပ် ကြပါတယ်။ အရှင်ရေဝတသည်လည်း အတုလဥပါသကာနှင့် အပေါင်းအဖော်

များအား နှုတ်ဆက်စကား ပြောဆိုပြီး ငြိမ်သက်စွာ တရားထိုင်နေသဖြင့် အတုလဥပါသကာနှင့်

အပေါင်းအဖော်များက အရှင်သာရိပုတ္တရာထံသို့ သွားကြပါတယ်။ အရှင်သာရိပုတ္တရာက

ခက်ခဲနက်နဲလွန်းသော အဘိဓမ္မာတရား သဘောတရားများကို ကျယ်ဝန်းစွာ ဟောပြောသဖြင့်

ငြီးငွေ့ပြီး သင့်တော်သော တရားကို နာယူတော့မည် ဟု ဆုံးဖြတ်ကာ အရှင်အာနန္ဒာထံ

သွားကြပြန်တယ်။ အရှင်အာနန္ဒာက တရားအခြေခံများ၏ လိုရင်း သဘောတို့ကို

အနည်းငယ်သာလျှင် ဟောပြောပြသ သဖြင့် နားမလည်နိုင်ပဲ ဖြစ်ကြပြန်ပါတယ်။

ထိုအခါမှာ မြတ်စွာဘုရား၏ ရှေ့တော်မှောက်သို့ သွားရောက်ကြပြီး တရားနာခဲ့သည့်

အကြောင်းအရာများကို လျှောက်ထားကြပြန်တယ်။ ဘုန်းတော်ကြီးတော်မူသော မြတ်စွာ

ဘုရား အရှင်ရေ၀တက တရား မဟော၊ ဘာမှ မပြောပဲ နှုတ်ဆိတ်နေပါတယ်။

အရှင်သာရိပုတ္တရာက ကျယ်ဝန်းစွာ ဟောပြောသဖြင့် ငြီးငွေ့ကြပါတယ်။ အရှင်အာနန္ဒာ၏

တရားဟောပြောမှုသည် တိုလွန်းသည်ဖြစ်၍ အလွယ်တကူ နားလည်ရန် အလွန်

ခက်ပါတယ်။ ဤကဲ့သို့သော မထေရ်များ ဟောကြားတော်မူသော တရားများသည်

ဘယ်တရားမှ အဆင်မပြေသောကြောင့် အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါ

တယ်ဟု လျှောက်ထားတော်မူသောကြောင့် ဘုရားရှင်က အောက်ပါအတိုင်း

အတုလဥပါသကာနှင့် အပေါင်းအဖော်များကို ဟောတော်မူခဲ့ပါတယ်။

“အို… အတုလ ကဲ့ရဲ့ခြင်းဆိုတာသည် ရှေးရိုး အစဉ်အလာပင် ဖြစ်ပါတယ်။

ထိုကဲ့ရဲ့ခြင်းသည်ပင် ယခုမှ ဖြစ်သည် မဟုတ်သလို အရင်တုန်းကလည်း ရှိကြသည့်

အစဉ်အလာ တစ်ခုပင် ဖြစ်ပါတယ်။ လောကဓမ္မ သဘော သဘာဝကြောင့်

ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ ဥာဏ်ပညာထက်လွန်းသူတို့၏

များစွာဟောပြောသော တရားတို့ကိုလည်း ကဲ့ရဲ့ကြကုန်၏။ အချိန်အခါနှင့် ကာလကို ကြည့်ပြီး

နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ ဤလောက၌ ကဲ့ရဲ့လွတ်သောသူမည်သည်

တစ်စုံတစ်ယောက်မှ မရှိပေ”

(ခုဒ္ဒကနိကာယ၊ ဓမ္မပဒ အဋ္ဌာကထာ၊ ကာဓဝဂ်၊ အတုလဥပါသကာဝတ္ထု)

( လူ့သဘော မနော မလိုက်နိုင် )

လောကလူများ၊ စိတ်ထားသည်ကား၊ စကားများလျှင် အပြစ်တင်၏။ နည်းလျှင်ကဲ့ရဲ့၊ ရှုံ့ချမဲ့၏။

မချဲ့လိုရင်း၊ သင့်လျှော်ရှင်းလည်း၊ စိတ်တွင်မကြိုက်၊ ကဲ့ရဲ့လိုက်၏။ နှစ်ခြိုက်မှုကွာ၊

ဘာကိုမြင်မြင်၊ အပြစ်တင်သည်၊ ဤတွင် လူ့သဘောပေတည်း။

ဒါကြောင့် လောကဓံအကြောင်းတရား အကျိုးတွေ ဖြစ်လာခြင်းသည် လောကလူသားတွေ

မည်သို့ပင် ကွာဟနေပါစေ တွေ့ကြ ကြုံကြမည်သာ ဖြစ်သည့်အတွက် အောက်ပါ ဂါထာက

ခိုင်မာစွာ ဖော်ပြထားပါတယ်...။

ပေါရာဏမေတံ အတုလ၊ နေတံ အဇ္ဇတနာမိဝ။

နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။

မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။

န စာဟု န စ ဘဝိဿတိ၊ န စေတရဟိ ဝိဇ္ဇတိ။

ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ဝါ ပသံသိတော။

ယံ စေ ဝိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။

အစ္ဆိဒ္ဒဝုတ္တိံ မေဓာဝီ၊ ပညာသီလသမာဟိတံ။

နိက္ခံ ဇမ္ဗောနဒေဿဝ၊ ကော တံ နိန္ဒိတုမရဟတိ။

ဒေဝါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော”တိ။

( ခုဒ္ဒက နိကာယ၊ ဓမ္မပဒ အဋ္ဌာကထာ၊ အတုလဥပါသကာဝတ္ထု၊ ဂါထာ ၂၂၇- ၂၃၀ )

အတုလ၊ အတုလမည်သော ဥပါသကာ၊ ဧတံ၊ ဤကဲ့ရဲ့ခြင်း၊ ချီးမွှမ်းခြင်းသည်၊

ပေါရာဏံ၊ ရှေးမှစ၍ ဖြစ်၏၊ ဧတံ၊ ဤကဲ့ရဲ့ခြင်း ချီးမွှမ်းခြင်းသည်၊

အဇ္ဇတနာမိဝ၊ ယခုမှဖြစ်သကဲ့သို့၊ န ဟောတိ၊ မဟုတ်၊ တုဏှိမာသိနံ ပိ၊

ဆိတ်ဆိတ်နေလေ့ ရှိသောသူကိုလည်း၊ နိန္ဒန္တိ၊ ဆွံ့ အ တစုံတခုကို

မသိသောသူကဲ့သို့ ဆိတ်ဆိတ်နေ၏ဟူ၍ ကဲ့ရဲ့ကုန်၏၊ ဗဟုဘာဏိမ္ပိ၊

စကားများများပြောဆိုလေ့ရှိသောသူကိုလည်း၊ နိန္ဒန္တိ၊ လေခတ်သော

ထန်းရွက်ကဲ့သို့ တဖျစ်ဖျစ်မြည်လျက် စကားအဆုံးမရှိဟု ကဲ့ရဲ့ကြကုန်၏၊

မိတဘာဏိမ္ပိ၊ စကားနည်းနည်း ပြောဆိုလေ့ရှိသောသူကိုလည်း၊ နိန္ဒန္တိ၊

မိမိစကားကို ရွှေငွေကဲ့သို့ မှတ်ထင်လျက် တလုံးစ နှစ်လုံးစ ပြောဆိုပြီးလျှင်

ဆိတ်ဆိတ်နေ၏ဟု ကဲ့ရဲ့ကြကုန်၏၊ လောကေ၊ လောက၌၊ အနိန္ဒိတော၊

ကဲ့ရဲ့မခံရသောသူမည်သည်၊ ဝါ၊ ကဲ့ရဲ့လွတ်သောသူမည်သည်၊ နတ္ထိ၊ မရှိ။

ဧကန္တံ၊ စင်စစ်အားဖြင့်၊ နိန္ဒိတော၊ ကဲ့ရဲ့အပ်သော၊ ပေါသော ဝါ၊ သတ္တဝါသည်လည်းကောင်း၊

ဝါ၊ လူသည်လည်းကောင်း၊ ဧကန္တံ၊ စင်စစ်အားဖြင့်၊ ပသံသိတော၊ ချီးမွှမ်းအပ်သော၊

ပေါသော ဝါ၊ လူသည်လည်းကောင်း၊ န စ အဟု၊ ရှေးအတိတ်၌ မဖြစ်စဖူး၊ န စ ဘဝိဿတိ၊

နောက်အနာဂတ်၌လည်း မဖြစ်လာသေး၊ ဧတရဟိ စ၊ ယခု ပစ္စုပ္ပန်၌လည်း၊ န ဝိဇ္ဇတိ၊ မရှိ။

အစ္ဆိဒ္ဒဝုတ္တိံ၊ မကျိုးမပြတ်သော အကျင့်သိက္ခာရှိသော၊ ဝါ၊ မပျက်စီးသော အသက်မွေးခြင်း

ရှိသော၊ မေဓာဝိံ၊ ထက်မြက်သော ဓမ္မောဇပညာဖြင့် ပညာရှိသော၊ ပညာသီလသမာဟိတံ၊

လောကီလောကုတ္တရာပညာ စတုပါရိသုဒ္ဓိ သီလနှင့်ပြည့်စုံသော၊ ယံ ဘိက္ခုံ၊ အကြင်ရဟန်းကို၊

ဝိညူ၊ ပညာရှိတို့သည်၊ သုဝေ သုဝေ- နေ့တိုင်း နေ့တိုင်း၊ အနုဝိစ္စ၊ ချီးမွှမ်းသင့် ကဲ့ရဲ့သင့်သည်ကို

သိရှိ၍၊ ပသံသန္တိ၊ ချီးမွှမ်းကြကုန်၏။

တံ ဘိက္ခုံ၊ ထိုရဟန်းကို၊ ဇမ္ဗောနဒဿ၊ ဇမ္ဗူရာဇ်ရွှေ၏၊ နိက္ခံ ဣဝ၊ တစ်နိက္ခကဲ့သို့၊

ကော၊ အဘယ်သူသည်၊ နိန္ဒိတုံ၊ ကဲ့ရဲ့ခြင်းငှါ၊ အရဟတိ၊ ထိုက်အံ့နည်း? နံ ဘိက္ခုံ၊ ထိုရဟန်းကို၊

ဒေဝါပိ၊ နတ်တို့သည်လည်း၊ ပသံသန္တိ၊ ချီးမွှမ်းကြကုန်၏၊ သော ဘိက္ခု၊ ထိုရဟန်းကို၊ ဗြဟ္မုနာပိ၊

စကြဝဠာတိုက်တသောင်းမှ ဗြဟ္မာအပေါင်းသည်လည်း၊ ပသံသိတော၊ ချီးမွှမ်းအပ်၏။ ဣတိ-

ဤသို့၊ ဘဂဝါ၊ ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည်၊ အာဟ- ကောင်းစွာမသွေ

မိန့်ကြားတော်မူ၏။

ဒီတော့ လောကမှာ ဖြစ်လာကြတဲ့ လူသားတွေ အားလုံး လောကဓံရှစ်ပါး ရှိသည့်အတွင်းက

ခုနှစ်ပါးသည် လူတိုင်းမခံစားကြရပါဘူး။ သို့သော် ကဲ့ရဲ့ခြင်းကိုတော့ လူတိုင်းခံကြရစမြဲပါ။

ဒါကြောင့် ဘုရားရှင်က လောကမှာ အကဲ့ရဲ့လွတ်သောသူ မရှိဟု မိန့်ဆိုခဲ့ခြင်းဖြစ်ပါ

တယ်။ ကောင်းတာ လုပ်တာပဲဖြစ်ပါစေ ကဲ့ရဲ့လွတ်ခြင်း မရှိဘူး။

ကျေးဇူးတော်ရှင် ရွှေဟင်္သာဆရာတော်ကြီးက...

အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မဖဲ့မစောင်း၊

ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။” ဟု ဆုံးမစကား ဆိုခဲ့ပါတယ်။

ထို့အပြင် သုတ္တန္တပိဋကတ်၊ အင်္ဂုတ္တရ နိကာယ၊ အဋ္ဌက နိပါတ၊ ပဌမပဏ္ဏာသ၊ မေတ္တာဝဂ်၊

စာမျက်နှာ (၇၊ ၈ ၊ ၉) ၊ ပထမ လောကဓမ္မသုတ်နှင့် ဒုတိယ လောကဓမ္မသုတ်လာတွင် မြတ်

ဗုဒ္ဓ ဘုရားရှင် ကိုယ်တော်မြတ် ဟောကြားတော်မူသည်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

အဋ္ဌိမေ ဘိက္ခဝေ လောကဓမ္မာ လောကံ အနုပရိဝတ္တန္တိ၊ လောကော စ အဋ္ဌ လောကဓမ္မေ

အနုပရိဝတ္တတိ။

ကတမေ အဋ္ဌ?

လာဘော စ၊ အလာဘော စ၊ (Gain and Loss)

ယသော စ၊ အယသော စ၊ (Fame and ill fame)

နိန္ဒာ စ၊ ပသံသာ စ၊ (Blame and Praise)

သုခဉ္စ၊ ဒုက္ခဉ္စ။ (Joy and Pain)

ဣမေ ခေါ ဘိက္ခဝေ အဋ္ဌ လောကဓမ္မာ လောကံ အနုပရိဝတ္တန္တိ၊

လောကော စ ဣမေ အဋ္ဌ လောကဓမ္မေ အနုပရိဝတ္တတီ တိ။

These eight conditions, bhikkhus, turn with the world, and the world turns

on these eight worldly conditions.

ရဟန်းတို့....

လောကဓံတရား ရှစ်ပါးတို့သည် လောကကြီးကို အစဉ်လိုက်၍ ဖြစ်တတ်ကြကုန်၏။

လောကကြီးသည်လည်း လောကဓံတရား ရှစ်ပါးကို အစဉ်လိုက်ပါတယ်။

အဘယ် ရှစ်ပါးတို့နည်း?

ဥစ္စာဓန လာဒ်လာဘ ရရှိခြင်းသည်လည်းကောင်း၊ ( Gaining in worldling condition )

ဥစ္စာဓန လာဒ်လာဘ မရရှိခြင်းသည်လည်းကောင်း၊ ( Losing in worldling condition )

အခြံအရံ အပေါင်းအသင်း ပေါများခြင်းသည်လည်းကောင်း၊ (Fame in worldling condition)

အခြံအရံ အပေါင်းအသင်း မပေါများခြင်းသည်လည်းကောင်း၊

(Ill fame in worldling condition )

ကဲ့ရဲ့ခြင်းသည်လည်းကောင်း၊ ( Blaming in worldling condition )

ချီးမွှမ်းခြင်းသည်လည်းကောင်း၊ ( Praising in worldling condition )

ချမ်းသာခြင်းသည်လည်းကောင်း၊ ( Joying in worldling condition )

ဆင်းရဲခြင်းတို့ပင် ဖြစ်ပါတယ်။ ( Painful in worldling condition )

ရဟန်းတို့ ထိုလောကဓံတရား ရှစ်ပါးတို့သည်ပင် လောကကြီးကို သဘာဝအတိုင်း

အစဉ်လိုက်ကြကုန်၏။

လောကကြီးသည်လည်း လောကဓံတရား ရှစ်ပါးတို့၏ သဘောသဘာဝအတိုင်း

အစဉ်လိုက်ပါတယ် ဟု အင်္ဂုတ္တိုရ်မှာ တိုက်ရိုက် ဖော်ပြထားခြင်း ဖြစ်ပါတယ်။

သုတ္တန္တပိဋကတ်၊ အင်္ဂုတ္တရ နိကာယ၊ အဋ္ဌက နိပါတ၊ ပဌမပဏ္ဏာသ၊ စာမျက်နှာ (၈) ၊

ပဌမ လောကဓမ္မသုတ်တွင်ပါရှိသော ဂါထာတွင်လည်း အောက်ပါအတိုင် ဖော်ပြထားပါတယ်။

လာဘော အလာဘော စ ယသာယသော စ၊ ( Gain and Loss, Fame and Ill fame, )

နိန္ဒာ ပသံသာ စ သုခံ ဒုခဉ္စ။ ( Blame and Praise, Joy and Pain, )

ဧတေ အနိစ္စာ မနုဇေသု ဓမ္မာ၊ ( these are the impermanent states amongst humans. )

အသဿတာ ဝိပရိဏာမဓမ္မာ။ ( not eternal, subject to change. )

( ဆောင်ပုဒ် )

ဥစ္စာဓန၊ လိုတာရ၊ လာဘ လောကဓံ။

ဥစ္စာဓန၊ လိုမရ၊ အလာဘ လောကဓံ။

လူတွင်ထင်ပေါ်၊ ကျော်ဇောသနော်၊ ယသ လောကဓံ။

လူတွင်မထင်ပေါ်၊ မကျော်ဇောသနော်၊ အယသ လောကဓံ။

ကဲ့ရဲ့နေ့စဉ်၊ ပြစ်ဆိုးမြင်၊ နိန္ဒ လောကဓံ။

ချီးမွှန်းနေ့စဉ်၊ ပြစ်ဆိုးမမြင်၊ ပသံသ လောကဓံ။

ကြီးပွားချမ်းသာ၊ စိတ်ချမ်းသာ၊ သုခ လောကဓံ။

ပျက်ဆီးဆင်းရဲ၊ လိုတိုင်းမွဲ၊ ဒုက္ခ လောကဓံ။

အဲဒါကြောင့် မှတ်ကြ သိကြ လောကဓံတွေကိုကွယ်....။

အထက်ပါ ဆောင်ပုဒ်အတိုင်း ပြောရမည်ဆိုလျှင် မျက်မှောက်ခေတ်အနေဖြင့်

သာဓကတစ်ခုလောက် ပြချင်ပါတယ်။ အဲဒါက ဘာလဲဆိုရင်....

တစ်ခါတုန်းက ရွာတစ်ရွာမှာ အသက်ငါးဆယ်ကျော် လင်မယား နှစ်ယောက်သတဲ့...။

အဲဒီ လင်မယား နှစ်ဦးမှာ သူတို့ မွေးထားတဲ့ မြင်းအိုလေး တစ်ကောင်လည်း ရှိပါတယ်။

တနေ့ သူတို့ လင်မယား မြင်းအိုလေးကို စီးလျက် ဆွေမျိုးတွေထံသို့ အလည်အပတ်

ခရီးခဲ့ပါတယ်။ တစ်ရွာဝင် တစ်ရွာထွက် ခရီးထွက်ပြီး ရွာ သုံးရွာကျော်သောအခါ

အချို့လူတွေက ကဲ့ရဲ့ကြပါတယ်။ ဘာလို ကဲ့ရဲ့သလဲဆိုတော့ " အိုနေတဲ့ မြင်းကိုမှ

မသနားဘူး " အခု ကြည့်စမ်း သူတို့ မြင်းအိုလေးကို စီးပြီး ခရီးနေကြ ဆိုတော့...။

လင်မယားနှစ်ယောက်က လူတွေ ပြောနေသံကို ကြားတော့ ယောင်္ကျားဖြစ်သူက " ကဲ...

မိန်းမရေ" တယောက် တစ်လှည့်စီ စီးကြတာပေါ့။ ဒီလိုနဲ့ လင်မယား နှစ်ယောက်

တစ်ယောက်နှင့် တစ်ယောက် သူ စီး ငါ စီးနှင့် ငြင်းခုန်ကြရင်း နောက်ဆုံး ယောင်္ကျားဖြစ်သူက

ပထမဆုံး မြင်းအိုလေးပေါ် တတ်စီး လိုက်ပါတယ်။ အဲဒီလိုနဲ့ တစ်ရွာဝင် တစ်ရွာထွက်

လာခဲ့တော့ တချို့ လူတွေက ပြောကြပြန်တယ်။ ဘာတွေ ပြောကြပြန်လဲဆိုရင်

"ယောင်္ကျားကြီး ဖြစ်လျက်နဲ့ မြင်းပေါ် တတ်စီးပြီး မိန်းမဖြစ်သူကို မြင်းကြိုး ဆွဲခိုင်းရတယ်လို့"

အရှက်မရှိလိုက်တာလို့ တချို့လူတွေ ပြောသံကို လင်မယားနှစ်ယောက် ကြားရပြန်တယ်။

ဒီတော့ ယောင်္ကျားဖြစ်သူက " ကဲ... မိန်းမရေ မင်းပဲ မြင်းပေါ် တတ်စီးလိုက်ပါတော့

ဆိုပြီး မိန်းမကို မြင်းအိုလေးပေါ် တင်လိုက်ပါတယ်။

ဒါနဲ့ တစ်ရွာဝင် တစ်ရွာထွက်ခဲ့ပြန်တော့ လူတချို့က ပြောကြပြန်တယ်။ ဘာတွေ ပြောကြပြန်

လဲဆိုရင် " မိန်းမဖြစ်ပြီး ယောင်္ကျားဖြစ်သူကိုမှ နည်းနည်းလေးမှ မသနားဘူး။

သူပဲ မြင်းပေါ်တတ်ပြီး စီးရတယ်လို့ " ဒါကို လင်မယားနှစ်ယောက် ကြားကြပြန်တော့

သူတို့နှစ်ယောက်လုံး မြင်းအိုလေးကို မစီးတော့ပဲ ဆွဲပြီး တစ်ရွာဝင် တစ်ရွာထွက်

ခရီးဆက်ခဲ့ပြန်ပါတယ်။ မြင်းအိုလေးကို ဆွဲပြီး ခရီးဆက်လာတော့ လူတချို့က ဝေဖန်ကြပြန်

တယ်။ " လင်မယားနှစ်ယောက် ရူးလွန်း အ လွန်းလိုက်တာ သူတို့ ဘေးနားမှာ မြင်းကြီး

တစ်ကောင်လုံး ပါပါလျက် ခြေလျင် လျှောက်ပြီး ခရီးသွားတာ သူတို့လောက်

မိုက်တာ လောကမှာ ဘယ်သူ ရှိအုန်းမလဲ တဲ့...။

အဲဒီ စကားကို လင်မယားနှစ်ယောက် ကြားသောအခါ တစ်ယောက်နှင့် တစ်ယောက် ကြည့်ပြီး

သက်ပြင်းချလျက် အမောလည်းစို့ ဆွေမျိုးတွေ နေထိုင်သည့် ဒေသ ကျေးရွာလေးကို နေဝင်

ဆည်းဆာချိန်တွင် ရောက်ခဲ့ကြပါတယ်။

ဒီသာဓကလေးကို ကြည့်ပြီး လောကကြီးမှာ သူတစ်ပါးမှာ ရှိတဲ့ ပစ္စည်းကို အပထားပြီး

ကိုယ့်မှာ ရှိတဲ့ ပစ္စည်းတောင်မှ ကဲ့ရဲ့မလွတ်ကြဘူး ဆိုတာ အထက်ပါ သာဓကကို ကြည့်၍

သိရှိနိုင်ပါတယ်။ ဒါဟာလည်း လောကဓံတရားတွေပါပဲ။ လောကဓံတရားတွေဟာ

တကယ်တမ်း ကောင်းတာ ရှိသလို မကောင်းတာလည်း ရှိကြပါတယ်။ ဒါတွေကို သိရှိကြဖို့

အင်မတန် လိုအပ်တယ်။ ဒါတွေကို မသိရှိကြဘူးဆိုရင် လောကဓံနှင့် ကြုံတွေ့လာလျှင်

တုန်လှုပ်ကြပါလိမ့်မည်။ လောကဓံတရားတွေကို ကိုယ် ကိုယ်တိုင် သိရှိကြလျှင်

မတုန်လှုပ်တာတောင် ဖြေသိမ့်နိုင်မည်သာ ဖြစ်ပါတယ်။

ဒါကြောင့် ခုဒ္ဒကနိကာယ၊ သုတ္တနိပါတနှင့် ခုဒ္ဒကပါဌတွင်ပါရှိသော၊ မဟာ မင်္ဂလသုတ်မှာ

လာရှိသော နောက်ဆုံးအချက်လေးချက်ကို ဒီနေရာမှာ တင်ပြချင်ပါသေးတယ်။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။

အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလ မုတ္တမံ။

He whose mind does not flutter, by contact with worldly contingencies,

Sorrowless, stainless, and secure. This is the Supreme Blessing.

With a mind unshaken,

When touched by worldly conditions,

Sorrowless, stainless, and secure;

This is the greatest blessing.  ( Sutta Nipāta II.4 (also Kuddakapāṭha 5)

(၁) ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။

He whose mind does not flutter, by contact with worldly contingencies.

(က) လောကဓံ ရှစ်ပါး တွေ့ကြုံငြား စိတ်ထား ငြိမ်ရမည်။

(၂) အသောကံ ( Sorrowless )

(ခ) ဆွေမျိုး ပျက်ချိန်၊ ဂုဏ်သေးမှိန်၊ စိုးရိမ် သောက ကင်းရမည်။

(၃) ဝိရဇံ ( stainless )

(ဂ) ကိလေသာမျိုး၊ ရမ္မက်ဆိုး၊ ဖြတ်ချိုး သုတ်သင် ရှင်းရမည်။

(၄) ခေမံ ( secure)

(ဃ) ကိုယ်တွင်း ပြင်ပ၊ ဤနှစ်ဝ၊ ကိလေသာစင်၊ ဘေးလျှင် ကင်းရမည်။

ဤတွင် လေးမျိုး မင်္ဂလာတိုး နေ့စဉ် ကျင့်ရမည်....။

နောက်ဆုံး နိဂုံးချုပ်အနေဖြင့် အားလုံးသော သူတော်ကောင်းတွေ လောကဓံတရားတွေနှင့်

တွေ့ကြုံလာလျှင် နေနည်း ထိုင်နည်းများ ရရှိစေချင်ပါတယ်။ မနေတတ် မထိုင်တတ်ကြလျှင်

လောကဓံရဲ့ ရိုက်ပုတ်ခြင်းကို ခံရမည်မှာ မြေကြီးလက်ခတ်လို့ မလွဲသည်မှာ

အမှန်ပင် ဖြစ်ပါတယ်။ ဒါကြောင့် ဘာလဲ လောကဓံဆိုတာလေးကို သိရှိကြပြီးသောအခါ

အားလုံးသော သူတော်ကောင်းများ လောကဓံရဲ့ အကောက်အကွေ့တွေကို ရင်ဆိုင်နိုင်ပြီး၍

ကျန်းမာ ချမ်းသာစွာဖြင့် လိုအင်ဆန္ဒ ပြည့်ဝကြပြီးလျှင် ဘုရားအစရှိသော သူတော်ကောင်းတို့

သိမြင်တော်မူသော ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂတစ်ဖြာ လေးသစ္စာကို လက်ဝယ်ပိုင်ပိုင်

ရရှိကြပြီးလျှင် နိဗ္ဗာနဓာတ် အအေးဓာတ်ကို လွယ်လင့်သော ဥာဏ်တို့ဖြင့် မျက်မှောက်ပြုနိုင်

ကြပါစေ ဟု ဆုတောင်းပတ္တနာပြုပြီး ဤဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်...။


အားလုံး ကျန်းမာ ချမ်းသာကြပါစေ...

၂၆- ၀၂- ၂၀၁၄

ည ၁၀ နာရီ ၃၀ မှာ စတင် ရေးသားသည်

တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...