Tuesday, January 29, 2013

နှင်းကြွေတဲ့ ဆောင်း


နှင်းကြွေတဲ့ ဆောင်း


အာမေဋိတ် အသံတွေသာ ထင်ကျန်နေပါရဲ့...

အတိုင်းအတာ အကာအဆီးမရှိတဲ့

သဘာဝ ကမ္ဘာမြေကြီးရဲ့ ကိုယ်ငွေ့များက

မီးခိုငွေ့တွေလို ထကြွ

နေမကောင်းတဲ့ ရာသီဥတုထဲ

ဆောင်းနှင်းတွေလည်း ခဲနေပြီလေ...။



နေ့နေ့ ညည ပြောင်းလွဲခြင်းများက

အတွေးရဲ့ ချို့တဲ့ ရသတွေကို မွေးဖွား

တစ်ခါတရံ ခေါက်ရိုးကျိုးနေတဲ့

ဘဝရဲ့ ကာရံမဲ့ ကဗျာတွေ ညှပ်သုံးရင်း

တကယ့် ကာရံတွေ ပျောက်တော့မှ

ရှေးဟောင်း ပြတိုက်ထဲ ထည့်လိုက်မိတဲ့

သမိုင်းတစ်ခုက သုတေသနတွေဖြစ်

ဘယ်သူမှ မသိလိုက်တဲ့

လမိုက်ညထဲ မှေးစက် အိပ်နေရင်း

အချိုး ကျကျ အနုပညာတွေ ခံစားမိပါရဲ့...။



ဒါပေမဲ့....

တိုင်းတာမှု ပေတံ ရှိပါလျက်

ဘောင်မရှိတဲ့ အမှောင်ညတွေမှာ

အလင်းရောင်က ပျောက်

အတွေးအိမ်က ခပ်ချောက်ချောက်နဲ့

အရသာ မရှိတဲ့ ဆောင်းကိုမှ

အရိုးခိုက်အောင် နာကျင်မိတယ်...။



တဖက်က တုန်ရီမောဟိုက်

တဖက်က မူမမှန် သံစဉ်တွေက

ဘဝထဲမှာ ကုထုံး မရှိပေမဲ့

ဗိန္ဓောဆရာနဲ့ အသက်သွင်းဖို့

မှတ်တိုင်တစ်ခု တည်လိုက်တော့

ဂြိုဟ်ခွင်တစ်ခု လစ်ဟာသွားသလားဆိုတာ

တွေးနေသူလောက်တော့...

ဘယ်လိုလုပ် တွတ်ချေ ကိုက်မလဲလေ...။



အပေါ်ယံ ခပ်ပါးပါး လေသံ ခပ်ထွားထွားနဲ့

လေးနက်မှုမရှိတဲ့ ခံယူချက်

သကြားနဲ့ ပတ်လို့တော့ အဆင်ပြေပေမဲ့

ဆားနဲ့ ပတ်လို့တော့ ဘာမှ ထူးမှာ မဟုတ်ပါဘူး..

အဲဒီတော့... ကိုယ်ပိုင် အတွေး

ကိုယ်ပိုင် အသိဥာဏ်ကို ဦးစားပေးလို့

အဝေးကို ထွက်ခွာခဲ့တာ

အခုတော့လည်း မောရ ကောင်းမှန်းလည်း မသိခဲ့ဘူးလေ...။

Sunday, January 27, 2013

လိုအပ်နေသော ဘဝ သော့ချက်

လိုအပ်နေသော ဘဝ သော့ချက်


ပျော့ပြောင်းသော လေပြေလေးများ တိုက်ခိုက်လာတဲ့
ဘဝလွင်ပြင်ထဲမှာ ရုပ်ဝတ္ထုတွေ ခဏထားလိုက်ပါ...
နံရံနှစ်ဖက်မှာ မှန်နှစ်ခု ချိတ်ထားတာတော့
ကိုယ်ရော သူပါ အားလုံးက ရိပ်မိနေပါလိမ့်မယ်...။

ဒါပေမဲ့...
ကိုယ် မှားနေရင် ကိုယ့် အသွင် ကိုယ် အမူအရာ ပြင်လိုက်ပါ..
သူ မှားနေရင် သူ့ အသွင် သူ့ အမူအရာ ပြင်လိုက်ပါ...
နှစ်ဖက်ကြည့် မှန်မျက်နှာမှာ သဘောထား တူညီသွားပါလိမ့်မယ်...။

တစ်ခုတော့ ရှိတယ်....
ဆင်းရဲဒုက္ခ ကြုံဆုံလာလို့ စက္ခူနှစ်ကွင်းက
မျက်ရည်တွေ စီးဆင်းဖို့တော့ မလောပါနဲ့...။

ကိုယ် မှန်တယ်ထင်တဲ့ အမြင်နဲ့လည်း
တဖက်သူကို ခွန်းတုန့်ပြန်ဖို့ မရည်စူးထားပါနဲ့...။

တကယ် ကိုယ်ပိုင် လိုချင်တဲ့ လောကဥသျှောင်
အရှိတရား အသိတရား အမှန်တရားဆိုတာ
တဖက်သူကို ခွန်းတုန့်ပြန်ပြီ ရလာတာမှ မဟုတ်တာ...။

နေ့စဉ် လုပ်ငန်းတွေကို ကိုယ့် ခွန်အား ကိုယ် အားကိုး
ကိုယ်နဲ့ မဆိုင်တဲ့ သူတစ်ပါး ဝင်မစွတ်ဖက်မိစေနဲ့
အချိန်ရှိခိုက် လုံ့လစိုက်ထုတ်လို့
ကိုယ်ဟာ ကျွန် တစ်ယောက်လိုနေ
ကိုယ့် အလုပ်ကို သခင်လို မှတ်
ကိုယ့် ခရီးကို ကိုယ် သွားနိုင်အောင် ကြိုးစား...။

လူ့ဘောင် ဥပဒေသထဲက အများသတ်မှတ်ထားတဲ့
စည်းကမ်းဆိုတာ ကန့်သတ်ချက်တွေနဲ့ ဗျာများနေတဲ့
သံယောဇဉ်တစ်ခုလို နှောင်ဖွဲ့ထားတာမှ မဟုတ်တာ..။

မရှိတဲ့ ဥပဒေသတွေနဲ့ တင်းကျပ်လွန်းတဲ့
စွဲချက်တွေနဲ့ အပိုတွေ သမိုင်းမှာ မရှိဘူး...
ကိုယ် ကိုယ်တိုင် အပြောနဲ့ အလုပ်
ဘောင်မခတ်ထားပဲ တပြေးညီ
ကိုယ် ကိုယ်တိုင် လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်...။

ဘောင်ခတ်ထားတယ်ဆိုတာ
သဘောမတူတဲ့ အလွှာနှစ်ခုက
ဂုဏ်ချင်း ပြိုင်လို့ နိုင်ချင်တဲ့ သဘာဝ တစ်ခုပါ..။

Friday, January 25, 2013

ရင်တွင်းဖြစ်ပါ အမေ


ရင်တွင်းဖြစ်ပါ အမေ


ည တစ်ညရဲ့ အမှောင်ယံတွင် အတွေးတွေ ရစ်ဝဲလျက် ကုတင်ပေါ်မှာ မှေးစက်နေခိုက် မကြာမှီ လူသားတိုင်း အသိမှတ်ပြုထားတဲ့ အမေနေ့အကြောင်းလေးကို စဉ်းစားနေမိတယ်။ အဲဒီညက အတွေးခေါင်လို့ အိပ်မပျော်နိုင်ခဲ့ပါ။ ရေစီးသန်လွန်းတဲ့ အတွေးမြစ်ပြင်ကျယ်မှာ နစ်မြောနေရင်း လင်းကြက်တွေ သွန်နေပါတယ်။ ကျေးငှက်တွေလည်း တေးဆိုလျက် အာရုဏ် နံနက်ခင်းကို ကြိုဆိုနေပါတယ်။ တောင်စဉ်မက ခုတ်မောင်းနေတဲ့ အတွေးရထားကြီးက မရပ်တန့်နိုင်သေးပါ။ စဉ်းစာမှုက အချိန်တွေသာ ကုန်ဆုံးသွားပြန်တယ်။

ဘာကြောင့်လည်းဆိုတော့ ၂၆-၀၁-၂၀၁၃ (၁၃၇၄ ပြာသိုလ်လပြည့်) သားသ္မီးတိုင်း ရင်တွင်း နှလုံးသားတွင်း သိမှတ် ကျောက်စာတင်သော အမေနေ့ ပင်ဖြစ်ပါတယ်။ သုံးရက်မြောက် ည တစ်ညကို ဖြတ်သန်းရင်း ကလောင်တံကို ကောက်ကိုင်ကာ နှလုံးသား ကောင်းကင်မှာ ရေးခြစ်မိတော့ မျက်ဝန်း တိမ်တွေထဲ နှင်းစက်လေးတွေ ကြွေကျလာသလို စာလုံးလေးများ စီကုံးမိပါတယ်။ 

ဗုဒ္ဓဘာသာ သာသနာ့သမိုင်းနှင့် ပတ်သက်၍ အနည်းငယ် အမေဆိုတဲ့ ဝေါဟာရကို ဖော်ပြရလျှင် မဟာပဇာပတိဂေါတမီကို ဆိုရမည် ဖြစ်ပါတယ်။ မဟာပဇာပတိဂေါတမီသည် ဘိက္ခုနီရဟန်းမ သာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။

မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြုအမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။

သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။ ထို့အပြင် မိထွေးတော် မဟာမပဇာပတိဂေါတမီထေရီမကြီး၏ နှစ်သက်လွန်းလို့ မိမိရင်တွင်းက ကဗျာများကို နှုတ်မှ ရွတ်ဆိုခဲ့တာ အောက်ပါ အတိုင်းဆိုထားပါတယ်။

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊ ဧတံ ပရမဒုလ္လဘံ။

သားတော်ကြီးဘုရား - မိန်းမသားတို့အား မင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မ ရရှိပါပြီ။

မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဂါနိ ဟိတာနိ စ၊
ယေ တေ ဝါကျာနိ သုယျန္တိ၊
တေပိ ဓညာ နရုတ္တမာ။

လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား - စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။

ယံ န ဒိဋ္ဌံ ပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိ ပိ။
တံ ပဒံ သုကုမာရီဟိ၊ သတ္တ၀ဿာဟိ ဝေဒိတံ။

ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီး အဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြသော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့သည်ပင် သိမြင်ခံစားနေကြပါပြီဘုရား။

ဤကဲ့သို့သော် တရားများသည် အမေဖြစ်သူက သားတစ်ယောက်ကို ဝမ်းသာလွန်းလို့ သူမနှလုံးသားအတွင်းက ဖော်မပြနိုင်တဲ့ ပီတိတွေနဲ့ ချီးမြောက်တဲ့ ကဗျာလေး ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့ရဲ့ ရင်တွင်းမှာလည်း မိဘတို့ အစဉ်အလာအတိုင်း သားသမီးတွေကို ချီးမြောက်မှု ပြုကြမည်ဆိုတာ သိရှိကြမည်ဖြစ်သည်။

အနောက်တိုင်းမှာဆိုရင် ယဉ်ကျေးမှု မတူညီမှုနဲ့ အစဉ်အလာ မတူညီမှုတွေကြောင့် တွေ့ရှိလိမ့်မည် မဟုတ်ပါ။ သို့သော် ဒီယဉ်ကျေးမှုသည် အရှေ့တိုင်းမှာသာလျှင် ရှိကြပါတယ်။ ဒါတွေဟာ ချစ်စရာကောင်းသော ယဉ်ကျေးမှုဖြစ်သလို မြတ်ဗုဒ္ဓရဲ့ သာသနာနဲ့ ကြုံတွေလို့သာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်တိုင်းမှာ ရှိတဲ့ အမေတွေက သားသမီးတွေကို မချစ်ကြဘူးလားလို့ မေးစရာဖြစ်လာလိမ့်မယ်။

အဲဒီလို မဟုတ်ပါဘူး အမေတိုင်းက သားသမီးတွေကို ချစ်ခင် မြတ်နိုးကြသလို သားသမီးတွေ တိုးတက်အောင်မြင်ရေးကို အချိန်တိုင်း အချိန်တိုင်း စောင့်ကြည့်နေကြတာပါ။ သားသမီးတွေ ဒုက္ခရောက်မည့် မိဘဆိုတာ မရှိကြပါဘူး။

အမေတိုင်း အမေတိုင်းက သားသမီးအတွက် ဘဝတွေ ပေးဆပ်လို့ အစစ အရာရာကို ပြုလုပ်ပေးခဲ့သလို မြတ်ဗုဒ္ဓ၏ တရားတော်အညီ နေတတ် ထိုင်ထတ်အောင်လည်း သင်ပြပေးခဲ့ကြတယ်။ ဒါကြောင့် ကောင်းမြတ်သော ဤကဲ့သို့သော တရားတော်တွေကို တွေ့ရသလို ကိုယ်တိုင်ကျင့်သုံးကြပါတယ်။

ထို့အပြင် မိဘမေတ္တာကို သိသာထင်ရှားသော တရားတော်လည်း ဖြစ်ပါတယ်။ ဒီတရားသည် ဓမ္မပဒမှ လာသော မိထွေးတော် မဟာပဇာပတိ ဂေါတမီကြီး၏ မိခင်တစ်ယောက်ရဲ့ ရင်တွင်းဖြစ် ကဗျာလေးဖြစ်ပါတယ်။

ထို့အပြင် "မာတာ ယတာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ' မနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။" ဟူသော မြတ်ဗုဒ္ဓ ဟောကြားတော်မူအပ် ပါဠိတော်ကို ထောက်၍ ကြည့်မည်ဆိုလျှင် အမေဟူသော ဂုဏ်ပုဒ်ကို ပြောပြနိုင်းစွမ်း မရှိလောက်အောင်ပင် ဖြစ်တယ်။

Thursday, January 24, 2013

ပုံရိပ်များတဲ့ ပန်းချီ


 
 

ပုံရိပ်များတဲ့ ပန်းချီ


 
ဘဝရဲ့ ကျယ်ပြန့်လွန်းတဲ့ စကြာဝဠာ ကောင်းကင်ထက်က

အမှတ်တမဲ့ မိုးတွေ ရွာသွန်းနေတယ်ဆိုပေမဲ့...

တကယ်တမ်းတော့ ဘဝရဲ့ လိုချင်မှု မြူစိုင်းနေတဲ့

ကောင်းကင်ယံမှာ တိမ်တွေက ငိုနေတာပါ...။


ဘဝ လှေပေါ်မှာ ကိုယ် စေလိုရာ ပန်းတိုင်ကို လှော်ခတ်နေရတယ်ဆိုပေမဲ့

ရေစုံလား ရေဆန်လားဆိုတာ မသိနိုင်သေးတဲ့ လှေသမား တစ်ယောက်ပါ...။


နက်ရှိုင်းလွန်းတဲ့ ဘဝ ချောက်ကမ်းပါးထက်မှာ ရပ်တည်နေရတဲ့အခိုက်

အေးစိမ့်စိမ့် ဂူအောင်းနေတဲ့ အသိစိတ်က နိုးမကြား မလာသေးပါ...။


ရေရွတ်မှုတွေ သိပ်များလွန်းလို့ ကျန်စာသင့်သွားသလား မသိတဲ့

ကိုယ့် ဘဝရဲ့ မြစ်ချောင်း အင်းအိုင် ပင်လယ်ထဲ

ကိုယ့် ခရီးကို ကိုယ် လျှောက်လှမ်းဖို့ မေ့မြောရင်း နစ်မြှုပ်နေဆဲပါ...။


သို့သော်...

ဘဝရဲ့ အညစ်ကြေး ကင်းစင်တဲ့ ပန်းတစ်ပွင့် ပွင့်လာဖို့အတွက်

မြေသြဇာကောင်းတဲ့ မြေကွက်မှာ စိုက်ပျိုးဖို့ လိုလိမ့်မယ်...။

Tuesday, January 22, 2013

ရွှေကျိန်လုံးကို ကြောက်သော်လည်း ပန်းတိုင်မပျောက်ခဲ့သူ


ရွှေကျိန်လုံးကို ကြောက်သော်လည်း ပန်းတိုင်မပျောက်ခဲ့သူ


ဟိန်းဟောက် ငေါက်သံ ကြောက်စိတ်များနှင့်
ရွက်ဖတ်လာရ သူတို့ဘဝ...။

ကလေးတို့အရွယ် ပညာသင်မှ
ကြီးရင့်လာက ပညာရှင်...။

ပညာမသင် အချိန်လင့်လျှင်
သူ့ကျွန်အဖြစ် ခံရမည်...။

ကလေးတို့ ရွှေပြည် တိုးတက်ရေးဖို့
အသိပညာတွေဖြင့် ရွှေစိတ်တော်စော...။

ရောင်စုံပန်းချီကား

 

ရောင်စုံပန်းချီကား


ဝင်္ကပါတစ်ခုလို တည်ရှိနေတဲ့ အရာတွေအားလုံးဟာ ချိုမြိန်လျက်ပါ..။
နေ့စဉ် ဘဝထဲက အချိန်ရဲ့ ဘဝတဆစ်ချိုးမှာ ထိခိုက်မှုတွေနှင့်
အမှားတွေများလွန်းလို့ စိတ်ညစ်ညစ်နဲ့ အဝေးဆုံး တနေရာကို
ထွက်ခွာသွားချင်ပေမဲ့ ငါ ကိုယ်တိုင် လူ့သမိုင်းအကြောင်း
ရောင်စုံပန်းချီတွေ ရေးဆွဲနေတုန်း......။
 


တက္ကသိုလ်မြတ်မင်း

Friday, January 18, 2013

ဝင်္ကပါထဲက လျှိုဝှက်ချက်


ဝင်္ကပါထဲက လျှိုဝှက်ချက်


အသိုင်းဝိုင်းက အသိဥာဏ်မဲ့

အတွေးခေါင် လွင်ပြင်ကျယ်ထဲက

လူ့ဘဝရဲ့ အစိတ်အပိုင်းကို

သင်္ချာတွတ်မိတော့ အစားထိုးတဲ့

ထပ်ကိန်းတွေသာများသွားတယ်

ရရှိလိုက်တဲ့ အဖြေက

ဘာမရှိတဲ့ သုညတဲ့...။



သုည...သုည.. သုည..

ငါ.. ကြားဖူးခဲ့တဲ့ ကမ္ဘာကျော်တွေ

ဟင်းသီးဟင်းရွက် ရောင်းလို့

ဘဝ စတင်ခဲ့တာလည်း ရှိတယ်..။



မြေပေါ်မှာ ဒုတ်ကလေးနဲ့

ဟို ခြစ် ဒီ ခြစ် လက်နှစ်ဖက်ကို ကျစ်လို့

ဘဝတစ်ခု စ ခဲ့တာလည်း ရှိမယ်..။



အိမ်အစုတ်ကလေးထဲ တကုတ်ကုတ်နဲ့

လျှပ်စစ်ထုတ်ခဲ့တဲ့ သူလည်းရှိမယ်..



အရူးလွယ်အိတ်ပမာ ဟိုထည့် ဒီထည့်

ကမ္ဘာပတ်ခဲ့တာလည်း ရှိမယ်..



ပင်လယ်စွန်တကောင်လို့ ရေပေါ်မှာ

ပျံသန်းသွားတာလည်း ရှိမယ်..



ကောင်းကင်ကြီးထဲက စွန်တွေလို သိန်းငှက်တွေလို

ဝဲပျံနေတာလည်း ရှိမယ်..



ကမ္ဘာ့စစ်မြေပြင် စစ်မျက်နှာပြင်မှာ

လူစွမ်းကောင်းတွေ လုပ်ခဲ့တာလည်း ရှိမယ်..



ဘာသာတရား အထင်အရှားနဲ့

ကျော်ကြားလာတာလည်း ရှိမယ်..



ပန်းတိုင်ကို ရောက်လာတဲ့သူတိုင်းရဲ့

သမိုင်းကြောင်း အခြေခံတွေက

အောက်ခြေက စတင်ခဲ့တာများတယ်

သူငယ်ချင်း မင်း... အားမလျော့နဲ့

လျှပ်တပျက် မိုက်တီးရဲ့ရိုက်ချက်က

လူစွမ်းကောင်း ဖြစ်မယ်ဆိုတာ

ငါ...ယုံကြည်တယ်..ဇွဲ မလျော့နဲ့ ရှေ့တက်ခဲ့..။

Sunday, January 13, 2013

ရွက်လွင့်နေသော ဘဝပုံရိပ်


ရွက်လွင့်နေသော ဘဝပုံရိပ်


သာယာမှု အေးချမ်းမှုတွေ
ဝေဝေဆာဆာနဲ့ ပုတ်ခတ်မှု ကင်းစင်သော
သိပ်ရိုးသား သိပ်ပွင့်လင်းလွန်းတဲ့
လစ်ဟာနေတဲ့ မြို့ကြီးကို
မုန်တိုင်းတွေ ဝင်ရောက် တိုက်ခိုက်သွားခဲ့တယ်...။

ဒါပေမဲ့.....
မြို့တစ်မြို့ရဲ့ ရင်ခွင်ကို
တင်းကျပ်ထားတဲ့ ကြယ်သီးကို ဖွင့်ဟကြည့်တော့
တိမ်စိုင်ကင်းတဲ့ ကြယ်တွေကို ကောင်းကောင်းမြင်နိုင်တယ်..။

အခုတော့...
အဲဒီမြို့က မထွက်ခွာခင်
လမင်းကြီးဟာ အနောက်သို့ ယွန်းလာပြီ
ကြယ်တွေ အိပ်တန်းဝင်လာပြီ
ခုနှစ်စင်ကြယ်တွေ အမြီးထောင်လာပြီ
နံနက်မိုးလင်း လင်းကြက်တွန်းခါနီးမှာ
နိုးကြားလာတဲ့ ငါ့အသိတွေဟာ
နုံချာချာ တွေဝေနေတုန်းပဲ...။

ဒါပေမဲ့....
မြောက်ပြန်လေမြူးသော ဆောင်းနှင်းတွေ
နှုတ်ဆက်ချိန်ရောက်ပြန်တော့
အချိန်မနှောင်းခင် သမိုင်းတစ်ပုဒ်ကို ပြင်ဆင်ဖို့
စာကြည့်ခန်းထဲ ဝင်လာတော့လည်း
အေးစက်စက် ဘဝရဲ့ သင်္ခန်းစာတွေက
ဘာမဆိုင် ညာမဆိုင် လုယူ ပျက်စီးသွားခဲ့ပြန်တယ်...။

အမှန် တကယ် တည်ရှိနေတဲ့...
ဘဝဆိုတာ ကိန်းပြည့်တဲ့ သချာင်္တစ်ပုဒ်ပါ..
သချာင်္အတွက် ကောင်းခဲ့ပေမဲ့လည်း
တကယ်တော့ မလွယ်ကူခဲ့ဘူး
ကိုယ် ကိုယ်တိုင် ရွက်လွင့်
ကိုယ် ကိုယ်တိုင် ရွက်တိုင် ချိုးပြီး
ကိုယ့်ဘဝ လှိုင်းကြမ်းတွေကို အဖော်ပြု ခရီးဆက်ရင်း
ခမ်းနားတဲ့ ဆက်သွယ်မှုတွေ
အဲဒီနောက်ပိုင်း ပျောက်ဆုံးသွား တော်တော် ကြာခဲ့တယ်..။

Saturday, January 12, 2013

သံဝေဂ ဆည်းဆာ


သံဝေဂ ဆည်းဆာ


ဘဝနိကန္တိက အစဖြာရင်း

ပဋိသန္ဓေ ဂဗ္ဘ အမိ ဝမ်းတွင်းက

ကိုးလ လွယ် ဆယ်လ ဖွားလို့

ဇာတိ လှောင်အိမ်ထဲက ထွက်ခဲ့သူ..

အချို့က အမှောင်က လာ အမှောင်သွား သူ..

အချို့က အမှောင်က လာ အလင်းသွား သူ...

အချို့က အလင်းက လာ အမှောင်သွား သူ...

အချို့က အလင်းက လာ အလင်းသွား သူ...

ဘယ်သူ ဘယ်အမျိုးစားထဲ ပါလာသလဲ.....။


အကယ်၍....

နိယာမ တံတိုင်းခတ်ထားတဲ့

ဥဒ္ဓစ္စ မိုးတိမ်အောက်

မောဟတွေ မှောင်မိုက်

အတ္တတွေ ပျော်မွေ့

မာနတွေ စီးဆင်း

လောဘတွေ ရိုက်ခတ်

ဒေါသတွေ ပုန်ကန်ထကြွ

ဣဿာရဲ့ ငြူစူမှုနဲ့

မစ္ဆရိယ တောက် ခေါက်တဲ့

ထိန မိဒ္ဓ နေ့ညတွေကို

အမှား မိစ္ဆာ အတွေးများနဲ့ အိပ်စက်ရင်း

အနောတ္တပ္ပ နွံ့အိုင်အတွင်း

အကုသိုလ်တွေကို မိတ်ဆွေဖွဲ့လို့

ဘဝကို ကမ္မသကာနဲ့

နိဂုံး အဆုံးသတ် မလှခဲ့ဘူးဆိုရင်....။


အကယ်၍...

သံသရာကျင်လည် ခရီးသွားရင်း

နှောင်ကြိုးတွေ ရစ်ပတ်လို့

သံယောဇဉ် လယ်ကွက်ထဲ

မျိုးစေ့တွေ ကျဲဖြန့်

ဒုက္ခရဲ့ နေလောင်ပြင်မှာ

အငှား သောကတွေနဲ့

ပရိဒေဝ မျက်ရည်ပူတွေ လောင်းချ

စွဲလန်းခြင်း ဥပါဒ်တစ်ခု

အိပ်မက်ကမ္ဘာအထိ သိမ်းသွင်းခဲ့လည်း

သမုဒယရဲ့ အက်ကြောင်းများတဲ့

ဝေဒနာ သမိုင်းကို ရေးဆွဲနေဦးမယ်ဆိုရင်...။


အကယ်၍....

အစောင့်တော် သဘာဝ ဓာတ်ကြီးလေးခု

သတိဆိုတဲ့ သမားတော်

သမာဓိ တရားရှင်

ဘဝ နာမည်ရ ပညတ်

ဖွဲ့စည်းပုံ ခန္ဓာ ငါးချက်

ဖြစ် တည် ပျက် လက္ခဏာ သုံးချက်

အတိတ် ပစ္စုပ္ပန် အနာဂတ် ညီအစ်ကို

ကံ အမိ အဖ ဦးတည်ချက် ဇိဝိတိနြေ္ဒ

အနိစ္စ ဒုက္ခ အနတ္တ သွေးသောက်ရဲဘော်တွေနဲ့

ဝင်သက် ထွက်သက် ဖွားဘက်တော်တွေ ဝိုင်းရံထားပါလျက်

အကြောင်း သမုဒယ နန်းတော်မှာ

ဝေဒနာ ဦးစီးတဲ့ ဘုရင် တစ်ဆူဖြစ်နေသေးတယ်ဆိုရင်...

Thursday, January 10, 2013

အဖြေရှာ တိုင်းတာခြင်း

 

အဖြေရှာ တိုင်းတာခြင်း

 
ကိုယ်ထူ ကိုယ်ထ စနစ်နဲ့

တိုးတက်ရေးကို ဦးစားပေးခဲ့

ပစ်ချင်သလို ပစ် လက်သည် မသိ

အဖြူ အမည်း မကွဲသေးတဲ့

ခဲတစ်လုံးက ဦးတည်ချက် နံရံကို

ပစ်ပေါက်လို့ မပျက်စီးနိုင်ပေမဲ့

ယုံကြည်မှု မှန်တံခါးကို ပစ်ပေါက်မိရင်တော့

ပျက်စီးသွားမှာ အမှန်တကယ်ပါပဲ...။


တကယ် အရေးကြီးသည့် ကဏ္ဍတွေကို

နောင်တတွေနဲ့ နောက်မကျခင် တွေးပါ..

တကယ် သေးငယ်တယ်လို့ ထင်ထားတဲ့

အမှတ်မထားတဲ့ အရာတစ်ခုဟာ

ယုံကြည်မှုတံတိုင်း ပြိုလဲမှ သိတယ်ဆိုရင်...။


မှတ်သားစရာ...

ရင်ခွင်တံခါးဖွင့်လို့ သိမ်းထားပေးပါ...

တင်းကျပ်လွန်းတဲ့ မာနနဲ့ နေထိုင်ခြင်းဆိုတာ

ရက်ချိန်း အတိအကျ သက်မှတ်ထားလို့

အလွယ်ရတာ မဟုတ်ပါဘူး....။

သက်မှတ်ချက် အပူလှိုင်း ရေဆူမှတ်တိုင်

တစ်ခုလည်း မဟုတ်ပါဘူး...။

Tuesday, January 8, 2013

နံရံနှစ်ခုကြားက အနာဂတ်


နံရံနှစ်ခုကြားက အနာဂတ်


ပတ်ဝန်းကျင်ကို ငေးနေတဲ့
မျက်လုံးများက နဘေးတဖက်ကို ကြည့်လျှင်
နောက်တဖက်ကို မမြင်နိုင်ဘူး..
အခြေခံ တစ်ခုခုတော့ လိုနေပြီ...
ရှာဖွေ စမ်းသပ်ကြည့်ပါ...
မတွေ့တော့တဲ့ နောက်တနေ့...
ခြေဦးတည်ရာ ထွက်ခွာလာပါလျက်
မျဉ်းပြိုင်တစ်ခုက မေ့မြော
မျဉ်းပြိုင်တစ်ခုက ခရီးသွား
အမှတ်မှားလို့ ဘာများ ပြစ်မှားသွားမိပါလိမ့်..
ခန့်မှန်းချက် မှတ်တိုင်ရှေ့ ရပ်တန့်
ကြိုတင်မချွန်ထားတဲ့ ဥပေက္ခာ မြားတစ်ချောင်း
လိမ်းကျံထားတဲ့ အဆိပ်ငွေ့များက
မကျေမချမ်း မုန်တိုင်းကိုခွင်းလို့
ထိုးဝင် စူးနစ် သွေးများ အိုင်ဖွဲ့ ပေကျံ ပြန့်ကျဲ
မော်ဒန်ခေတ်ရဲ့ အနီးကပ် ထိရှမှု
အော်စကာဆုတွေ တန်းစီ စီးဆင်း
ရိုက်ချက်က ခပ်ပြင်းပြင်း 
တင်းကျပ်နေတုန်းပါလား..။

နောက်တနေ့ ပြန်စာလာတဲ့
နောက်ဆုံး အစုံရထားကြီးထဲ
လူအချို့က ချိုတဲ့အခါ ချိုမြိန်စေခဲ့တယ်
ခါးတဲ့အခါ ခါးသက်စေခဲ့တယ်
အချို အခါး နှစ်ပါးသွား ကခုံနေတဲ့
လောကကြီးရဲ့ ဘဝဇာတ်ခုံထဲ
သဘာဝ စက္ခုနှစ်ကွင်းက
အမြင် ကောင်းကောင်း
ကြည့်တတ်လွန်းလို့ ခေါင်းချတိုင်း
ကိုက်တက်လာတဲ့ ဝေဒနာ
ဆေးသောက်တိုင်း မပျောက်ခဲ့ပါလား...။

Thursday, January 3, 2013

ဘဝ ပလက်ဖောင်းက ဒိုင်ယာရီ

တက္ကသိုလ်မြတ်မင်း ဝက်ဆိုဒ်အသစ်

 

ဘဝ ပလက်ဖောင်းက ဒိုင်ယာရီ


နာရီ စက္ကန့်တွေကြား လှုပ်ရှားသွားလာနေတဲ့ ခေတ်တွေ တခေတ်ပြီး တခေတ် စီးဆင်း ကွယ်ပျောက်သွားခဲ့သလို ဘဝရဲ့ သက်မှတ်ချက် အချိန်တွေထဲက နေဝင် မိုးချုပ်ခဲ့တာ အကြိမ်ပေါင်း မရေတွက်နိုင်တော့ပါ..။ ဘဝ ပလက်ဖောင်းပေါ်မှာ လျှောက်လှမ်းနေကြရတဲ့ အချို့သော လူသားတို့သည် အချိန်ဆိုတာကို စောင့်မျှော်နေကြတယ်။ တကယ်တော့ အချိန်ကို စောင့်မျှော်နေသော လူသားသည် ဘဝ အမောတွေသာ စို့တက်၍ ဆုံးရှုံးခြင်းတွေသာ ရရှိလိုက်ကြတယ်။ ထို့အပြင် သူတို့သည် ဝမ်းနည်း ပူဆွေးခြင်းများ၊ သောက ပရိဒေဝ မီးများ၊ တွေဝေ မိန်းမောမှုများ၊ ဘဝမှာ လိုချင်တာ မရလို့ ဘဝင်မကျ ဖြစ်ခြင်း၊ စမ်းတဝါးဝါး ဝိုးတဝါးဝါး ရည်မှန်းချက်တွေ ပျောက်ဆုံးသွားခြင်းများနှင့် ချိတုံချတုံ ဖြစ်မှုများ ဖြစ်တတ်ပါတယ်။

ထို့ကြောင့် အချိန်ဆိုတာသည် လူသားတို့ အနေနဲ့ စောင့်မျှော်သင့်သော အရာ မဟုတ်ချေ။ အချိန်ကို စောင့်ပါလျက် အချိန်ကျော်လွန်သွားမှန်း မသိအောင် ဖြစ်တတ်ပါတယ်။ အချိန်ကျော်လွန်သွားခြင်းက ဘဝရဲ့ အကြီးဆုံး နောင်တ တစ်ခုပင် ဖြစ်ပါတယ်။ ထို့အပြင် အချိန်ကျော်လွန်သွားခြင်းက ဘဝအတွက် ကုစားမရသော ဝေဒနာ တစ်မျိုးဖြစ်သလို ရောဂါကျွမ်းပြီးသော လူနာတစ်ဦးကဲ့သို့ ဖြစ်တတ်ပါတယ်။ ထို့ကြောင့် အချိန်ဆိုတဲ့ ဒိတ်လွန် အစားတစ်ခုကို လူသားတို့ အနေနဲ့ မစားသုံးသင့်သည်ကိုလည်း စဉ်းစားသင့်ပါတယ်.......။

တစ်ခါတုန်းက ရင့်ကျက်ပြီး အတွေးခေါ်ကောင်းတဲ့ ချမ်းသာ ကြွယ်ဝတဲ့ စာပေပညာရှင်တစ်ယောက်ဟာ မီးရထားဖြင့် ခရီးသွားခဲ့ပါတယ်။ အမှတ်မထင် အဲဒီ စာပေပညာရှင်ရဲ့ မနီးမဝေးမှာ လူငယ်တစ်ယောက် မတ်တပ်ရပ်ပြီး အဝေးက စိမ်းလန်းနေသော လယ်ကွင်းပြင်ကို ငေးကြည့်နေသော်လည်း မှိုင်တိုင်တိုင် မှုန်ကုတ်ကုတ် ထွေရာလေးပါး စဉ်းစားနေသလို ဟိုငေးကြည့်လိုက် ဒီငေးကြည့်လိုက် ဖြစ်နေပါတယ်။ အဲဒါကို စာပေပညာရှင်က လှမ်းမြင်ပါတယ်။
ဒီတော့ စာပေပညာရှင်က လူငယ်လေးကို "မောင်ရင် ဘယ်သွား မလို့လဲ" လို့ လှမ်းမေးလိုက်ပါတယ်။ လူငယ်ဖြစ်သူက "ကျွန်တော် မြို့တက်ပြီး အလုပ်သွား လုပ်မလို့ပါ"

Wednesday, January 2, 2013

ရွှေအိုရောင်လွှမ်းသော ဘဝတစ်ခု


ရွှေအိုရောင်လွှမ်းသော ဘဝတစ်ခု


သဘာဝတရားရဲ့ နိယာမများ

ဘောင်မခတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အတူ

တစိမ့်စိမ့်ကျနေတဲ့ ဆောင်းဥတုတွင်းက

နှင်းစက် တစ်စက်ချင်းရဲ့

ပဲ့တင်သံတွေ လွတ်လပ်စွာ စီးဆင်းသလို

တော တောင် ရေ မြေ

သဘာဝတွေထဲ ဘဝပန်းချီကား တစ်ချပ်

ဘောင်မခတ်ထားတဲ့ စုတ်တံတွေနဲ့

လွတ်လွတ် လပ်လပ် ရေးဆွဲချင်ပါရဲ့....။


တကယ်လည်း...

အတ္တမဆန်တဲ့ တံခါးတစ်ချပ်

သမိုင်းစာမျက်နှာမှာ ဖွင့်ဟထားတယ်..

အချိန်ရရင် စဉ်းစားကြည့်ပါ...

ပါးစပ်ပိတ်နေတဲ့ မြို့ပြတွင်း

ကြွက်တွေက သောင်းကျန်လို့

မြေအောက်ကမ္ဘာမှာ ရောဂါတွေ ထူထပ်

ကုသမရတဲ့ နိမိတ်ဆိုးတွေက

အတွင်းမှာ လှိုက်စားရင်း

ရွှေအိုရောင် အလင်းတန်းလေး

ပျောက်ဆုံးသွားမှာ ဆိုးကြောက်မိတယ်..။


မဖြစ်ခင်က သိပါ...

သဘာဝက တိုင်းတာထားတဲ့

အတိုင်းအတာ တစ်ခုရဲ့

အနိမ့် အမြင့် ပေတံဆိုတာ

လူတွေရဲ့ တိုင်းတာမှု တစ်ခုပါ

ကွာဟနေတဲ့ အချိန်ဆိုတာ

နိုင်ငံတစ်ခုနှင့် တစ်ခု မတူညီမှုပါ

ကိုယ်ဘက်က တိုးတက်မှု ရှိသလို

မတိုးတက်တာလည်း ရှိလိမ့်မှာပေါ့

သေခြာတာက ကိုယ် စိုက်တဲ့ သစ်ပင်မှာ

ကိုယ်ပိုင် ခံစားရမည့် အသီး အပွင့်တွေ

ပွင့်လာမှာ အမှန်ပဲလေ....။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...