Saturday, December 31, 2011

စာမျက်နှာအသစ် ၂၀၁၂ (၉၂)


မီးပန်းတွေ မီးပုံတွေက
ကောင်းကင်ပေါ်မှာ ခရီးသွား တိုးဝှေ့ခဲ့ကြ
ငါကတော့ ကိုယ်သမိုင်း ကိုယ်ရေးတဲ့
လူ့ဘဝထဲ တိုးဝှေ့ခဲ့လို့
ခုနှစ်တခုတောင် တိုက်စားသွားရင်း
စာမျက်နှာ အသစ်တခုကို
ထက်လှန်နေဆဲ....။

လူ့ဘဝ ဖြတ်သန်းခြင်းဆိုတာ
ကဗျာတစ်ပုဒ်ရေးဖို့ မူကြမ်းရေးစာမျက်နှာပါ
ကာရံမဲ့ လောကဓံက စည်းကမ်းမရှိသလောက်
ဘဝဇာတ်ခုံ ဖြစ်သလို ရေးဆွဲရင်း
အပြုံးအမုန်းမသုဉ်းတဲ့ လောကဓံကို
ကြုံရာကြုံရာ ဇာတ်လမ်း က ခုန်ရင်း
ဇာတ်ဝင်ခန်း အသစ်တခု ဝင်ရောက်ခဲ့ပြန်ပြီ...။

လူ့ဘဝသမိုင်း နွံအိုင်ထဲ
စိုက်ပျိုးခဲ့တဲ့ အလှတစ်ပွင့်က
ပင်ယံထက်မှာ တင့်တယ်သော်လည်း
သစ်ရွက်တွေ ကြွေကျတိုင်း
ကြွေကျတိုင်း လေရိုင်းများအောက်
ပန်းတစ်ပွင့် မြေခမှာလည်း ကြောက်မိခဲ့
အခုတော့လည်း ရနံ့သင်းကြူးတဲ့
ပန်းတစ်ပွင့် ဖူးငုံခဲ့ပြန်ပြီ.....။

သစ်ရွက်လေးတွေ ကြွေကျလာတိုင်း
လူ့ဘဝသမိုင်းတွေ ကဗျာရေးစပ်ခဲ့
နှလုံးသားစာလုံးပေါင်း မတတ်သေးတဲ့
ငါ့အတွက်တော့ သစ်ရွက်ကြွေတိုင်း
နှင်းခ လာတဲ့ ဒီဇင်ဘာက
ပန်းကလေးတွေကို အခါတော်ပေးလို့
သတင်းစကား ပြောကြားခဲ့ပါရဲ့
Date ကုန်သွားတဲ့ သက္ကရာဇ်တခုက
တိုက်စားသွားလို့ အခုတော့ မြေခခဲ့ရပြန်ပြီ....။

တိုက်စားသွားတဲ့ ခုနှစ်တွေက
မဟူရာညအမှောင်ယံ ကားမရလို့
ကြုံရာ ကားတွေ တားရင်း
အချိန်တွေသာ ကုန်ဆုံးခဲ့
မနှစ်မြို့တဲ့ စောင့်ဆိုင်းခြင်းကို
ရပ်တန့်လို့ ကိုယ်ပိုင်အမှတ် ၉၆၃၉နဲ့
ခရီးဆက်ခဲ့တာ အခုတော့လည်း
၂၀၁၁ သက္ကရာဇ်တခု ပြိုလဲကျခဲ့လို့
နှစ်သစ်တခုရဲ့ ၂၀၁၂ကိုရောက်ခဲ့ပြန်ပြီ...။

ပြိုလဲသွားတဲ့ သက္ကရာဇ်တွေက
ဝါရင့်လက်ဝှေ့သမားလို့ တိုက်ခိုက်ခဲ့
ကျိန်ဒဏ်သင့်တဲ့ နေ့ရက်တွေထဲ
မြောလွင့်ရင်းနဲ့ ပျော်ရွှင်ခြင်းတွေကို
လူ့ဘဝအဘိဓာန်မှာ ဖန်တီး သရုပ်ဖော်ခဲ့
မကြေညာခဲ့တဲ့ ကြော်ငြာတခုက
ရင်မှာတိုးဝှေ့လို့ နှစ်သစ်ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပြီ..။

Thursday, December 29, 2011

စတုတ္ထ အနှိုင်းမဲ့ မြင့်မိုရ် (၉၁)

နွေ မိုး ဆောင်း ဥတုသုံးပါးရဲ့အောက်
အတိုင်းအတာ ကိုးလတာ ဆယ်လမှာ
အကာလည မိုးတွေ တဖွဲဖွဲရွာသွန်းနေတဲ့
ညအမှောင်ယံမှာ အနှိုင်းမဲ့ကောင်းကင်အောက်
ငိုညည်းသံစဉ်လေးတခု ထိုးဖောက်လို့
မွေးဖွားရှင်သန် အသက်ဝင်ခဲ့ပြီ...။

ငိုကျွေးခြင်းတွေ စတင်ခဲ့တဲ့
လူ့ဘဝ လူ့သံစဉ်တွေကြား
ချိုမြိန်စွာ ခံစားခဲ့ရင်း
အပြုံးတစ်လှည့် အငိုမျက်ရည်တွေနဲ့
ဆာလောင်မွတ်သိမ့်မှုတွေ တောင်းဆိုရင်း
အနှိုင်းမဲ့ အားဆေးတစ်ခွက်ကို
သောက်သုံးလို့ အသက်ဆက် ရှင်သန်ခဲ့ပြီ...။

ဘာသာမဲ့နေတဲ့ ငါ့အတွက်တော့
အခြေခံဘာသာရပ်အနေနဲ့
ထမင်းကို မန်မန်
ဘုန်းကြီးတွေ့ရင် ဦးတော်
အန်တီကို တီတီဆိုတဲ့
အရိုးဆုံးသော ဝေါဟာရအသစ်တွေကို
သုံးနှုန်း စတင်ပြောခဲ့ရင်း
မခိုင်တဲ့ ဒူးနှစ်ဖက်ကို
အနှိုင်းမဲ့လက်နဲ့ အကူတောင်းလို့
လမ်းလျှောက်တက်တဲ့ အရွယ်
လူ့ဘဝရဲ့ ခြေလှမ်းအသစ်နဲ့
လောကလူ့ဘုံထဲ စတင် ရှင်သန်ခဲ့ပြီ...။

အသိမကြွယ်သေးတဲ့ ငါ့ဘဝအစမှာ
လက်ဦးဆရာအဖြစ်နဲ့ အနှိုင်းမဲ့စာတွေ
သင်ကြားပေးရင်း အားကစား လေ့ကျင့်ခန်းတွေနဲ့
ပျော်မွေ့အောင် သူငယ်ချင်းတယောက်လို့
ချော့သိမ့်ပေးလို့ အနှိုင်းမဲ့ရင်ခွင်မှာ
ဘဝအတွက် အကောင်းဆုံး ပျော်ရွှင်မှုတွေနဲ့
ပုခက်ထဲမှာ အိပ်ပျော်ခဲ့ရင်း ရှင်သန်ခဲ့ပြီ....။

ပျော်ရွှင်ခြင်းရဲ့ နေ့ရက်တွေနဲ့
ဖြတ်သန်းခဲ့ရင်း တိုးတက်ရေးကို
ရှေ့ရှုခဲ့တဲ့ အနှိုင်းမဲ့လက်နဲ့
ရင်ခွင်ပွေ့ပိုက်ရင်း နှင်တံတချောင်း
အသပြာငွေအချို့ အချော့မုန့်ကလေးနဲ့
ချော့မော့ကာ ငါ့ကို ကျောင်းအပ်
ကျောင်းပို့ စာသင်ကျောင်းသို့
ရောက်ခဲ့တာ နှစ်တွေကြာညောင်းလို့
ဘွဲ့တွေလည်း ရရှိခဲ့ပြီလေ...။

အရွယ်ရောက်လာတဲ့ ဘဝခရီးတလျှောက်
ကောင်းကင်ပြာပြာအောက်မှာ ဘွဲ့လက်မှတ်နဲ့
ခရီးဆက်ဖို့ ဝိုးတဝါးဖြစ်နေဆဲ
ဘဝကျောင်းနဲ့ စာသင်ကျောင်း
မချိတ်ဆက်မိသေးတဲ့ ငါ့ဘဝကို
အနှိုင်းမဲ့လက်က နည်းလမ်းတွေ ညွန်
တိုက်တွန်းအားတွေနဲ့ အလုပ်စပ်ပေးရင်း
အချိတ်အဆက်မဲ့တဲ့ ဘဝကျောင်းထဲ
ငါ့ဘဝ ဒုတိယ ခြေလှမ်းတွေနဲ့
ဆက်လက် ရှင်သန်ခဲ့ပြန်ပြီ....။

သဘာဝနိယာမတွေ အလိုအလျှောက်
တောက်ပနေတဲ့ ထစ်ချုန်းမိုးတွေနဲ့
နှလုံးသား စကားပြောသင်တန်း တက်ကြရင်း
မေတ္တာကမ်းလွန်ပြင်မှာ နားခိုနေတဲ့
ငှက်တကောင်ကို နှစ်သက်လို့
သံယောဇဉ် လှောင်အိမ်ထဲ
သစ္စာအစာတွေ ကျွေးရင်း
နှလုံးသားကဗျာတွေ ရေးစပ်ခဲ့ပြီလေ....။

Wednesday, December 28, 2011

အသစ်ပြောင်း အဟောင်းသံသရာ (၉၀)


ကြွေကျပျက်စီးလို့ အမှိုက်တွေလို
လေလွင့်ခဲ့တဲ့ သက်တန့်တခု
ကောင်းကင်မှာလည်း အရောင်တွေလွင့်လို့
မိုးတိမ်တွေကြား ပျောက်ကွယ်သွားသည့်အလား။

ခုတ်မောင်းနေဆဲ ဘဝရထားတစ်စီး
မှတ်တိုင်ရောက်တဲ့ ကားတစ်စီးလို
ကျော်ဖြတ်သက်တမ်းတခု တိုးဝှေ့လို့
အိုမင်းခြင်းရဲ့ ပြက္ခဒိန်သစ်တခုဆီ
မမျှော်လင့်ပဲ ရောက်ရှိလာခဲ့ပေါ့...။

အချိုအခါး မညီမျှတဲ့ ရာသီမှာ
မိုးခါးရေကို သောက်နေရတဲ့
သဘာဝတရားတွေက ဖောက်ပြန်ပျက်စီးလို့
နေဝင်မိုးချုပ် အာရုဏ်အလုပ်နဲ့
တစ်ရက်ပြီးတစ်ရက် မိုးချုပ်ခဲ့ပြန်ပြီပေါ့...။

ကံတရားက မောင်းချလိုက်လို့
ပြေးချင်ရာကို ပြေးနေရတဲ့
တေလေ ငှက်တကောင်ရဲ့
ဘဝဇာတ်လမ်းက မနက်ဖြန်အတွက်
အခန်းသစ် အတွဲအသစ်ဖြစ်ပြန်ပြီပေါ့..။

လွမ်းတာလည်း နာလှပြီ
ချစ်တာလည်း ကြာလှပြီ
မနစ်နာစေချင်တဲ့ သဘာဝတရားက
အသစ်တွေတာ သတ်မှတ်ပေးခဲ့ပါရဲ့
မနှစ်ရက်တွေတာ ကုန်ဆုံးလို့
ဝတ္ထားတဲ့ အက်ႌေတြသာ
အသစ်တစ်ထည် ပြောင်းခဲ့ပြန်ပြီ...။

ဇရာအို အရွယ်ဟောင်းလို့
နှစ်လတွေလည်း ပြောင်းလာခဲ့ပြီ
အတိတ်အကြောင်းတွေက ပြုံးလွယ်မုန်းလွယ်
စနစ်လွယ်လွန်းလို့ ဇာတ်ကားတွေတာပြောင်းပေမဲ့
အသစ်စက်စက် ဇာတ်ကားထွက်တိုင်း
ကျုပ်က မင်းသား သူက မင်းသ္မီး
သူ့မိဘ ကိုယ့်မိဘ
သူ့ အသိုင်းဝိုင်း ကိုယ့်အသိုင်းဝိုင်း
သူ့ လူကြမ်း ကိုယ့်လူကြမ်းတွေပဲလေ...။

Monday, December 26, 2011

ကာရံမညီသော လမိုက်ည (၈၉)


သက်သေတစ်ခု ရှာဖွေနေဆဲ
မျှော်လင့်ခြင်းတွေ ဝေးလွင့်သွား
ခရီးသွားတယောက်ရဲ့ ဘဝတစိတ်
တရိပ်ရိပ် ဖြစ်နေတဲ့
လမိုက်ညရဲ့ တရားခံဟာ
ကိုယ့်အလင်းကို ကိုယ့်အရိပ်နဲ့ ကွယ်တဲ့ကမ္ဘာ
မီးအိမ်တစ်ခွက် လောင်စာပျက်လို့
ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ရင်
မဟူရာ အမှောင်တိုက်ကြီး တစ်ခုလုံး မွေးဖွားလာမယ်...။

ကိုယ့်ဘဝတလျှောက်လုံး ထိမ်းပိုးလာတဲ့
ဘဝကျောင်းက လွယ်အိတ်ကိုချလို့
ကိုယ့်ခြေထောက်ထဲ ဘောလုံးမြဲဖို့အတွက်
အားလုံးကို လိမ်ညာရတော့မှာလား
အချိတ်အဆက် လုပ်ရမှာလား..။

ဘဝတွေကလည်း စုံလွန်းလို့
ကခုန်ရတဲ့ လောကဇာတ်ခုံထဲ
စိတ်ကြိုက်လွင့်နေတဲ့ ဇာတ်ကားတွေလည်း
ရိုးလွန်းလို့ ဟိုထဲ ဒီထဲ
ကြယ်ပွင့်တွေ လက်နက်ကိုင်နေဆဲ
ဒါပေမဲ့ မှတ်တမ်းထဲက
ညီညွတ်ခြင်းဆိုတဲ့ အောင်လံဟာ
တို့ဘဝ လေတိုက်မှ လှတဲ့ အရာပေါ့...။

အလှမက်လို့ မဟုတ်ခဲ့ပါဘူး
စိတ်စေရာကို ခုတ်မောင်းတတ်တဲ့
တစ်ချက်မိန့် တံဆိပ်ပြားတစ်ခုက
ရေသောက်မြစ်ကို ထိယှသွားခဲ့
မမြင်ရမှာ အစုံအဆန်
ပုံမှန်ပြေးလွှားနေတဲ့ ရေစီးသံများက
ပျောက်ကွယ်သွားတော့ ထင်ကျန်ခဲ့တာ
စိုဆွတ်ခြင်းများရဲ့ နွံ့အိုင်တစ်ခုပါ..။

ပေတေနေတဲ့ နွံ့အိုင်ထဲ
ရုန်းထွက်ခဲ့တဲ့ ကြိုးတစ်ချောင်းက
ခြေရာတွေလည်း ပျောက်ခဲ့သလို
ချည်တိုင်ကြိုးလည်း လွတ်ထွက်ခဲ့
အတောင်ပံပျက်တဲ့ ငှက်တစ်ကောင်လို
မြက်မစားတတ်တဲ့ နွားတစ်ကောင်လို
တေလေတွေနဲ့ လေလွင့်ရင်း
ပလက်ဖောင်းကို ခေါင်းအုံးခဲ့
အလင်းမထွက်တဲ့ လမိုက်ညရဲ့
မဟူရာမှာ ထောက်ချောက်ထဲကို
ဝင်ရောက်သလို ဖြစ်ခဲ့လို့
အဲဒီညတွေမှာ ကာရံမညီခဲ့ဘူးလေ...။

Sunday, December 25, 2011

စိတ္တဇ လောင်တိုက် (၈၈)

 
ဒီလို ဒီဇင်ဘာညတွေမှာ
ဆောင်းနှင်းတွေနဲ့အတူ
ရင်ဘတ်အဟောင်းသား
နှစ်ယောက် တစ်အိပ်မက်
ဆော့ကစားကြလို့
နှလုံးသား အာဟာရ
ထာဝရ ထင်ကျန်ရင်း
ရင်ထဲမှာလည်း တကျစ်ကျစ်မြည်နေဆဲ...။

ပင်ယံထက်က ပန်းမဟုတ်သော်လည်း
သစ်ရွက်တွေ နှင်းခ ရင်း
လေပြေလေညှင်းများ တိုက်ခိုက်ကြလို့
အေးစက်စက်နဲ့ မြေခ
ကြွေကျလာရင် အနေခက်မှာလည်း
စိုးကြောက်မိတယ်...။

ကံကြမ္မာ ခါးသက်သက်နဲ့
ဘဝတစိတ်ကို ခရီးဆက်ရင်း
ရင်ခုန်သံတွေ မှားခဲ့သလား
ရင်ခွင် ဝိုးတဝါး ဖြစ်နေဆဲ
ငါ... ရောက်ရှိခဲ့တဲ့ ခရီးတစ်ခုက
မီးတောက်တွေနဲ့ ကမ်းလှမ်းကြိုဆိုခဲ့
မမှားသော ဆေးတစ်ခွက်ကို
သောက်သုံးရင်း အခုတော့ ကုသနေဆဲ....။

သံသရာစက်ရဟတ် လည်ပတ်လို့
ခါးသက်နေတဲ့ နေ့ရက်တွေကို ရေတွက်
ကိန်းဂဏာန်းတွေ ထုဆစ်ထားတဲ့
သြဃလေးပါး သမုဒ်ပြင်ကျယ်မှာ
သံယောဇဉ်ပျက် ဆေးတစက်
သွေးခတ်နေတဲ့ ဓါးတစ်လက်နဲ့
ခုတ်ဖြတ်ဖို့ ကြိုးစားနေဆဲ...။
 
ကျန်ရစ်နေတဲ့ ဘဝကွက်လပ်ထဲ
သတိရမှုတွေ ကြီးစိုးမင်းမူရင်း
ခံနိုင်ရည်မရှိတဲ့ သစ်ကိုင်းလေး
နေလောင်ဒဏ်ရဲ့ အောက်မှာ
ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရဆဲ...။

Saturday, December 24, 2011

လေလှိုင်းထဲက ကောလဟလ (၈၇)


ဘုရားဟော ကျမ်းဂန်ထဲက
ကာလာမသုတ်လာ ယုံကြည်သင့် ယုံ
တစ်ဆင့်စကားနဲ့ မယုံနဲ့အုန်း
ဆရာကြီး ခေါင်းဆောင်ကြီး
ဘာကြီးညာကြီး ပြောလည်း
ယုံသင့်မှ ယုံ
လက်တွေ့ကျခြင်း တစ်ခုက
လန့်နိုးလာတဲ့ ကာလနဂါးကြီးရဲ့
သက္ကရာဇ်ကို ဝေဒကျမ်းလာ
နက္ခတ် ကြယ်တွေကို တွက်စစ်
လက်တွေ့ကျတော့ ရှားရှားပါးပါး
ကောင်းကင်မှာ ကြယ်တွေဝိုင်းရံနေတဲ့ကြား
လကြတ်တာနဲ့ ကြုံတွေ့ဆဲ......။

တိမ်မြှုပ်နေတဲ့ အမှန်တရားကို
ရှာဖွေဖို့အတွက် လောင်းတော်သိဒ္ဓတ်
ကမ်းမမြင် လမ်းမမြင်နဲ့
အမှောင်ယံ မောင်ဆန်ခေါ်လို့
သောင်ယံအနော်မာကို မြင်းစီးထွက်ခဲ့
အမှန်တရား သစ္စာတရားကို
ထိုက်တန်တဲ့ မဟာလူသားတို့အတွက်
သရုပ်ပျက် ရုပ်ဖျက်ထားလည်း
ဘယ်လိုပင် တောပုန်းနေနေ
ဒီကမ္ဘာမြေကြီးမှာ သူအတွက်တော့
မရှားသော နေရာတွေရှိမြဲလေ....။

ရာစုနှစ် ၅၀၀ ကျော်လာတဲ့အောက်မှာ
ခရစ်တစ်ခု မွေးဖွားပေးခဲ့
ခရစ်တော်ရဲ့ နောက်ဆုံးညစာနဲ့
ရေချမ်းတစ်ခွက် ကမ္ဘာပျက်တော့မှ
အရွယ်ရောက် အတောင်စုံလို့
ကွဲပြားတဲ့ ဘာသာရပ်နဲ့
နောက်ကမ္ဘာကို နိမိတ်ဖတ်မယ်တဲ့...။

အများပြော အဟုတ်ဖြစ်
တရားဟော သရုပ်ဖြစ်
သဏ္ဍာန်မဲ့တဲ့ ကောလဟလ
ကောလဟလကို မယုံနဲ့
လက်တွေ့ကျမှ ယုံ....။

သမိုင်းဝင် အထောက်ထားနဲ့
ငါးရာ့ငါးဆယ် နိပါတ်တော်ထဲ
ကျူပ်က မင်းသား ဇာတ်လိုက်
ကလိန် ဒါရိုက်တာ
ခင်ဗျားက မင်းသား လူကြမ်း
အဟော့ပ် အရမ်းကောင်းတဲ့
ရူတင်မန်နေဂျာ လက်တွေ့ အပြော
လက်တွေ့ အဟော တိကျလွန်းလို့
သေမည့် နေ့ရက်တောင်
ချက်ဆို နားခွက်က မီးလောင်သလို
ဒက်ခနဲ့ အမှန်ပဲလေ......။

တနေ့နေ့ ဆုံဆည်းကြမည့်
လမ်းဆုံက ဂျမ်းပုံ (နေတိုး) နဲ့
တေလေ (ကဒါဖီ)
အတိတ်ဟောင်း ကျောင်းတော်က
ရန်မူခြင်း အကြွေးတွေကို
အဆစ်ပေးလို့ အတိုးတက်လိုက်တာ
မဆီမဆိုင်း အဖိုးထက် တန်ဘိုးကြီးသွားတယ်....။

Thursday, December 22, 2011

ကွဲအက်သွားတဲ့ ခေါင်းလောင်း (၈၆)


စိတ်ဝတ္ထုရဲ့ စေခိုင်းရာကို
မောင်းနှင်လာရင်း ကြီးပြင်းလာတဲ့
တက်သစ်စ ငါ့ဘဝထဲ
ဝိုင်းချိုရည် တစ်ခွက်နဲ့
မေ့လျော့ရင်း ဝေဒနာတွေ
နှစ်သိမ့်လို့ အလွမ်းတွေသင့်ခဲ့
ကျန်ရစ်နေတဲ့ ကျောင်းခေါင်းလောင်းလေး
အက်ကွဲလို့ အဖော်ပြုနေဆဲ.....။

အတိတ်တစ္ဆေတွေ ပျော်မြူးနေတဲ့
ကျောင်းတော်ထဲ ငါ့အတွက်တော့
ခေါင်းလောင်းအက်ကွဲသံနဲ့အတူ
အဖော်ပြုရင်း ခံစားရင်း
အထီးကျန် အလွမ်းသင့်နေဆဲ...။

မမျှော်လင့်တဲ့ အနာဂါတ်ကို
ငေးမောရင်း အက်ကွဲနေတဲ့
ကျောင်းခေါင်းလောင်းက
အသံတွေညည်းတွားလို့
ငါ့ရင်ခွင်ကို ထိုးဖောက်ခဲ့
ဒဏ်ရာပြင်ပြင်း ရခဲ့တဲ့
အတိတ်ဟောင်းတွေက
ဝေဒနာတွေဖြစ်ခဲ့
ခံစားလိုက်ရတဲ့ ငါအတွက်တော့
အိုဟောင်းနေတဲ့
ခေါင်းလောင်းအက်ကွဲနဲ့
အဖော်ပြုနေဆဲ...။

ဝေးနေသမျှ နီးနေဆဲ
ဆွေးနေသမျှ လွမ်းနေဆဲ
နာကြည်းလို့ ပစ်ထားသွားလည်း
ဒဏ်ရာတွေကို ချိုမြိန်စွာ ခံစားရင်း
ကျောင်းတုန်းက ခေါင်းလောင်းသံ
နိုင်ငံတော် အလံရှေ့မှာ
ဆိုနေကြ နိုင်ငံတော် သီချင်းတစ်ပုဒ်
စောင့်မျှော်ရင်း ဆိုနေဆဲ....။

Wednesday, December 21, 2011

သီတဂူတက်လမ်း စက္ခုဒါနဆေးရုံဖွင့်ပွဲ့ (၈၅)







သီတဂူတက်လမ်း စက္ခုဒါနဆေးရုံဖွင့်ပွဲ

ခရစ်စမတ် အမှတ်တရ (၈၄)

စပယ်နဲ့ ဆောင်း မပြောင်းခင်
နှလုံးသား ဖယောင်းကပ်ပြီး
ဒီဇင်ဘာ ခရစ်စမတ်
ဆုတောင်းပွဲလေး ကျင်းပလိုက်ချင်ရဲ့...။

စပယ်က မွှေး
ဆောင်းက အေး
ဒီဇင်ဘာညလေးကို
ခရစ်စမတ်လေးနဲ့
ဆွေးမယ်နော်.......။

ငွေဇင်ယော်က ပြေး
တိမ်စိုင်တွေ ဟိုအဝေးမှာ
ဝေဒနာတွေပေးလို့ ဒဏ်ရတွေနဲ့
မဆွေးသေးခင် နှုတ်ဆက်ခရစ်စမတ်ရဲ့
လက်ဆောင်တွေ ထားရစ်ခဲ့အုန်းနော်...။

ခင်မင်စွာ နှလုံးသားမှာ
မှတ်ချက်ရေးလို့ ငါ့အတွက်
ခရစ်စမတ် အမှတ်တရ ပေးခဲ့အုန်းနော်....။

မညီမျှတဲ့ မော်ဒန် အချစ်နဲ့ဘဝ (၈၃)


ဘဝနဲ့ဆန္ဒ အချစ်နဲ့စစ်တွေကို
စောသေးလို့ အကျောပေးလိုက်တာ
သက္ကရာဇ်တွေက ငါ့အတွက်
တွေးခေါ်စဉ်းစားရင်း အတွေ့အကြုံမရှိ
အသက်တွေသာကြီးလို့ အိုမင်းမှုကို
လှမ်းလာခဲ့သလို ဖြစ်ခဲ့
မနေသာလို့ အဖြေရှာပြန်တော့
ဓားတောင်ကို ကျော်ဖြတ်
မီးပင်လယ်ကို ကူးခတ်
အရူးတကောင်လို လေလွင့်ရင်း
ကမ္ဘာပတ်ခဲ့ မနေတတ်တဲ့
အသိုင်းဝိုင်းတွင်း ခုန်ချရင်း
နစ်မြှုပ်နေတဲ့ မြေပုံကို
ရှာဖွေရင်း နည်းလမ်းပေးတဲ့
ဆရာဆီ သင်ယူလိုက်နာခဲ့
မသေခြာတဲ့ အနာဂါတ်အတွက်
ကဗျာတွေ ရေးစပ်ရင်း
လူငယ်ဘဝ မရေးတတ်တဲ့
မော်ဒန်တစ်ဇွန်းအောက်မှာ
ချစ်သူတစ်ဦး ရရှိခဲ့
မျှော်လင့်ခြင်းတွေ ပေးခဲ့တဲ့
မနက်ဖြန် နေရောင်ခြည်ရဲ့
အလင်းရောင်အောက်မှာ
ဘဝတစ်ခု စတင်ကြရင်း
လိုအပ်ချက်တွေ နားလည်မှုတွေ
မေ့ပျောက်လို့ ပတ်ဝန်းကျင်
အသိုင်းဝိုင်းကြား လေစိမ်းတိုက်ခိုက်ကြ
မညီမျှတဲ့ ဓားသွားထက်မှာ
ကြိတ်မှိတ်ခံစားရင်း ဒဏ်ရာတွေက
အလွမ်းတွေဖြစ်လို့ ဆွဲကိုင်မိရာ
ဆေးလိပ် တစ်လိပ်ကို သောက်မိခဲ့
ဇိမ်ကျနေတဲ့ မီးခိုးငွေ့တွေကြား
မူးယစ်ထိုင်းမှိုင်းရင်း အကြမ်းဖျင်းဖျာပေါ်မှာ
အချစ်နဲ့ဘဝကို အရှုံးပေးလို့
အသက်တစ်ချောင်းအတွက် မြေတစ်ကွက်ကို
ငွေတစ်မက်နဲ့ ဝယ်ယူလို့ ဘဝနိဂုံးချုပ်ခဲ့တယ်......။ 

Tuesday, December 20, 2011

What A Human Freedom Of Christmas (၈၂)


ယဉ်ကျေးမှုတစ်ခုရဲ့ အောက်ခြေမှာ မွေးဖွား
ကိုယ်စီ နှစ်သက်တဲ့ အကြိုက်တွေနဲ့ ကျင့်သုံး
အကောင်းအဆိုး နှစ်တန် လွင့်ပြန်နေတဲ့
ဒီခေတ် ကောင်းကင်ထဲ အစဉ်လာတွေကို
ထိန်းသိမ်းကြရင်း ပျော်ရွှင်မှုနှစ်သစ်ရဲ့
ခရစ်စမတ် နေ့သစ်ကို ရောက်ခဲ့ကြ
အဲဒီနေ့ညက ဆုတောင်းပေးခဲ့တာ
လှောင်ချိုင့်ထဲက ငှက်ကလေးတွေရဲ့ Freedom တဲ့.....။

ကျဉ်းလွန်းတဲ့ ဘဝထောင်ချောက်ထဲ
သစ်ရွက်တွေလို လေလွင့် ကကြိုးဆင်ရင်း
ဖြူစင်တဲ့ စိတ်ဓာတ်တွေ ရိုက်ချိုးခံရ
မကြင်နာတဲ့ စစ်တစ်ခုရဲ့
ဓားစားခံဖြစ်ကြရင်း ဘဝအခန်းကျဉ်းထဲရောက်ခဲ့
အမေးအဖြေတွေနဲ့ ဒဏ်ရာတွေလည်း
နှစ်လတွေ ကြာညောင်းခဲ့ပြီ
မနှစ်မြို့တဲ့ ရာသီတွေလည်း
ပြောင်းလွဲလာခဲ့....
မနက်ဖြန် မနက်ဖြန်
ဒီဇင်ဘာဆောင်းရဲ့ ခရစ်စမတ် နှစ်သစ်မှာ
ပျော်ရွှင်ခြင်းတွေနဲ့ ဆုတောင်းပေးလိုက်တာ
လှောင်ချိုင့်ထဲက ငှက်ကလေးများရဲ့ Freedom တဲ့....။

ခရစ်စမတ်ဆောင်းရဲ့ ဒဏ်ရာတွေလည်း
နှလုံးသားမှာ ချမ်းတုန်မောဟိုက်
ဆုတောင်းမှုတွေလည်း အေးခဲသွား
၃၆၅ ရက် တစ်နှစ်တာရဲ့
ပင်ပန်းမှုတွေ အပန်းဖြေ
၂၅ ရက် ဒီဇင်ဘာဆောင်းညမှာ
ခရီးထွက်ကြရင်း ခရစ်စမတ်မီးတိုင်အောက်
ကိုယ်စီကိုယ်စီ ရောက်ရှိခဲ့
အမှတ်တမဲ့ တောင်းဆုတွေက
စောင့်မျှော်မိတဲ့ ချစ်သူနဲ့
မဆုံစည်းခဲ့ မိသားစုအတွက်
လွတ်မြောက်မှုတွေ ကြိုးပမ်းကြလို့
ခရစ်စမတ် မီးပုံလေးကို
ဆုတောင်းရင်း လွတ်တင်ကြစို့.......။ 

ရင်မှအသည်း ကြွေအန်ဆဲ (၈၁)


လုယူသွားတဲ့ ဘဝဇာတ်ခုံထဲ
ဂိမ်းတစ်ခုလို့ ကြွေအန် ကစားကြရင်း
ပြိုင်ပွဲမှာ ရှုံးတဲ့အခါ ရှိသလို
နိုင်ပွဲ ရလိုက်တဲ့ အခါလည်း ရှိလိမ့်မယ်
လက်မတွန့်လိုက်နဲ့ ရှေ့ဆက် ခရီးဆက်ခဲ့ပါ...။

လိုက်တိုင်းလည်း မရ လိုတိုင်းလည်း မရ
ပုံချရာကို အလိုလျှောက် ဖြစ်လာတဲ့
ကြွေခွက်ထဲ လူးလိမ့်ပြီ ခံစား
တပ်မက်လောဘရဲ့ နောက်ကွယ်မှာ
ဒေါသရဲ့ မျက်မုန်းကျိုးခြင်းတွေက
ဖမ်းစားကြရင်း ရန်သူတွေဖြစ်ခဲ့ကြပေါ့...။

ပုဝါချိတ်ပိတ်လို့ သယ်ဆောင်ခဲ့တဲ့
တန်ဘိုးတွေက နှစ်ဆထိုးကျလို့
ကြွေအန်ဝိုင်းထဲ ဝင်ရောက်ခဲ့
တရားမဝင် လုပ်ဇာတ်တွေကို
ဒိုင်ကိုင်ရင်း ဘဝအမှောင်ကျခဲ့
မတန်လိုက်တဲ့ သစ်စိမ်းရွက်က
ခါးစည်းအောက်မှာ ဘဝတစ်ဆစ်ချိုး
ရင်နှစ်အသည်း ကြွေအန်ဆဲတဲ့....။

အချိုးကောင်းလွန်းတဲ့ လက်ကွက်တွေက
မိတ်ဖွဲ့ရင်း ခင်မင်ရင်းနဲ့ ကြင်နာခဲ့ကြ
မထင်သာတဲ့ လုပ်ရပ်က ဘဝမှာ
အထီးကျန်ရင်း အလွမ်းတွေသင့်
အဆိပ်မရှိတဲ့ ညမဟူရာတွေမှာ
ကကြိုးတွေ ကခုန်ရင်းနဲ့
ရင်မှအသည်း ကြွေအန်ဆဲပေါ့......။

မြစ်ကြီးတွေ ကာရံထားတဲ့
မြေပြင်ကျယ်ထဲ စည်းမျဉ်းဘောင်တွေနဲ့
ဝိုင်းရံကာကွယ်ရင်း ရေစီးသံ
ဒီတတ်လာတဲ့ အခိုက်တန့်
ဘယ်သူမှ မသိတဲ့ သတိပေးမှုက
ရင်မှအသည်း ကြွေအန်ဆဲ.......။

Monday, December 19, 2011

လှော်မရတဲ့ ဘဝလှေ (၈၀)


စစ်ပွဲတွေဖြစ်ခဲ့တဲ့ စကားလုံးတွေက
ဓားသွားထက်မှာ သွေးတွေပြည့်ကြပ်လို့
လှော်မရတဲ့ ဘဝလှေဖြစ်ခဲ့ပေါ့......။

ဘဝလှေမှာသွေးလူး ဓားတွေမှာ သွေးတွေကျန်
ရင်ထဲမှာလည်း တုန်းလှန် ပြန်ကျလာတဲ့
တက်မကို ပစ်လှန်ရင်း
ဆေးမရတဲ့ နွံ့တွေ ထင်ကျန်ခဲ့ပေါ့....။

ဒီဘဝမှာ နေရတာခဏတာ
တွန်လှန် ပြိုင်ပွဲဝင်ရင်း
တာဝန်ရှိသူ ဘယ်သူသိမှာလဲ ......။

ငြိုငြင်တာတွေ သိမ်းပိုက်တက်ခေါက်ရင်း
လှေအိုလေးထဲ ထကြွလုံ့လနဲ့
တက်မကိုင်ဆွဲ ရင်ခွင်ထဲသို့
ရောက်ခဲ့ပြီပေါ့.....။

အကြိမ်ကြိမ် ခါးစည်းသိုင်းခဲ့
ချည်တိုင်ကြိုးမဲ့တဲ့ တက်မတစ်ခုရဲ့
ဘဝလှေထဲ မျှော်လင့်ချက်က
နှလုံးသားမှာ လှော်မရဆဲ....။

Sunday, December 18, 2011

ဘဝရထားပေါ်က ဆည်းဆာအလွမ်း (၇၉)


နေရာချင်းလည်း မသိခဲ့ကြဘူး
အတူဆုံဖို့လည်း မရည်ရွယ်ခဲ့ဘူး
လက်မှတ်ချင်းလည်း အဝယ်မတူခဲ့ဘူး
ခရီးအတူသွားဖို့လည်း မတိုင်ပင်ခဲ့ဘူး
လိပ်စာမသိ ဖိတ်စာမရှိနဲ့
ခရီးတစ်ခုကို ထွက်ဖို့
ရထားတစ်စီးဆီ ကိုယ်စီ ရောက်ခဲ့တယ်
ကိုယ်စီ လက်မှတ်နဲ့ ခုံနံပါတ်တွေဆီ
ဝင်ရောက်လာခဲ့ မရည်ရွယ်တဲ့
ခုံတန်းရှည်မှာ ခရီးသွားနှစ်ဦး ဆုံစည်းခဲ့ပြီး
ဘဝရထားကလည်း စတင်ခုတ်မောင်းလို့
မရည်ရွယ်သူ နှစ်ဦးကလည်း ခရီးစတင်ထွက်ခဲ့တော့

ဘူတာတစ်ခုရောက်တိုင်း ခင်မင်မှုတွေတိုးလို့
ကူညီရိုင်းပင်စိတ်တွေနဲ့ တယောက်နဲ့တယောက်
နားလည်မှုတွေယူရင်း အဆင့်တစ်ခုသို့ရောက်ခဲ့
ဘူတာတွေ ဖြတ်သန်းတာ များလာတော့
သူတို့နှစ်ဦးရဲ့ ခရီးသွားမှတ်တမ်းက
ခိုင်မာမှု သက်သေတွေ ပြသရင်း
၂၃ ဒီဂရီ စောင်းသွားတဲ့ ကမ္ဘာမြေပြင်ပေါ်မှာ
သူတို့ချစ်ခြင်းတွေ အထင်ကရဖြစ်လို့
ချစ်သက်သေတွေ ဘဝရထားထဲက
ညနေ ဆည်းဆာအောက်မှာ သမိုင်းတင်ခဲ့ပြီ....။

လိုအပ်ရာ ပန်းတိုင်သို့ ဘဝရထားကြီး
ပုံမှန်ခုတ်မောင်းရင်း ခရီးဆက်လာတဲ့
ခရီးသွားတွေထဲ ကံကြမ္မာမျက်နှာသာပေးလို့
တစ်ခုံတည်း အတူတူခရီးဆက်ခဲ့တဲ့
ခရီးသွားနှစ်ဦးရဲ့ သူစိမ်းဆန်နှလုံးသားက
ရင်းနှီးမှုတွေ စတင်လို့
ခင်မင်ခြင်းက ကြင်နာခဲ့ကြ
မညီမျှတဲ့ အပေးအယူ
ထိုင်ခုံတစ်ခုအတွက် နားလည်မှုတွေ
ကိုယ်စီယူရင်း တာဝန်တွေလည်း ထမ်းဆောင်လို့
ထမင်းချိန် ထမင်း
အိပ်ချိန် အိပ်
နိုးကြားချိန် နိုးကြားလို့
ဘဝရထားလေးထဲ သူတို့ ပျော်ရွှင်ခဲ့ကြပြီ....။

ပျော်ရွှင်တွေက အဆုံးမသတ်သေးခင်
ပတ်ဝန်းကျင် လေစိမ်းတွေက
တခါတရံ တိုက်ခိုက်ကြလို့
အေးခဲမှုက ဝန်တိုမှုတွေ
မနာလိုမှုတွေ နောက်ပြောင်မှုတွေ
လှောင်ရယ်သံတွေ ယှဉ်ပြိုင်မှုတွေ
ချစ်သဒ္ဓါပိုလို့ အသည်းက အထိနာစကားတွေ
ရန်လိုစကားတွေ တိုက်ခိုက်လို့
ကတိသစ္စာတွေ သက်သေထားရင်း
စာချုပ်တစ်ခုရဲ့ အပေါ်မှာ
လက်မှတ်တွေ ရေးထိုးခဲ့ကြ
အမည်မသိတဲ့ မှတ်တိုင်တစ်ခုရဲ့
ဘူတာကို ဆိုက်ရောက်လို့
ခေတ္တနားခိုရင်း အမည်မဲ့ ဒေါသက
ဘဝရထားပေါ် ရန်မူကြလို့
သူတို့နှစ်ဦး စိတ်ကောက်ကြရင်း
နှစ်ဆယ်ရာစု သက္ကရာဇ်တွေ ပြိုလဲခဲ့
မနက်ဖြန် ရောက်ရှိလာတဲ့
နှစ်ဆဲ့တစ် ရာစုနှစ်အတွင်း
ငါ့ + မင်းတို့ရဲ့ ချစ်ခြင်းတွေ ရပ်ဆိုင်းခဲ့
အဲဒီနေ့ရက်က မင်းနဲ့ ငါတို့ရဲ့
ခရီးအဆုံး ဘူတာကို ဆိုက်ရောက်လို့
လမ်းခွဲခြင်း အလွမ်းနိဂုံးရဲ့
အိမ်ပြန်လမ်း ခရီးတစ်ခု ဖြစ်ခဲ့ပြီ.....။

ဘဝရထားတစ်စီးရဲ့ ခရီးအစနဲ့ ခရီးအဆုံးတွေက
ချစ်ခြင်း မုန်းခြင်း နှစ်တန်ခြားနား
ပဝါပါး တစ်ရွာသားကို မေတ္တာထားရင်း
မှတ်တိုင်မဲ့တဲ့ ချစ်သဒ္ဓါတွေဖြစ်ခဲ့
အဲဒီအခိုက်တန့် သူတို့နှစ်ဦးရဲ့
ပျော်ရွှင်ခြင်းတွေနဲ့ ခရီးဆက်ခဲ့ရင်း
မမျှော်လင့်ခဲ့တဲ့ နေ့ရက်တွေမှာ
မဟူရာ ညအမှောင် ကြီးစိုး မင်းမူခဲ့
နားလည်မှုတွေလည်း လွဲမှားကြရင်း
ကြေကွဲခြင်း လွမ်းဆွတ်ခြင်းတွေဖြစ်လို့
ခရီးအဆုံးမှာ လမ်းခွဲခြင်းနဲ့ အိမ်ပြန်ခဲ့ပြီ....။

သံစဉ်မဲ့ လျိုဝှက်ကောက်ကြောင်း (၇၈)


ရှက်မိပါရဲ့ သက်ရက်စေ့
အပေါ်ယံမှာ
သကာရည် လွှမ်းပါလို့
ပြည် လမ်းမှာ
တာယာကွဲရတယ်
မဟန်နိုင်ဘူးကွဲ့
နောက်ဆုတ်ခဲ့လေ...။

တွက်မိပါရဲ့ သက်မဲ့သင်္ချာတောင်
ပေါင်း နုတ် မြှောက် စား
ကြွင်းသမျှ စားရတယ်
မဟန်နိုင်ဘူးကွဲ့
နောက်ဆုတ်ခဲ့လေ.....။

ကြည့်မိပါရဲ့ ဓာတ်ရှင်တွေ
အပေါ်ယံမှာ
စိတ်ကြွဆေးတွေ လွှမ်းပါလို့
ပြည် လမ်းမှာ
ဘရိတ်ပေါက်ရတယ်
မဟန်နိုင်ဘူးကွဲ့
နောက်ဆုတ်ခဲ့လေ...။

မမြင်မိပါရဲ့ တံတိုင်းတွေ
ဟန်ချက်ညီ ကာရံပါလို့
နဝင်းကိုးပင် ခင်းထားလေသလား
ကိုတို့မောင် အောင်ဗလက
ငွေပဒေသာပင် လမ်းခင်းလေလားလို့
ထိုးကွင်းကို ကြည့်မိပါရဲ့
ရင်ဘတ်တွင် အထင်ကရပေမို့
ရနိုင်ဖွယ် အလှပန်းကနုတ်တွေက
မယ်ကညာကို စွဲဆောင်လှလေ...။

Saturday, December 17, 2011

တိမ်ညိုစိုင်းတဲ့ ကကြိုးများ (၇၆)


ပျံသန်းခဲ့တဲ့ ခရီးတိုင်းမှာ
ခြေရာတွေလည်း ပျောက်ဆုံးခဲ့
လေဟာနယ်ရဲ့ တိုက်ခိုက်မှုတွေ
ရင်ဆိုင်ယှဉ်ပြိုင်ရင်း အမှတ်မဲ့တဲ့
တိမ်ညိုတွေစိုင်းလို့ ကောင်ကင်ပြင်မှာ
အရိပ်မဲ ကကြိုးတွေ တန်ဆာ ဆင်နေပါရဲ့.....။

ခရီးကလည်း ဝေးလွန်းပါတယ်
နားခိုဖို့လည်း ခတ်လှပါတယ်
ခြေရာမဲ့တဲ့ ကောင်ကင်ပြင်ထဲ
နာရီလက်တန့်လည်း ပျောက်ဆုံးခဲ့
မနက်နဲ့ ည အလင်းနဲ့ အမှောင်တွေကြား
ဝိုးတဝါးနဲ့ ခရီးသွားနေရင်း
တိမ်ညိုတွေစိုင်းတဲ့ လောကဓံကောင်းကင်ပြင်ထဲ
ဘဝပုံရိပ်တွေက ကကြိုးဆင်နေဆဲ.......။

ဆေးစက်ကျရာ အရုပ်တွေရေးဆွဲ
မြေမကျတဲ့ လေဟာနယ်ထဲ
ကောင်းကင်ပေါ်က ပန်းချီကားချပ်တွေ
သူအလိုလို ဖျက်လိုက် အရုပ်ရေးလိုက်နဲ့
ပြောင်းလွဲမှုက မြန်ဆန်လွန်းလို့
တိမ်ညိုတိမ်စိုင်းတွေကြားမှာ
အမှောင် အလင်း မသိနိုင်ခဲ့....။

ကြိုးမဲ့ခဲ့တဲ့ သမိုင်းတစ်ပုဒ်က
လေဟာနယ်မှာ ခြေရာတွေ ပျောက်ခဲ့
မသိစိတ်ရဲ့ နောက်ကွယ်က
ထိန်းသိမ်းထားတဲ့ စည်းမျဉ်းတွေက
ကိုးကွယ်ရာ ဥပဒေဖြစ်လို့
စွမ်းအားရှင်တွေ ပျံသန်းခွင့်က
နယ်မြေတွေ ကန့်သတ်ချက်တွေ
ကာရံဖွဲ့နွဲ့ တံတိုင်းတွေနဲ့
အဆုံးအစမဲ့ တိမ်ညိုတိမ်စိုင်းတွေ
ကိုယ်စီကိုယ်စီ ကကြိုးတွေ ဆင်နေဆဲ.....။

သံသရာတစ်ခွင် ကျင်လည်လို့ ခြေရာမဲ့တဲ့
လေဟာနယ်တွင်း နှစ်သက်ရာ အရုပ်တွေရေးဆွဲကြရင်း
အသွင်တွေလည်း ပျောက်
သဏ္ဍာန်တွေလည်း ပျောက်ဆုံးခဲ့
အမူရာမရှိတဲ့ လောကကောင်းကင်ထဲ
တိမ်ညိုတွေလို ကကြိုးတွေ တန်ဆာဆင်နေဆဲ.....။ 

ငါရှိရင် သမိုင်းရှိတယ် (၇၅)


လူ့ဘဝအစ သမိုင်းခြေရာတွေထဲမှာ
လူရယ်လို့ဖြစ်တဲ့ ငါ့ဘဝကို
ထူထောင်ဖို့ အခြေခံသင်တန်းတွေ
လက်ဦးဆရာဖြစ်တဲ့ အမေ့အိမ်မှာ
သင်တန်းတက်ရင်း ဘာသာဗေဒ အတတ်ဆိုင်ရာ
အမိမြေ မိခင်ဘာသာကို စတင်သင်ကြားခဲ့တယ်
စကားပြောတက်စ အရွယ်မှာ ငါဟာ ထမင်းကို မန်မန်
အမေ အဖေတို့ရဲ့ အမည်တွေကို မပီကလာ စကားတွေနဲ့
စတင်ပြောခဲ့လို့ မိခင်ဘာသာစကားတွေလည်း ပြောတက်ခဲ့ပြီ
ငါ့တို့အသက် ငါးနှစ်အရွယ်ရောက်တော့
ကစားမက် အစားမက်နဲ့ ပြေးလွှားနေတဲ့ အချိန်အခါမှာ
လက်ဦးဆရာ အမေက ဒုတ်တစ်ချောင်းနဲ့
မုန့်တစ်ထုတ်ကို ဟန်ပါပါ ပြသရင်း ချောမော့ကာ ကျောင်းပို့ခဲ့
နောက်တော့ အတန်းတွေ အောင်လို့ တက္ကသိုလ်ကြီးကို ရောက်ခဲ့တယ်
ငါ မကျွမ်းကျင်သေးတဲ့ တက္ကသိုလ်ထဲမှာ ဘာသာရပ်တွေနဲ့
လည်ပတ်ရင်း ရည်းစားရခဲ့တယ်..........။

နောက်ဆုံးနှစ် တက္ကသိုလ်တက်ရတဲ့ ငါ့အတွက်
မနက်ဖြန် လက်တွေ့ကို ဖြတ်သန်းရတော့မယ်ဆိုတော့
လယ်တောလေးကို သတိရမိတယ်
မိဘတွေ အမွေဖြစ်တဲ့ လယ်တောလေးထဲ
အမေက ငါတို့ကို ပြောခဲ့ဖူးတယ်
ငါ့သားတို့ ပညာတက်ကြီးတွေ ဖြစ်ရင်
ထမင်းကျွေးတဲ့ တို့လယ်လေးကို မမေ့နဲ့တဲ့
တို့လယ်လေးက ငါတို့ရဲ့ ထမင်းကျွေးတဲ့ လက်တဲ့
အမေတို့ကတော့ ငါ့သားတို့ကို ပေးနိုင်တာ
အားလုံးကတော့ မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးတွေရယ်
ပညာရေး အားပေးမှုနဲ့ ပညာတက်ကြီးဖြစ်စေချင်တာတွေပါ
ဒါတွေဟာ မိဘတိုင်းရဲ့ ဆန္ဒတွေပါ
ဒါပေမဲ့ ကာလတွေ အတိတ်ဟောင်းတွေ
ကျန်ရစ်နေလို့ ပုံပျက်နေတဲ့ ခေတ်ကြီးထဲ
မတူတာကို ဖယ်ရှား တူတာတွေပေါင်းစပ်
ညွန့်မောင်းဖွဲ့လို့ တိုးတက်ရေးကို ရှာဖွေ
လယ်ထဲက အမေတို့ ဆင်းရဲဒုက္ခာတွေကို
ယာယီမေ့ပျောက်ထားပြီ ပညာတက်တို့
လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ကြိုးစားစမ်းပါလို့
အမေ မှာတမ်းတင်ကာ ဆုံးမစကားလေး
သားတို့ရင်ထဲ ပို့ပေးလိုက်ချင်တယ်....

အမေ့မှာတမ်းတွေ ရင်ထဲမှာခိုအောင်းလို့
နေ့စဉ်အောင့်မေ့မိခဲ့ တက္ကသိုလ်က
နေ့ရက်တွေလည်း ကုန်ဆုံးလို့
ဘွဲ့တစ်ခုနဲ့ ပတ်ချာလည်ရင်း
အသိမှတ်မပြုသေးတဲ့ အလုပ်တစ်ခုအတွက်
သင်တန်းတက်ခဲ့ လတွေလည်း ကြာညောင်း
နှစ်တွေလည်း ပြောင်းလာတဲ့
ခုနှစ်သက္ကရာဇ်တွေထဲ အလုပ်ကိုင်မဲ့
ရပ်တည်ခြင်းတွေက ထင်ရာစိုင်းသလိုဖြစ်ခဲ့
ဘွဲ့ရခြင်းက ငါ့အတွက်တော့
၁၀၉ ၁၁၀ ပုဒ်မကြီးဖြစ်
သဘာဝ တရားသူကြီးက ငါ့ကို အပြစ်ပေးလို့
လယ်တောထဲ ပြန်ရောက်ခဲ့တာ
ငါတို့ဘွဲ့တွေက လယ်ယာပြန်စားရေး ဖြစ်လို့လေ....။

Friday, December 16, 2011

ဒီလှိုင်းပမာ သူတို့ခြေရာ (၇၄)


အမည်မဲ့ သခင်မဲ့ လေလွင့်ရာကို
ယိမ်းယိုင်နေတဲ့ ခေါင်းလောင်လေးတွေတိုင်း
လေတိုက်တိုင်း လှုပ်ရှားတိုင်းမှာ
အော်မြည်တတ်တယ်...။

ခိုင်မာတဲ့ အဖွဲ့စည်းတွေနဲ့
တည်ဆောက်ထားတဲ့ သစ်ပင်က
ရွက်ဝါလေးတွေတိုင်း လေတိုက်တိုင်း
လှုပ်ရှားတိုင်းမှာ ကြွေကျတတ်တယ်...။

မာကျောလွန်းတဲ့ ကိုယ်ထည်တွေနဲ့
ဖွဲ့စည်းထားတဲ့ သံမဏိက
မီးဒဏ်ရာတွေ ထိတာများတိုင်း
အရည်ပျော်တတ်တယ်...။

စေလိုရာကို ပြေးနေတဲ့
မြစ် ချောင်း အင်း အိုင်ထဲက
ရေတွေလို စိတ်အလိုလိုက်ရင်း
အေး စက်စက်နဲ့ ရက်စက်မှုတွေကို
အပျော်တမ်း ကစားကြလို့
တရားခုံပေါ်မှာ အမှုတွေနဲ့
ပျော်တတ်တဲ့ စရိုက်ဆိုးကျိုးတွေကို
အမှန်တရား အထင်နဲ့ လုပ်ရဲဇာတ်ရဲ
မိုက်ဇာတ်ရဲတဲ့ လူမိုက်ကြီးစိတ်ဓာတ်နဲ့
နှလုံးပွတ်လို့ နေထိုင်တတ်တယ်...။

ခိုင်းချင်သလိုခိုင်း ခြစ်သလို
တောက်တတ်တဲ့ မီးအဟုန်လို
ဒေါသကို သူငယ်ချင်းဖွဲ့
မိုက်လိုက်တဲ့ စိတ်ဓာတ်တွေနဲ့
လောဘတပ်မက်ရင်း မောဟအကျဉ်းထောင်မှာ
ဘဝထောင်ကျထဲ အပျော်တွေမက်လုံးဖြစ်ခဲ့
မနေတက်တဲ့ စရိုက်တွေကို
ဘောင်သွင်းဖို့ ကြိုးစားနေခိုက်
အလိုလိုက်မိတဲ့ စိတ်မိုက်ကြောင့်
အလွယ်တွေးတော မီးသီးချင်းဆိုတတ်တယ်တဲ့....။

ပတ်ဝန်းကျင်က လူမိုက်လို့ပြောတာကို
ဂုဏ်ထူးပေးတယ် အထင်နဲ့
အနှိမ်မခံတဲ့ သက်မဲ့ ဓာတ်တိုင်လို
လမ်းဘေးတွေမှာ ရပ်တန့်ရင်း
ဇိမ့်ခံတတ်တဲ့ သက်ရှိတွေရယ်
ရေနွေးငွေ့ ရထားပမာ မီးခိုတွေ
တလူလူနဲ့ ဆေးလိပ်သောက်လို့
သူအတွက် ငါ့အတွက်
အမှန်တရားတွေ ရှာဖွေရင်း
အခုတော့ အမှန်တရားလည်း ပျောက်ခဲ့တယ်....။

ပဲ့တင်သံတွေရဲ့ နေ့စွဲ (၇၃)


ပဲ့တင်သံတွေရဲ့ နေ့စွဲမှာ
စကားတွေက ဓားတွေဖြစ်ခဲ့
စကားနောက် သမိုင်းပါလို့
အပြောတွေက အဆိပ်တွေနဲ့
နှုတ်ကြားထဲက မာယာတွေအပြည့်
စစ်ထိုး စကားများကြရင်း
ဝါးရုံတောလည်း ပျက်စီးမှာကြောက်
စည်းကမ်းဖေါက်လို့ အစွန်းရောက်မှာ
စိုးကြောက်မိပါရဲ့....။

ခေတ်ကာလကလည်း ခပ်နုနု
သူတို့ကလည်း ခပ်နုနု
ငါတို့ကလည်း ခပ်နုနု
ခေတ်စကားအနုတွေကြား
ဖိအားတွေလည်း များလွန်းလို့
ဝါးရုံတော အလား
လေတိုက်ရင်လည်း ယိမ်းတက် ရမ်းတက်
ဘလောင်ဆူအောင် ရိုက်ခက်နေတာ
တောမီးလောင်မှာတောင် ကြောက်မိပါရဲ့...။

ပဲ့တင်သံတွေရဲ့ နေ့စွဲမှာ
ထက်သန်တဲ့ စိတ်ဓာတ်တွေက
ဓားသွားတွေဖြစ်သလို သစ္စာပန်းတွေလည်း
စိုက်ပျိုးခင်းကျင်းလို့ မှတ်တိုင်တစ်ခုဖြစ်ခဲ့
မညီညာတဲ့ ပန်းတိုင်တွေကြား
ကိုယ်စီ ပြေးလွှားကြရင်း
အမှားအမှန် ဝေခွဲလို့မရခဲ့
လမ်းဟောင်းထဲက ကျားတွေက
ခြင်္သေမရှိတဲ့ တောမှာ ဘုရင်လုပ်ကြရင်း
စုရုံးနေတဲ့ ဝါးရုံတောကို
ဖျက်စီးဖို့ ကြံစည်သလို ဖြစ်နေပြီလား....။ 

Thursday, December 15, 2011

အညတရ ကြေကွဲခြင်း မှတ်တမ်း (၇၂)


ဝိညာဉ်မဲ့ အထီးကျန်နေခဲ့တဲ့
ညအမှောင်ယံတွေထဲ ခရီးသွားရင်း
အစုံအဆန် ပြေးသွားနေတဲ့
ရထားနောက်ကို စိတ်ပေါက်ပေါက်နဲ့လိုက်ခဲ့မိ
မရေရာ ဘဝခရီးထက်မှာ
အခိုင်အမာမရှိ ပြဿနာတွေနဲ့
ရင်ဆိုင်ယှဉ်ပြိုင်ရင်း မုန်းစိတ်တွေ
မျက်မုန်းကျိုးခဲ့ ကြေကွဲခဲ့ပေါ့...။

နာကြည်းမှုတွေ ရင်မှာဖွဲ့စည်းထားတဲ့
ဆိုက်ကားတစ်စီးက ဆင်းရဲတွင်းထဲက
ရွှေတစ်ခွက်လို ငွေရှာပစ္စည်းတစ်ခုဖြစ်ခဲ့
ထမင်းမငတ်တဲ့ လက်အတွင်းမှာ
မွေးဖွားမိတဲ့ ငါ့အတွက်တော့
လူ့ ချမ်းသာ တယောက်ပေါ့
အထင်မကြီးလိုက်နဲ့အုန်း
သံယောဇဉ်ထားမိတဲ့ ဘဝတစိတ်မှာ
အလွမ်းတွေ ရင်ခွင်ပိုက်ရင်း
သောကမျက်ရည်တွေ ခါးသီးစွာ ရွာချခဲ့လို့
ငါ့.. ရင်မှာ ဘာမထီ လွမ်းစိတ်တွေနဲ့
ထင်ကျန်ခဲ့တာ ကြေကွဲခြင်းတွေပေါ့.....။

ထင်ကျန်နေသေးတဲ့ နေ့ရက်တွေမှာ
အထီးကျန် တံတိုင်းတွေကို
စိန်ခေါ်တိုက်ပွဲဝင်ရင်း အားမရှိတော့တဲ့
လက်အစုံကို တင်းကျပ်စွာ ဆုပ်ပြီး
နံရံတံတိုင်းတွေ ဖြိုဖျက်ဖို့
ရှေ့သို့ ချီတက်ခဲ့တော့
ပြိုလဲသွားတဲ့ ငါ့ခန္ဓာကိုယ်လေး
အထင်အမြင် ကွဲလွဲမှုအောက်မှာ
အင်အားမဲ့လို့ ကြေကွဲနေဆဲ....။

မော်ဒန် ခြင်းတောင်းပျက် (၇၁)


ပတ်ဝန်ကျင် အသိုင်းဝိုင်းက
ကျေးငှက်တွေတိတ်သော်လည်း အော် ကြော လန်
ခရာသံတွေပေးလို့ ညမီးရောင်အောက်
ဈေးတန်းလေးက စပီကာတွေနဲ့
အော်ဟစ်နေရင်း ဈေးတန်းရှိရာ
လမ်းလျှောက်လာခဲ့တဲ့ ဈေးဝယ်သူက
လက်ဆွဲခြင်းကို ဟန်ပါပါ ကိုင်ဆောင်ရင်း
လိုရာပစ္စည်းတွေ ဆွဲခြင်းထဲ ထည့်ခဲ့လို့
မလုံ့တလုံ ခြင်းတောင်က
ဟိုနေရာက ပေါက်
ဒီနေရာက ပေါက်
ဟိုနေရာ လျှံထွက်
ဒီနေရာက လျှံထွက်
ကြည့်ရတဲ့သူ စိတ်မချမ်းမြေ့ စရာ
သူ့ဖြစ်ရပ်ကို ငေးကြည့်ရင်း
ရင်တမော့မော့ ခေါင်းတမော့မော့နဲ့
ရင်သက်ရှုမောလောက်အောင် ဖြစ်ခဲ့ရ
ဈေးသည်ကလည်း အော် ကြော လန်
ဈေးဝယ်သူကလည်း အလန်းတွေနဲ့
ခေတ်ဇာတ်ကို ဖောလိုလိုက်ရင်း
ခြင်းတောင်းလည်း ပျက်ခဲ့ပြီ.....။

Wednesday, December 14, 2011

Peace began with smile (၇၀)


ငြိမ်းချမ်းရေးဆိုတာ အပြုံးက စတင်တယ်တဲ့
မမျှော်လင့်တဲ့ နေ့ရက်တွေထဲ
ခလုတ်တိုက်ရင်း တွေ့ခဲ့မိတဲ့
အပိုင်းအစလေးက အပြုံးတွေ ဝေဆာလို့
ခံစားချက်တွေ တုန်လှုပ်သွားခဲ့တယ်
အဲဒီနေ့က ငြိမ်းချမ်းရေးလား စဉ်းစားကြည့်....။

ရုတ်တရပ်နဲ့ ခရီးတစ်ခုကိုရောက်ခဲ့
မှတ်တိုင်မဲ့တဲ့ လမ်းတစ်ခုမှာ
ပြေးလမ်းကို လှည့်ကြည့်မိတော့
အပြုံးတစ်ခုက မျက်ဝန်းအိမ်ထဲ
ညှို့ငင်ဖမ်းစား အနိုင်ယူသွားတာ
အဲဒါတွေက ငြိမ်းချမ်းရေးလား စဉ်းစားကြည့်...။

စိတ်ဓာတ်တွေ တက်ကြွထက်သန်လို့
ကိုယ်သန်ရာ အလုပ်တစ်ခုကို
ခွန်အားတွေနဲ့ အားထုတ်ရင်း
ဘဝတကွေ့ကို ဖြတ်သန်းခိုက်
ထာဝရ မမေ့နိုင်တဲ့ အပြုံးတစ်ပွင့်က
အဝေးက လေလွင့်ရင်း
မျက်ဝန်းအိမ်ထဲ ဖမ်းစားအနိုင်ယူသွားခဲ့..
အဲဒီအရာတွေက ငြိမ်းချမ်းရေးလား စဉ်းစားကြည့်....။

အပြုံးတွေသာ ရင်ထဲမှာ စွဲငြိ
ငြိမ်းချမ်းခြင်း မရှိခဲ့သေးတဲ့
ဖဲမွေ့ရာထက်မှာ အိပ်ပျော်ရင်း
ဝေဒနာ ခရီးတစ်ခုကို
နာကျင်စွာ ဆက်လက် လျှောက်လှမ်းခဲ့
မသေချာသေးတဲ့ ရှာဖွေခြင်းတွေက
နှလုံးအိမ်ကို ရိုက်ခွင်းချေဖြတ်ရင်း
တပ်မက်မိခဲ့တဲ့ ငြိမ်းချမ်းရေးအပြုံးတစ်ပွင့်ကို
မျှော်လင့်တမ်းတ လွမ်းရတာပဲ လက်ကျန်ဖြစ်ခဲ့ပြီ...။

ခေတ် မော်ဒန် ဘယ်သူသိလဲ (၆၉)


အတိတ်နေ့ရက်များ အိုဟောင်းနေပါလျက်
မနေ့က လောကဇာတ်ခုံပေါ်မှာ
ပြဇာတ်ခင်းကျင်းရင်း ခရီးထွက်ခဲ့ကြတယ်
အမှတ်တမဲ့ အိုဟောင်းနေတဲ့
ရေကန်ဟောင်းလေးရှေ့ ဖားငယ်တကောင်
အရှိန်လွန် ရှောင်တိမ်းရင်း
မခုန်ချရဲ့တဲ့ ရေကန်ထဲ
မကူးတတ်ပဲ ခုန်ဆင်းမိတော့
အသံကြားလိုက်တာ ဝစီအထင်နဲ့
ကားတွေရပ်တန့်သွားခဲ့ပြီ
နောက်တော့ နဘေးက
တေလေတကောင်က အလေးပြုချီတက်ရင်း
တောင် မြောက် သွား လမ်းကလေးကို
လမ်းညွန်နေတယ် မောင်းသူတွေက
အံကြိတ်ရင်း ဂါထာတွေပေးလိုက်တာ
ငါ...တောက်... ဘယ်လို ကောင်လဲ
အရူးတကောင်လို ကျိန်စာတိုက်ပြီ
အဝေးပြေး လမ်းမကြီးထဲ
လိုင်စင်မရှိ ကာရံမိမိနဲ့
တေးသွားညည်းတွားရင်း ခရီးဆက်ခဲ့
ပန်တိုင်ခရီး မရောက်သေးတဲ့
ပြေးလမ်းပေါ်မှာ ခဏရပ်တန့်ပြီး
ဝယ်ချင်တဲ့ ပစ္စည်းတွေ
အကုန်ဝယ်ထည့်ရင်း စည်းမဲ့ကမ်းမဲ့
ခြင်းတောင်းထဲ ဟိုနေရာက ပေါက်
ဒီနေရာက ကိုးရိုကားယားနဲ့....
မော်ဒန်ခေတ်ကြီးထဲ တိုးဝင်တိုက်ဖျက်ရင်း
ကာရံတွေလည်း ပဲ့ကျ
တန်ဆာတွေလည်း ကမောက်ကမ
ဟန်မကျတဲ့ အရိပ်တွေက
ထောင်းထောင်းထနေတဲ့ ဖုံမှုန့်တွေလို
လိမ်းကျံချိုးဖောက်လို့
အင်္ကျီစတွေလည်း ထင်ရစိုင်းဝတ်ကြ
မြင်သူတွေ ရိုင်းကြတဲ့
ဒီခေတ်ထဲ ဘယ်သူသိမှာလဲ...။

Sunday, December 11, 2011

လေလွင့်တဲ့ အရွယ် (၆၈)


မင်းပြောခဲ့တဲ့ ဆင်းရဲတွင်းနက်ထဲက ဒုက္ခကို
အရူးလွယ်အိတ်ပမာ မှောက်ချလိုက်တယ်
စွန်တကောင်လို ရစ်ဝဲနေတဲ့
တိုက်လေယာဉ်ကြီးလို သိန်းငှက်တကောင်လို

လောကဓံ စစ်မြေပြင်ပေါ် ဖြတ်သန်းသွားတာလည်းရှိမယ်
စိတ်ပျက်စရာ လမ်းပျက်ကြီးမှာ ပျက်ကျသွားတာလည်းရှိမယ်
မညီညာတဲ့ လေဟာနယ်ထဲ လမ်းကြောင်းမှားလို့
အမှောင်နယ်ထဲ ရောက်သွားတာလည်းရှိမယ်

ကိုယ်အထက် ကောင်းကင်ယံက
ဖြတ်သန်းတဲ့ အမှောင်လည်း ရှိမယ်

ဝေဒနာစွဲကပ်တဲ့ ကုတ်ဖဲ့အနာတွေလို ဖယ်ရှားလိုက်မယ်
ပါးရိုက်ရင် နားကိုက်သွားမယ်
တန်ပြန်စစ်တိုက်တတ်တဲ့ အရွယ်
တထစ်ချ ယုံကြည်လွန်းလို့
ရှင် ပြန်မလာတော့ဘူးလား
မုန်းကြိုးတွေ မွမ်းမံထားစိတ်က
၁၀၉ ..၁၁၀ လမ်းမကျယ်မှာ ...
ဘာဖြစ်လဲ ကွာ...ပြော......မြန်မြန်ပြော...

မနှစ်မြို့တဲ မကြိုက်ချင်းတွေက ခေါင်းခါပစ်လိုက်တယ်.....
ချင်းမိုင်မှာ မိုးခိုတဲ့ အခါလည်းရှိမယ်
ပြေးလမ်းပေါ်ပြေးနေတဲ့ လိုင်းကားပေါ် ပြေးတက်တာလည်းရှိမယ်
အာရုဏ်ဦး အလင်းတန်းအောက် မှေးစက်တာလည်းရှိမယ်
လောကဓံ ပလက်ဖောင်း ခေါင်းအုံးရတာလည်း ရှိမယ်
မနေ့ မနက်က ဘာတွေ မှာတမ်းချွေသွားသေးလဲ
မေးလိုက်ရင် တငိုင်ငိုင်နဲ့ နပန်းတီးလိုက်အုန်းမယ်
တောက်... အသုံးမကျ.. အချိုးမကျတဲ့ အရွယ်
ပြောရင်းနားမထောင်.. ဘာမှန်းညာမှန်း မသိ
သွား... နှစ်ချို့ ကော်ဖီတစ်ခွက်နဲ့ မော်ဒန် နှစ်ဇွန်းထည့်ခဲ့
အေး.. နာကြည်းလို့ နေရာဟောင်းလည်း မပြန်ဘူး
အနာဟောင်းလည်း အပြေဘူး
ကမ္ဘာမကျေ သီချင်းတွေ ဖြစ်လို့
ကမ္ဘာ့မော်ဒန် ကဗျာစစ်ပေါ် နှစ်သက်စွာ ခုန်ချလိုက်သလို
ခါချဉ်အုံပေါ် သကာရည်အရက်ခွက် မှောက်ကျသွားသလို
ထိန်းချုပ်မှုက လွတ်ထွက်သွားတဲ့ အရက်သမား စိတ်ဓာတ်နဲ့
ဟေ...... မင်းတို့ ရပ်ကွက်ထဲ ဘယ်ကောင်က ဆရာလဲ
လမ်းမပေါ် အမှိုက်တွေ ညော်နံ့တွေ ဖောင်ကားလာလို့
ရွေးချယ်ခဲ့တဲ့ စိမ်းလန်းသော ရှုခင်း ပန်းချီပြပွဲကို
ကမ္ဘာရွာကလေးများ... သဘောင်္ဆိပ်...ဘူတာ..
ဘက်စ်ကားဂိတ်များ... လေယောဉ်ကွင်းများမှာ
နှစ်ဆဲ့တစ်ရာစုနှစ်သစ် ခေတ်တစ်ခေတ်တည်း
မော်ဒန်စံချိန်တင်လို့ တစ်နေရာတည်း တစ်ချိန်တည်း
တစ်ပြိုင်နက် ဖော်ပြ ပြသသွားမယ့်အကြောင်း....
အသိဥာဏ် မဖွံ့ဖြိုးသေးတဲ့
တိုးတက်မှု မရသေးတဲ့
အောင်မြင်မှု မရသေးတဲ့ အရွယ်
ပန်းတိုင်ကို ရောက်ရှိဖို့
ဒီလို တွေးခေါ်လို့
အခုလို ဥာဏ်နယ်ချဲ့ရင်း
ပြင်ဆင်နေအုန်းမယ်..............။

Saturday, December 10, 2011

ချစ်တတ်ရင် သင်ပေးပါ (၆၇)


ပိုက်ဆံမရှိဘူး........
လယ်ထဲမှာ အချိန်ကုန်ခဲ့ပြီ....
လယ်ထွန် နွားကျောင်းနဲ့
မျိုးစပါးတွေလည်း အငှားကြဲခဲ့ပြီ....
အချိန်တန်တော့ ချေးငွေတွေလည်း
ပေးဆပ်လိုက် ပြန်ယူလိုက်နဲ့
ဆင်းရဲတွင်းထဲက ခေါင်းမထောင်နိုင်ခဲ့
ရလာတဲ့ ငွေကို နောက်တခေါက် ပဲစိုက်ရင်း
အသိဥာဏ်တုံးတဲ့ လုပ်ရပ်တွေနဲ့
ဆေးဝယ် ဆေးဖြန်း အကြွေးတွေလည်း
လည်ပင်းမြှုပ်လို့ အိမ်ခြံတွေ
ရံဖန် ပေါင်လိုက်တယ်...
ရံဖန် လယ်တွေ ပေါင်လိုက်ရတယ်...
မစာနာတဲ့ ဓနရှင်က ဈေးနှုန်းတက်ကျ
ဆော့ကစားကြလို့ စပါးတွေလည်း
ဈေးနဲနဲနဲ့ ရောင်းလိုက်ရတယ်...
ပဲတွေလည်း ရောင်းလိုက်ရတယ်...
ဓနရှင်ရဲ့ ဒီခေတ်ထဲ
တို့များ လယ်သမား ဆင်းရဲတွင်းနက်ဆဲ......။

နောက်ပိုင်းရောက်တော့ လော်စပီကာနဲ့
အော်ချက်ထုတ်ရင်း ဘဏ္ဍာငွေအတွက်
မျက်ရည်ထွက်လို့ ပေးဆပ်ရတဲ့
လယ်တောထဲက သမိုင်းတွေ
ဘယ်သူရေးနိုင်မှာလဲ
နေပါစေတော့ ဆင်းရဲတွင်းနက်လို့
အလုပ်ကိုယ်ပိုင် လုပ်ကိုင်ခဲ့တယ်
ကိုယ်လူလည် လူချမ်းသာရယ်
အမြတ်ကြီးထုတ်လို့ ပွဲစားလုပ်ခဲ့
ဖြစ်ရပ်က ရင်နစ်စရာ
တို့လယ်တောမှာ အကြွေးတွေနဲ့
မျက်ရည်ကျရင်း ဓနရှင်ခေတ်အောက်
တထစ်ခြင်း ရောက်ခဲ့ပြီလေ......။

ချမ်းသာတဲ့ လယ်သမား
ဒီခေတ်ထဲမှာ ရှာ မှ ရှားတယ်
သူတို့ သိစေချင်တယ်....
အလုပ် လက်ရှိတွေ အလုပ်လက်မဲ့ဖြစ်ခဲ့
နောက်ဆုံးတော့ လယ်သမား သားသမီးတွေက
မိဘနှစ်ပါးကို ချစ်လွန်းလို့
တစ်ပြည်တစ်ရွာ အလုပ်တွေ ရှာပုံတော် ဖွင့်ရင်း
အမိမြေက ထွက်ခဲ့ရတယ်...
အဲဒါတွေ သမိုင်းပညာရှင်တွေ မသိခဲ့ဘူး
သိပ္ပံ ပညာရှင်တွေ မသိခဲ့ဘူး
ပတ်ဝန်ကျင် ထိန်းသိမ်းသမားတွေ မသိခဲ့ဘူး
သူတို့ မသိခဲ့ဘူး...
နှစ်တွေကြာညောင်းလာတော့ လယ်ထဲကဘဝတွေကို
နာကြည်းလို့ တောင်သူလယ်သမား အရေးတော်ပုံ
စပါးနှံတွေကြားမှာ ပေါ်ထွက်လာမှာ စိုးကြောက်လို့
သူတို့ဘဝတွေကို နားလည်ပေးပါ
သတင်းစာဆိုတာ ဘာလဲ သတင်းစာမသိခဲ့ဘူး
စာပေဆိုတာဘာလဲ မသိခဲ့ဘူး
သမိုင်းဆိုတာဘာလဲ မသိခဲ့ဘူး
လွတ်လပ်မှုဆိုတာဘာလဲ မသိခဲ့ဘူး
လယ်ထဲမှာ အများအတွက် အသက်လဲပြီ
ထုတ်ကုန်တွေ စိုက်ပျိုးပေးခဲ့တယ် အခုထိပေါ့....။

လပြည့်ညရဲ့ လောကဓံ (၆၆)


လပြည့်ညလေး ရောက်ခဲ့ပေမဲ့
မပျော်နိုင် အဆွေးတွေနဲ့
တိမ်လွှာရိပ်မှာ ခစားရင်း
နတ္တော် လပြည့် ဆယ်ရက်နေ့က
မေတ္တာတွေလည်း ဝေးခဲ့
ချစ်သဒ္ဓါတွေလည်း ဆွေးခဲ့လို့
လမင်းကြီးလည်း လကြတ်သွားခဲ့တယ်လေ.....။

သိပ္ပံပညာရှင် အငိုက်မိခိုက်
လမင်းကြီးက ဟန်ရေးပြရင်း
မာယာပင်လယ်အော်မှာ
ဆော့ကစားလို့ အသိမကြွယ်တဲ့
ကမ္ဘာ့အလယ်မှာ မေတ္တာငတ်
သစ္စာငတ်နဲ့ နတ္တော်လကြတ်ခဲ့ပြီလေ...။

ခေတ်စနစ်တွေ ပြောင်းလွဲလာစ
ဥပဒေတွေနဲ့ ကမ္ဘာ့အလယ်တင့်စေဖို့
နည်းစနစ်သစ်တွေ တီထွင်ရင်း
အတွေ့ကြုံတွေ ရင့်ကျက်စေဖို့
သွားလမ်းလာလမ်းတွေ ဖွင့်လှစ်ခဲ့
မကြာသော နေ့ရက်တွေက
လမင်းကို အကြောင်းကြားရင်း
သက်သေတစ်ခု အသိမှတ်ပြုခဲ့
အဲဒီနေ့က တိုးတက်မှုကို
အားပေးထောက်ခံခဲ့ရင်း သက်မဲ့တွေတောင်
နှစ်သက်အားကျလို့ နတ္တော်လပြည့်
လကြတ်တဲ့နေ့ ဖြစ်ခဲ့တယ်လေ...။

အသိပေးချင်တယ် အသိမရှိတဲ့နေ့
မေတ္တာတွေလည်း ပျောက်
သစ္စာတွေလည်း ပျောက်
ကတိတွေလည်း ပျောက်
လျစ်လျူရှုသော ရင်ခွင်အောက်မှာ
အထီးကျန် လကွယ်ညရောက်ပြီတဲ့...။

Friday, December 9, 2011

Happy New Year 2012 (၆၅)


ခေါ်သံတွေနောက် တကောက်ကောက်လိုက်ရင်း
မသိစိတ်တွေ နိုးကြားခဲ့တဲ့
သက္ကရာဇ်တစ်ခုအောက်မှာ မွေးဖွားခဲ့ရင်း
အသိဥာဏ်တွေ ပွင့်လင်းလာခဲ့
ဗျောက်ဖောက်သံ ကြားလိုက်တဲ့
အနောက်ဘက်က အသံတွေက
ကောင်းကင်ကို တိုက်ခိုက်ကြရင်း
နှစ်သစ်ကူးတဲ့ New Year ကိုရောက်ခဲ့လို့
သူတို့အတွက် လွတ်လပ်ခြင်းတွေရရှိခဲ့ပြီလေ.....။

ဒါပေမဲ့.....
မလွတ်လပ်သေးတဲ့ ကာရံတွေကြားက
ငှက်ကလေးတွေကို ကြည့်နေရင်း
ဒဏ်ရာတွေ ကိုယ်စီကိုယ်စီနဲ့
ကုစားဖို့ ခက်ခဲလွန်းလို့
ဖိတ်စာတစ်ခုနဲ့ တောင်းဆိုမှုတွေ
အပြင်မှာ ရိုက်ခတ်နေဆဲ
အတွင်းက ကတိစကားတွေ
မှိတ်တုတ်မှိတ်တုတ် ထွက်လာတဲ့
ပိုးစုန်းကြူးပမာ အလင်းရောင်တစ်ခု
အနံ့ခံ ရလိုက်လို့ ဝမ်းမြောက်နေတုန်း
နှစ်သစ်ကူး New Year ဗျောက်သံက
ကောင်းကင်မှာ အချက်ပေး
ဥပဒေတစ်ခု ဖြစ်ခဲပြီးလေ...။

ဓလေ့တစ်ခုက ဥပဒေတွေရဲ့
လက်အောက်မှာ အသုံးတော်ခံရင်း
လွတ်လပ်မှုတွေ ပျောက်ဆုံးသွားမှာ
သူတို့တွေးကြောက်လျက် တောင်းဆိုမှုတွေ
နဘေကာရံတပ် စစ်မက်ခြင်းတွေဖယ်ရှားလို့
ငြိမ်းချမ်းရေးကျောက်တိုင်ထိပ်မှာ ကဗျည်းတင်ရင်း
New Year ညအလှကို တူညီစွာခံစား
မညီမျှတဲ့ လက်အစုံကို
ညင်သာစွာ ကိုင်တွဲနှုတ်ဆက်ပြီး
လာလမ်းအတိုင်း လွတ်လပ်မှုပေးလို့
ပျော်ရွှင်မှုနဲ့ လက်တွဲ နှစ်သက်ကူးကြစို့...။

Happy New Year's 2012 ကို
ကြိုဆိုနှုတ်ဖွဲ့ စကားစပ်လို့
သွေးချင်းညီနောင်များ တူညီစွာ
လွတ်လပ်ရေး ညီညွတ်ရေး
ငြိမ်းချမ်းရေး ဆုတောင်းကြစို့လား....။

ရင်ဖွင့်စကား (၂)


အမှတ်တမဲ့
အလွမ်းတွေနဲ့
တမ်းတနေလျက်
ဆွေးမြေးခြင်းက
လောင်ကျွမ်းလွန်းလို့
ခံစာချက်တွေ
ပေါက်ကွဲခဲ့ပြီ
နွေကမ္ဘာထဲ.....။

ရင်ဖွင့်စကား (၆၄)


လွမ်း........
                      ဆွေး.........
            ကျွမ်း...........
လောင်..........
                                          ချစ်ရတဲ့..........
                                                   မောင့်မှာ........
                        ဝေဒနာ........
နွေကမ္ဘာပါ......။

Thursday, December 8, 2011

ကျောင်းတော်က အကြွေး (၆၃)


နှစ်တွေကုန်ဆုံးလို့ တက္ကသိုလ်
စာမေးပွဲတွေလည်း ဖြေဆိုလိုက်တဲ့
နောက်ဆုံးနေ့ရက်တွေမှာ အပျော်ဆုံးလို့
ထင်ထားခဲ့တဲ့ အရာတွေက
ရင်ခွင်မှာ သောင်းပြောင်းတိုက်ခိုက်
နှလုံးသားရဲ့ ပူလောင်ခြင်းတွေဖြစ်ခဲ့လို့
အခုတော့ လွမ်းရိပ်တငွေ့ငွေ့နဲ့
မျက်ဝန်းအိမ်က မျက်ရည်မိုးတွေ
ရွာသွန်းဖြိုးတဲ့ နေ့ရက်တွေလား......။

ဟိုတုန်းက မသိခဲ့တဲ့
အရာတွေက အခုတော့
ပုံရိပ်လို တရိပ်ရိပ်လိုက်ရင်း
ကိုယ့်အရိပ်တွေတောင် ကိုယ်ကြောက်မိ
မထင်မှတ်တဲ့ အမှတ်တရက
တက္ကသိုလ်မှာ အထင်ကရဖြစ်ခဲ့
အဲဒီနေ့ရက်တွေက တက္ကသိုလ်သမိုင်းထဲမှာ
အရည်ပျော်ရင်း ဇာတ်ကောင် 
သရုပ်ဆောင်ဖြစ်လို့ ထင်ကျန်ခဲ့တဲ့ 
နေ့ရက်တွေက လွမ်းဆွတ်ခြင်း
လမ်းခွဲခြင်း အဓိပ္ပာယ်တွေနဲ့
စင်တင် ဇာတ်ဝင်ခန်းဖြစ်ခဲ့ပြီလေ.....။

အတိက်ကျောင်းတော်ကြီးရဲ့ အရိပ်တွေက
အိုဟောင်းမသွားသေးတဲ့ နေ့ရက်တွေနဲ့
စောင့်မျှော်နေရင်း အမှတ်တမဲ့
အလည်တခေါက် ရောက်ပြန်ခဲ့
နှစ်မဆွေးသေးတဲ့ ပျော်ရွှင်မှုတွေက
ဒီရင်ခွင်ကို လာရိုက်ခတ်ရင်း
ထိတွေ့ခဲ့တဲ့ အချစ်အသစ်တခုက
မျှော်လင့်ခြင်း ကမ်းခြေမှာ
ဗေဒါပင်လို စီးမျောသွားခဲ့
ပြန်ရလိုက်တဲ့ အရိပ်တစ်ခုက
လွမ်းဆွတ်ခြင်း အထီးကျန်ခြင်းတဲ့လား...။

အချိန်ကာလတွေ ကုန်ဆုံးသွားတဲ့
ဒီလိုနေ့ရက်တွေထဲ အတိက်မြေ
တက္ကသိုလ်လေးကို တမ်းတ...
ဆွေးရ  လွမ်းနေရဆဲမို့
သတိရတိုင်း ရင်လှိုင်းခတ်ဝေ
မကြင်ရက်သူ သူ့စကားတွေက
ရင်နာလျက်နဲ့ အချစ်ဆူးတွေဖြစ်
နှလုံးသားမှာ အကြွေးတင်ခဲ့ပြီလေ....။

နွေမိုးစက် (၆၂)


ကာလကုန် အကာလမိုး
အခါမကုန်တဲ့ နွေတံခူးမှာ
လေရူးသုန်သုန် ရစ်ဝဲလို့
ရွှင်ပျော်ပျော် သင်္ကြန်နှစ်ဦး
တူစုံမြူး အချစ်ကျူးကြရင်း
မိုးခါးရေအောက် နွေမိုးစက်တစ်ပေါက်က
ဆေးကြောလို့ အတာတံခူးရောက်ခဲ့ပြီလေ..။

နှင်းတွေလည်းကွယ်ပျောက် နွေတံခူးရောက်တော့
ပူလောင်မှုတွေ ရင်မှာ ခံစားကြရင်း
ဝေဒနာ ပင်လယ်အောက်မှာ
စေတနာ အရောင်ဟတ်လို့
ခြေရာတွေလည်း ပျောက်ခဲ့ပြီ
မကြာခင် ဟန်ချက်မှားတဲ့
အကာလ မျက်ရည်စက်တွေက
နှလုံးသား မြစ်ပင်လယ်ထဲ
နွေမိုးစက်တွေလို စီးဝင် ခစားကြရင်း
အတာသင်္ကြန်လည်း လွှမ်းခဲ့ပြီလေ...။

ရှောင်တခင် အခါကာလပေမို့
ကိုယ်စီကိုယ်စီ လွတ်လပ်လွန်းလို့
ဖိတ်စာမပါ လိပ်စာမပါနဲ့
သူ့မဏ္ဍပ် ကိုယ့်မဏ္ဍပ်ကို
လည်ပတ်ကြရင်း မထင်မှတ်ခဲ့တဲ့
တွေ့ဆုံခြင်းတွေက ထင်ကျန်ရစ်လို့
အတာတံခူး သင်္ကြန်မိုးတွေက
နွေမိုးစက်တွေ ဖြစ်ခဲ့တယ်လေ...။

အမှတ်တမဲ့မှ အမှတ်တရတွေမို့
သတိရခြင်း အနာဂါတ်အတွက်
ထာဝရအထိမ်းမှတ် သတ်မှတ်မှုက
ရင်ထဲမှာတော့ ထင်ကျန်ရစ်လို့
နှစ်သစ်ချစ်ဦးကို ရှာပုံတော်ဖွင့်ရင်း
အိမ်ပြန်လမ်းမှာ မျက်ရည်စက်နဲ့
နွေမိုးစက်တို့ အပ်နှင်းခဲ့ပြီလေ...။ 

Wednesday, December 7, 2011

သမိုင်းဝင် ညီညွတ်ရေး ခရီး (၆၁)


ရာစုနှစ် နှစ်ဆဲ့တစ် ခြေလှမ်းတွေကို
လေ့ကျင့်ခန်းတွင်း ပြင်ဆင်ရင်း
တက်ကြွတဲ့ စိတ်ဓာတ်တွေနဲ့
စည်းကျက်ဒိုင်ရဲ့ ခရာပေးသံကို
နားစဉ်ပြီး ပြေးလမ်းပေါ်မှာ
အဆင်သင့် ဟန်ပြင်နေခိုက်
ခရာသံက နားအုံကိုတိုးဝင်လို့
တာထွက်ခဲ့တာ အခုမှ ခြေလှမ်းအစတဲ့...။

ခြေလှမ်းတူနေတဲ့ ပုံရိပ်တွေက
အရိပ်လိုလိုက်ရင်း ပြေးလွှားနေတဲ့
ဘဝတစိတ်ကို ရိုက်ချိုးမိ
မထင်မှတ်ခဲ့တဲ့ အတိက်ဆိုးတွေက
အရိပ်ထိုးခဲ့တာ အိမ်မက်ဆိုးဖြစ်ခဲ့တယ်လေ....။

ခြေရာမတူတဲ့ အရိပ်တစ်ခုက
ထက်ချပ်မကွာ လိုက်လာရင်း
ပြေးလမ်းပေါ်မှာ ဇောချွေးတွေလူးလိမ့်
မတိတ်သေးတဲ့ အတိက်တစ္ဆေတွေက
ငိုးညည်းကြရင်း လာလမ်းကိုပြန်ငေးကြည့်မိတာ
အခုတော့ အောင်ပန်းနဲ့ ဝေးတော့မလိုဖြစ်ခဲ့ပြီလေ...။

မျဉ်းပြိုင်နှစ်ခုကြား ယှဉ်ပြိုင်မှုကများ
သေခြာနေတာ တစ်ခုတော့ရှိတယ်
အထိနာများနဲ့ ခံစားချက်တွေ
ပေါက်ကွဲကြရင်း ဒေါသအက်ကြောင်းပေါ်မှာ
စစ်မက်စိန်ခေါ်ခဲ့ အပြစ်မဲ့တဲ့
အောက်ခြေအတန်းက ကိန်းဂဏာန်းတွေအောက်
သေပျောက်ကြလို့ ပန်းအဝင် နောက်ကျခဲ့တယ်လေ..။

လွတ်လပ်တဲ့ စိတ်ဓာတ်တွေနဲ့
တူညီစွာလက်တွဲ အကျိုးပြုရင်း
ခုံမင်ခဲ့တဲ့ ရွှေတစိတ်ကို
ဘေးဖယ်လို့ အညီအမျှစိတ်နဲ့
ဥပဒေပြုကြရင်း ခေတ်သစ်နှစ်ဆဲ့တစ်ကို
ကြိုဆိုမိတာ အခုထိပဲလေ.....။

အကယ်၍သာ (၆၀)


ကဗျာတစ်ပုဒ်ရဲ့ ခြေရာတွေဟာ
ထင်ဟက်မှုအတွက် ခံစားချက်လား..
ဖွင့်ဟချက်လား မသိနိုင်ခဲ့
အကယ်၍သာ ဖြစ်နိုင်မယ်ဆိုရင်
အဓိပ္ပာယ် ဖော်လိုက်ချင်ရဲ့...။

ပေါက်ကွဲမှုတိုင်း ခံစားချက်ဖြစ်
လွဲချော်မှုတွေလည်း များလွန်းလို့
အတိက်တွေလည်း မေ့မျောရင်း
အခြေခံ ကဗျာတစ်ပုဒ်ပေါ်မှာ
ရင်တွင်းဖြစ်တွေ ရေးထုတ်ချင်တယ်..
အကယ်၍သာ လမ်းဖွင့်ပေးခဲ့ရင်ပေါ့...။

စိတ်ဓာတ်တွေ မြင့်တင်ဖို့
ဘဝခြေလှမ်းစ နယ်ပယ်မှာ
အတွေးအခေါ်တွေ နုနယ်လွန်းလို့
တွဲခေါ်မည့် လူငယ်တွေကို
ခြေလွန်မမိခင် ထိန်းသိမ်းရင်း
လွတ်လပ်ခြင်းရဲ့ တိုးတက်ခြင်း
တူညီအောင်ဖန်တီးလို့ ညွန့်မောင်းဖွဲ့စည်း
အကယ်၍သာ လာလမ်းဖြောင့်ခဲ့ရင်ပေါ့...။

ပွင့်လင်းရာသီ ရောက်ရှိတဲ့
ဒီကာလတွင်းမှာ လုပ်သင့်တာကို
ကိုယ်ဆီကိုယ်ဆီ လုပ်ကိုင်ရှာဖွေရင်း
မနက်ဖြန် တိုးတက်လာမည့်
အာရုဏ်ဦးမှာ အပြုံးပန်းတွေနဲ့
ကြိုဆို ဂုဏ်ပြုရင်း
သမိုင်းတွင်မဲ့ အပြုံးတွေကို
နှစ်ဆဲ့တစ် ကဗျာထဲမှာ
မော်ကွန်းတင် ဆိုင်းထိုးလိုက်ချင်တယ်
အကယ်၍သာ ရရှိလာရင်ပေါ့..။

အတိက်သမိုင်းတွေ ရပိုင်ခွင့်တွေ
ရေးပိုင်ခွင့်တွေ သမိုင်းဆရာတွေ
အခွင့်ရေးတစ်ခု ရရှိဖူးခဲ့
နောက်ဆုံးတော့ စာ ခြောက်ရုပ်က
သမိုင်းဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ
ပေးဆပ်လိုက်ရလို့ သူ့ရဲ့အောက်မှာ
ဒဏ်ရာတွေ ရရှိဖူးတယ်
အကယ်၍သာ နှစ်ဆဲ့တစ် ရာစု
ခရီးအစမှာ သမိုင်းတစ်ပုဒ်က
အရေးအသား မမှားခဲ့ရင်ပေါ့..။

Tuesday, December 6, 2011

အလွမ်း သံယောဇဉ် (၅၉)


ခြေစုံပစ်ဝင်ခဲ့တဲ့ ဒီလောကထဲ
မျက်ကန်းတယောက်လို လေလွင့်ရင်း
တေလေတွေရဲ့ လေပွေဖြစ်ခဲ့
မမျှော်လင့်တဲ့ စက္ကန့်တွေကြား
ခလုတ်တစ်ခုကို တိုက်ခဲ့မိတာ
လွမ်းဆွတ်ခြင်း ခရီးစတဲ့
မမြင်ရသော သံယောဇဉ်ကြောင့်ပေါ့...။

မထင်မှတ်မိတဲ့ ဘဝတဆစ်ချိုးက
လူတွေကို ဒုက္ခပေးလို့
ချည်တိုင်ကြိုးကို ရှာဖွေခဲ့
မမြင်တွေ့ရတဲ့ ဒီကြိုးတစ်ချောင်းက
နှလုံးသားရဲ့ ရေသောက်မြစ်ကို
ရစ်ပတ် ချည်နှောင်လို့
သမိုင်းမစခင်
အလွမ်းသံယောဇဉ်ဖြစ်ခဲ့ပြီလေ..။

ပါးမြင့်ထက်က သနပ်ခါး (၅၈)


ဒီဇင်ဘာလ ဆောင်းတနေ့တွေမှာ
ဆောင်းနှင်းပွင့်တွေ ဝေဝေဆာနဲ့
ရာသီအလိုက် ပန်းကလေးများ
ဖူးငုံပုရစ် ညှာရွှေသစ်လို့
ပါးထက်က သနပ်ခါးဖြစ်ကြောင်း
ရနံ့တွေက တီးတိုးဆိုခဲ့ပြီလေ...။

ဆဲ့နှစ်ရာသီ ပန်းကလေးတွေ
လှချင်တိုင်း လှပါစေအုန်းတော့
ရနံ့ထုံးသင်းတဲ့ ပန်းမြိုင်တောမှာ
ပန်းပန်သူ မရွှေချောရယ်
သနပ်ခါး ပန်းကလေး
ရနံ့ပေးလို့ ပန်းပန်ခဲ့ပေါ့လေ...။


ကဗျာဆန်ဆန် ဆိုလေဟန်နဲ့
မဟာဆန်သူ သူအသွင်က
တောင်လှေခါးနဲ့ တောင်သမန်
အင်းတော်ထက်မှာ စံတင်ထားလို့
ရွှေအညာဟန် မပျောက်တဲ့
သနပ်ခါးတွေ ပါးထက်မှာ
လိမ်းကျံခဲ့ပေါ့ ခင်ပျိုမေ...။

ရနံ့ထုံးသင်းတဲ့ သနပ်ခါးပင်တောမှာ
မဟာဆန်သူ မွေးလေသလား
မေးစရာစကား ဒီရင်မှာ
သိုဝှက်ထားလို့ ပါးမြင့်ထက်က
သနပ်ခါး ပန်းတစ်ပွင့်ကို
ရနံ့သင်းသင်း မွှေးချင်လှသလေ..။

Sunday, December 4, 2011

လမ်းခွဲခြင်း ဝမ်းနည်းခြင်း (၅၇)

တွေးလေတိုင်း မျက်ရည်ဝိုင်း
ရင်လှိုင်းထက်က ကြင်သူရေ
သူမကြင်နာ ချန်ထားရက်လို့
ရင်မှာလေ ခံစား..ပေါက်ကွဲရင်း
ဗလောင်ဆူတဲ့ နှလုံးသားတခွင်မှာ
အလွမ်းမိုးတွေ စွေခဲ့ပြီလေ...။

တသက်တာ မထိခိုက်ဖူးတဲ့
ဖြူစင်သော မေတ္တာတွေနဲ့
လွတ်လပ်စွာ နေထိုင်ရင်း
ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိခဲ့တယ်..
အခုတော့....
မျှော်လေတိုင်း ဝေး...
တွေးလေတိုင်း ဆွေး...
ဒဏ်ရာတွေ ရင်မှာ ခစားရင်း
ရင်လှိုင်းခတ်သံတွေ
ဒီဇင်ဘာည
ဆောင်းတစ်ညမှာ
ရာသီမဟုတ်တဲ့
မျက်ရည်မိုးစက်တွေ
ငိုချခဲ့ပြီလေ....။

ဆေးဆိုးထားတဲ့ ပန်းတစ်ပွင့်ကို
နမ်းရှိုက်မိတဲ့ အမှားတစ်ခုက
ကုစားမရတဲ့ ရောဂါတစ်ခုဖြစ်ခဲ့
အဆိပ်ရှိပါလျက် သိသိရက်နဲ့
ပြင်မရတဲ့ အနမ်းတစ်ပွင့်က
ခုံမင်တက်မက်ရင်း ခရီးဆက်
မျက်ရည်စက်နဲ့ ပူလောင်ရင်း
နှင်းစက်တွေလည်း ပျောက်ကွယ်ခဲ့ပြီလေ..။

Saturday, December 3, 2011

အနှိုင်းမဲ့ ပုခတ်လွှဲသော လက် (၅၆)


အဝေးဆုံး တနေရာကို
ကျွန်တော်... ခရီးဆက်နေခိုက်
အတွေးတွေနဲ့ ကောင်းကင်မော့ကြည့်
မျှော်လင်ခြင်း နောက်..ခရီးတစ်ခုကို
ပျံသန်းရင်း စိတ်ကူးမိတယ်...

စိတ်ကူးယဉ်တိုင်း မျက်ရည်တွေနဲ့
လွင့်မျောရင်း တမ်းတမိတဲ့
ပုခတ်လွှဲသော လက်ကို
ပူဇော်ခြင်း ဂါရဝတွေ
ရင်မှာပိုက်လို့  သတိရမိတယ်...။

ပုခတ်ထဲမှာ အိပ်ပျော်ခဲ့တဲ့
မသိစိတ်တွေက ပုခတ်လွတ်မှ
အနည်းငယ် စကားသင်ခဲ့..
ထမင်းကို မန်မန်တဲ့.........

ခြေလှမ်းစ ဘဝလောကဓံမှာ
ကစားစရာ အရုပ်တွေနဲ့
အားကစားတွေ ခုံမင်တပ်မက်လို့
အမေဟာ ဟန်ပါပါ
ဒုတ်တစ်ချောင်းကို ကိုင်ဆောင်ပြီ
လက်ဦးဆရာအဖြစ်နဲ့ သင်အပ်တာတွေ
သင်ကြားပေး လမ်းညွန်ပေးခဲ့တယ်..

ကျွန်တော်တို့ ငါးနှစ်အရွယ်မှာ
အိုးပုတ် ဂျိုးရုပ်တွေနဲ့
ကုမ္မဏီအလုပ်တွေလို
အစားမက်နဲ့ အားကစားမှာ
အလုပ်ရှုပ်နေခိုက် ကျွန်တော်တို့ နောင်ရေး
အနာဂါတ်တွေကို မျှော်တွေးရင်း
အမေဟာ ချော့မော့ ခါးပိုက်
ရိုက်နက်ကာ ဆုံးမ
အထိုက်အလျှောက် မျက်နှာမငြိုးသောမုန့်ဖိုးနဲ့
သမီး သားတွေကို ပညာတက်ကြီးဖြစ်စေဖို့
ကျောင်းသို့ပို့ဆောင်ကာ ပညာတွေသင်စေခဲ့တယ်လေ..။

နေ့စဉ် အလုပ်တွေမှာ
ဆန်ရွေး ဆန်ပြာ
ထမင်းချက် အင်္ကျီလျှော်
ကြမ်းတိုက် အလုပ်လုပ်
အိမ်မှုကိစ္စတွေနဲ့ ပတ်ခြာရိုက်ရင်း
ကျောင်းတက်နေတဲ့ ကျွန်တော်တို့ကို
ပြုစုပျိုးထောင်ပေးသလို
ပေါက်ပြဲနေတဲ့ ကျွန်တော်တို့အင်္ကျီတွေကို
အပ်နဲ့ချည်တွဲကာ သေခြာချုပ်ပေးခဲ့..
နေထိုင်စားသောက်ရေး
ကိုယ်လက်သန့်ရှင်းရေး
အာဂန္တု အဖျားအနာတွေ
ကျန်းမာရေးတွေ ကုသပေးတဲ့
အမေဟာ ဆရာဝန်မကြီးလည်း လုပ်ခဲ့တယ်...။

ဘွဲ့ရလာတဲ့ အနာဂါတ်တနေ့မှာ
အမေကိုယ်တိုင် ဂုဏ်ပြုလို့
ဆုတွေအထွေထွေ ဆုတောင်းပေးခဲ့
တက်နိုင်သမျှကိုလည်း အလုပ်ခွင်မှာ
လုပ်ငန်းတွေကို ထောက်ပံ့ပေးရင်း
အောင်မြင်မှု လမ်းကြောင်းပေါ်ကို
အမေ့မေတ္တာလက်နဲ့ တင်ထားပေးခဲ့တယ်...။

စီးပွားရေး အဆင်ပြေလာတဲ့
သားသမီးတွေက အမေ့လက်အစုံမှ
လွတ်ထွက်လို့ သဘာဝနိယာမရဲ့
လက်ကွက်ပေါ်မှာ အိမ်ထောင်တွေကျ
ဇနီး.. ယောင်္ကျားတွေ ရရှိလို့လည်း
အမေဟာ..
တသက်တာ ခွဲထွက် ကွဲကွာပြီး
တစ် ပါတီ ထောင်စေချင်တဲ့
စနစ်မျိုးဆိုတာ အမေ့ ဥပဒေမှာ မရှိခဲ့ဘူးလေ...။

လုပ်ငန်းခွင် စီးပွားရေး
စနစ်တွေအောက်မှာ ဖိအားတွေများလို့
စိတ်ဓာတ်ကျနေတဲ့
သား သမီးတွေရဲ့ အိမ်ထောင်ရေး
ကိန်းဂဏာန်းများလာတဲ့ မိသားစုအရေးတွေမှာ
ငြိမ်သက်အောင် ဆက်လက်ပြုစုရင်း
အမှုကိစ္စ မှန်သမျှကို
အသက်ရှုမှန်မှန် တစ်ချက်ခြင်း လှုပ်ရှား
သား သမီးတွေကို ဖြည့်ဆည်းပေးခဲ့တဲ့
အမေ့လက်တွေက ကမ္ဘာကို မလှုပ်ကိုင်နိုင်သော်လည်း
သံမဏိလို သန်မာထက်မြတ်လှတယ်လေ..။

ရင်ခတ် ပန်း (၅၅)

ချည်နှောင်တဲ့ ကြိုးက
ရင်မှာလေ တိုးဝှေ့လို့
မကြေငြာတဲ့ အရိပ်တွေ
ခံစားချက်နဲ့ ချိတ်ဆက်ရင်း
လေလှိုင်းက သတိပေးလို့
မြတ်နိုးမှုတွေ ရင်လှိုင်းခတ်ခဲ့
မတည်ငြိမ်တဲ့ စိတ်တွေကို
ရင်ခတ်ပန်းက ငြိမ်းစေခဲ့တယ်လေ...။

မမြင်ရတဲ့ ကြိုးက
နှောင်ဖွဲ့တဲ့ သံယောဇဉ်ဖြစ်
ရုတ်တရက် ညည်းတွားရင်း
ခံစားမှုတွေ ရင်လှိုင်းခတ်ခဲ့
သေခြာနေပြီ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ဆွဲဆောင်ခဲ့ပြီလေ...။

စွဲငင်အားကောင်းတဲ့ ကြိုးက
သံမဏိကို ဖြတ်တောက်ပြီး
နှလုံးသားမှာ နေရာယူခဲ့
လိုအပ်ချက်ကိုသိတဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ရနံ့ပေးခဲ့ပြီလေ.....။

လိုင်းမရှိတဲ့ ကြိုးက
အိပ်ယာပြင်ထက်မှာ ချည်နှောင်ရင်း
အိပ်ပျက်မှုတွေ ခံစားခဲ့
အသုံးမကျတဲ့ လိုအပ်ချက်က
နှလုံးသားကို ရိုက်ခတ်ရင်း
ဖိစီးမှုများတဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက အိပ်ငွေ့ချခဲ့ပြီလေ....။

ဒဏ္ဍာရီဆန်တဲ့ ကြိုးက
ခေတ်အဆက်ဆက်ကို ထိန်းသိမ်း
အမည်မသိတဲ့ နှောင်ကြိုးတွေနဲ့
မော်ဒန်ခေတ်မှာ စီးဝင်ရင်း
ခရီးကျွန်ခဲ့တဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ခရီးဆက်ခဲ့ပြီလေ....။

Friday, December 2, 2011

သမိုင်းတွင်မဲ့ အပြုံးများ (၅၄)


အပြုံးတိုင်းမှာ အဓိပ္ပယ်တွေနဲ့
သမိုင်းမှာ အထင်ကရဖြစ်ခဲ့
လောင် ရယ်သံတွေ မဟုတ်ခဲ့ရင်
ခလုတ်တိုက်ဖို့ မဖြစ်နိုင်
သေခြာတာက တိုးတက်ခြင်းပဲ...။

အနောက်အလှပိုင်ရှင်နဲ့ အရှေ့တိုင်းအလှပိုင်ရှင်
လျှောက်လှမ်းတာ ခြေလှမ်းခြင်း တူပေမဲ့
ကွာခြားချက် နှစ်ဖဝါးတွင်းမှာ
အရှေ့တိုင်းက အလှပိုင်ရှင်ကို
မီဒီယာကွန်ရက်က အလှဘုရင်တင်ရင်း
အရှေ့တိုင်းကို အလှပြင်ဖို့
တောင်းဆိုလာတာ ဒီဇင်ဘာဆောင်းညပေါ့...။

အနောက်တိုင်းအပြုံး အရှေ့တိုင်းအပြုံးတွေက
သမိုင်းပေါ်မှာ မှတ်တိုင်တစ်ခုဖြစ်ခဲ့ရင်
ကမ္ဘာ့ မယ်စကြာတွေတောင်
အတုယူလောက်တဲ့ ဖြစ်ရပ်မှန်ပေါ့...။

ယုံကြည်မှု အလင်းတန်း (၅၃)


အမေရေ...
သူ... ကျွန်တော်ကို ကတိတွေပေးတာ များနေပြီ
သူ.. အခုထိလည်း ကတိတွေ ပေးပြန်ပြီ...
နောက်လည်း ကတိတွေ ပေးအုန်းမှာလား..
အနာဂါတ်တွေကို မယုံရဲဘူး...
သူ့ လက်အောက်မှာ အငယ်တယောက်လို
အနိုင်ကျင့်ခံနေရတာ နှစ်ပေါင်းများလွန်းလို့
နှစ်တွေလည်း ဆွေး..
အသစ်တွေလည်း ဝေး..
မရောက်သေးတဲ့ အာရုဏ်ဦးလေးဆီ
တမ်းတရင်း ယုံကြည်မှု အလင်းတန်းလေး
ကျွန်တော်တို့ ရရှိခဲ့ပြီ... 
ဒါပေမဲ့...  အခုတော့
ကျွန်တော် သူ့ကို.. အသက်နဲ့ ရင်းနှီးပြီး 
ယုံပေးလိုက်မယ်...
သူ့.. အမှန်တရားက ကျွန်တော်တို့
အနာဂါတ်အတွက် ချစ်သဒ္ဓါတွေအပြည့်နဲ့
မေတ္တာထားတက်ရင်ပေါ့ အမေ.....။

Thursday, December 1, 2011

ရွှေရတုနှစ်သစ် (၅၂)


သူ့....အသက် လေးဆဲ့ရှစ် ရောက် နေရာမှာ
ကိုယ်ပိုင်လို့ မသတ်မှတ်ခဲ့
စနစ်ကျတဲ့ နည်းနာတွေ
နူးညံ့စွာ သက်သေထူလို့
စွမ်းအင်ပကားတွေက
ရွှေရတုနှစ်သစ် သက္ကရာဇ်သစ်နဲ့
မိတ်ဆွေကောင်းလည်း ရောက်ခဲ့ပြီ...။

သူ့....အသက် လေးဆဲ့ရှစ်နှစ်မှာ နေရာ ရရှိခဲ့
ငါးဆယ်ရောက်တော့ ဧည့်သည်တော်ရောက်
ရွှေရတုနှစ်သစ် သက္ကရာဇ်တွေမွေးဖွား
လသားအရွယ် နုနယ်တဲ့
ပလ္လင်ကြားမှာ ကတိစကားများ ခန့်ညား
မြောက်ပိုင်းအလုပ် ရပ်ဆိုင်းဖို့ အသိတရား
အတိက်က ခြေရာများ ခေါင်းပေါ်ရောက်လာတဲ့
တာဝန်များက ဒီဇင်ဘာ ဆောင်းညမှာ
ချမ်းခိုက်တုန်းလို့ မဝံ့မရဲ ခွန်းတုန့်ပြန်ရင်း
ဝမ်းသာခြင်း တံခါးများပွင့်ခဲ့
ကမ္ဘာကြီးထဲ ဝင်ရောက်ခဲ့ပြီ....။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...