Friday, January 25, 2013

ရင်တွင်းဖြစ်ပါ အမေ


ရင်တွင်းဖြစ်ပါ အမေ


ည တစ်ညရဲ့ အမှောင်ယံတွင် အတွေးတွေ ရစ်ဝဲလျက် ကုတင်ပေါ်မှာ မှေးစက်နေခိုက် မကြာမှီ လူသားတိုင်း အသိမှတ်ပြုထားတဲ့ အမေနေ့အကြောင်းလေးကို စဉ်းစားနေမိတယ်။ အဲဒီညက အတွေးခေါင်လို့ အိပ်မပျော်နိုင်ခဲ့ပါ။ ရေစီးသန်လွန်းတဲ့ အတွေးမြစ်ပြင်ကျယ်မှာ နစ်မြောနေရင်း လင်းကြက်တွေ သွန်နေပါတယ်။ ကျေးငှက်တွေလည်း တေးဆိုလျက် အာရုဏ် နံနက်ခင်းကို ကြိုဆိုနေပါတယ်။ တောင်စဉ်မက ခုတ်မောင်းနေတဲ့ အတွေးရထားကြီးက မရပ်တန့်နိုင်သေးပါ။ စဉ်းစာမှုက အချိန်တွေသာ ကုန်ဆုံးသွားပြန်တယ်။

ဘာကြောင့်လည်းဆိုတော့ ၂၆-၀၁-၂၀၁၃ (၁၃၇၄ ပြာသိုလ်လပြည့်) သားသ္မီးတိုင်း ရင်တွင်း နှလုံးသားတွင်း သိမှတ် ကျောက်စာတင်သော အမေနေ့ ပင်ဖြစ်ပါတယ်။ သုံးရက်မြောက် ည တစ်ညကို ဖြတ်သန်းရင်း ကလောင်တံကို ကောက်ကိုင်ကာ နှလုံးသား ကောင်းကင်မှာ ရေးခြစ်မိတော့ မျက်ဝန်း တိမ်တွေထဲ နှင်းစက်လေးတွေ ကြွေကျလာသလို စာလုံးလေးများ စီကုံးမိပါတယ်။ 

ဗုဒ္ဓဘာသာ သာသနာ့သမိုင်းနှင့် ပတ်သက်၍ အနည်းငယ် အမေဆိုတဲ့ ဝေါဟာရကို ဖော်ပြရလျှင် မဟာပဇာပတိဂေါတမီကို ဆိုရမည် ဖြစ်ပါတယ်။ မဟာပဇာပတိဂေါတမီသည် ဘိက္ခုနီရဟန်းမ သာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။

မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြုအမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။

သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။ ထို့အပြင် မိထွေးတော် မဟာမပဇာပတိဂေါတမီထေရီမကြီး၏ နှစ်သက်လွန်းလို့ မိမိရင်တွင်းက ကဗျာများကို နှုတ်မှ ရွတ်ဆိုခဲ့တာ အောက်ပါ အတိုင်းဆိုထားပါတယ်။

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊ ဧတံ ပရမဒုလ္လဘံ။

သားတော်ကြီးဘုရား - မိန်းမသားတို့အား မင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မ ရရှိပါပြီ။

မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဂါနိ ဟိတာနိ စ၊
ယေ တေ ဝါကျာနိ သုယျန္တိ၊
တေပိ ဓညာ နရုတ္တမာ။

လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား - စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။

ယံ န ဒိဋ္ဌံ ပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိ ပိ။
တံ ပဒံ သုကုမာရီဟိ၊ သတ္တ၀ဿာဟိ ဝေဒိတံ။

ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီး အဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြသော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့သည်ပင် သိမြင်ခံစားနေကြပါပြီဘုရား။

ဤကဲ့သို့သော် တရားများသည် အမေဖြစ်သူက သားတစ်ယောက်ကို ဝမ်းသာလွန်းလို့ သူမနှလုံးသားအတွင်းက ဖော်မပြနိုင်တဲ့ ပီတိတွေနဲ့ ချီးမြောက်တဲ့ ကဗျာလေး ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့ရဲ့ ရင်တွင်းမှာလည်း မိဘတို့ အစဉ်အလာအတိုင်း သားသမီးတွေကို ချီးမြောက်မှု ပြုကြမည်ဆိုတာ သိရှိကြမည်ဖြစ်သည်။

အနောက်တိုင်းမှာဆိုရင် ယဉ်ကျေးမှု မတူညီမှုနဲ့ အစဉ်အလာ မတူညီမှုတွေကြောင့် တွေ့ရှိလိမ့်မည် မဟုတ်ပါ။ သို့သော် ဒီယဉ်ကျေးမှုသည် အရှေ့တိုင်းမှာသာလျှင် ရှိကြပါတယ်။ ဒါတွေဟာ ချစ်စရာကောင်းသော ယဉ်ကျေးမှုဖြစ်သလို မြတ်ဗုဒ္ဓရဲ့ သာသနာနဲ့ ကြုံတွေလို့သာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်တိုင်းမှာ ရှိတဲ့ အမေတွေက သားသမီးတွေကို မချစ်ကြဘူးလားလို့ မေးစရာဖြစ်လာလိမ့်မယ်။

အဲဒီလို မဟုတ်ပါဘူး အမေတိုင်းက သားသမီးတွေကို ချစ်ခင် မြတ်နိုးကြသလို သားသမီးတွေ တိုးတက်အောင်မြင်ရေးကို အချိန်တိုင်း အချိန်တိုင်း စောင့်ကြည့်နေကြတာပါ။ သားသမီးတွေ ဒုက္ခရောက်မည့် မိဘဆိုတာ မရှိကြပါဘူး။

အမေတိုင်း အမေတိုင်းက သားသမီးအတွက် ဘဝတွေ ပေးဆပ်လို့ အစစ အရာရာကို ပြုလုပ်ပေးခဲ့သလို မြတ်ဗုဒ္ဓ၏ တရားတော်အညီ နေတတ် ထိုင်ထတ်အောင်လည်း သင်ပြပေးခဲ့ကြတယ်။ ဒါကြောင့် ကောင်းမြတ်သော ဤကဲ့သို့သော တရားတော်တွေကို တွေ့ရသလို ကိုယ်တိုင်ကျင့်သုံးကြပါတယ်။

ထို့အပြင် မိဘမေတ္တာကို သိသာထင်ရှားသော တရားတော်လည်း ဖြစ်ပါတယ်။ ဒီတရားသည် ဓမ္မပဒမှ လာသော မိထွေးတော် မဟာပဇာပတိ ဂေါတမီကြီး၏ မိခင်တစ်ယောက်ရဲ့ ရင်တွင်းဖြစ် ကဗျာလေးဖြစ်ပါတယ်။

ထို့အပြင် "မာတာ ယတာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ' မနုရက္ခေ။ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။" ဟူသော မြတ်ဗုဒ္ဓ ဟောကြားတော်မူအပ် ပါဠိတော်ကို ထောက်၍ ကြည့်မည်ဆိုလျှင် အမေဟူသော ဂုဏ်ပုဒ်ကို ပြောပြနိုင်းစွမ်း မရှိလောက်အောင်ပင် ဖြစ်တယ်။


"မာနေတီတိ မာတာ" လို့ ပါဠိတော် လာအတိုင်းဆိုသော အမေဟူသည် သားသ္မီးတွေကို အာယုဿ သမံကတွာ အသက်ရင်းနှီးပြီး ချစ်မြတ်နိုး ခဲ့သည်။ ဘ၀ဿ သမံကတွာ ဘ၀နဲ့ ရင်းနှီးပြီးလည်း ချစ်မြတ်နိုးခဲ့သည်။ ဟဒယဿ သမံကတွာ နှလုံးသားနဲ့ ရင်းနှီးပြီး ချစ်မြတ်ခဲ့တာသည် အမေ ဟု ခေါ်သည်။

အမေမေတ္တာသည်ပင် အပရိမာဏ မေတ္တာမျိုးဖြင့် တနည်းပြောရလျှင် အတိုင်းအတာ ပမာဏ မရှိသော မေတ္တာမျိုးဖြင့် သားသ္မီးတွေအပေါ် ချစ်မြတ်နိုးခဲ့ကြသည်။

ထို့အပြင် ကမ္ဘာပေါ်ရှိကြသော အမေဟု ခေါ်အပ် သော ပုဂ္ဂိုလ်တိုင်းသည် အပရိမာဏ မေတ္တာမျိုးဖြင့် သားသ္မီးတွေကို မြတ်နိုး ကြင်နာလျက် ဗြဟ္မစိုရ် ရင်ခွင်မှာ ထိုသားသ္မီးတွေ မညောင်းသောလက်တို့ဖြင့် လွဲခက်ကာ မှေးစက်အိပ်ပျော်စေခဲ့သည်။

မည်သို့သော တိုင်းပြည် မှ မိခင်၊ မည်သို့သော နိုင်ငံမှ မိခင်၊ မည်သို့ သတ္တ၀ါတို့၏ မိခင်၊ မည်သို့သော ချမ်းသာသော အသိုင်းဝိုင်းမှ မိခင်၊ မည်သို့သော ဆင်းရဲမွဲတေသော မိခင်၊ မည်သို့သော တိရိစ္ဆာန်တို့၏ မိခင်ဟူ၍ ခွဲခြားခြင်းမရှိသော မေတ္တာမျိုး ဖြင့် မိခင်တိုင်း အမေတိုင်းက ချစ်မြတ်ကြသည်မှာ အမှန်ပင်ဖြစ်ပေသည်။ မိခင်တို့ ဘ၀သည်လည်း လွယ်ကူ သော ဘ၀မဟုတ်ချေ။

မိခင်တယောက်ဖြစ်ဖို့ရန် အကြောင်းတရားများစွာနှင့် အကျိုးတရားများစွာတို့ ရှိကြသည် မှာလည်း အမှန်ပင်ဖြစ်သည်။ မိခင်လောင်းတယောက်၏ ဘ၀ခရီးလမ်းသည် လွန်စွာခက်ခဲ ကြမ်းတမ်းလှသည်။ မိခင်လောင်း၏ အရည်အချင်းနဲ့လည်း ပြည့်စုံရန် လိုအပ်ပါသည်။ အကယ်၍သာ မိခင်လောင်း၏ လက္ခဏာ မရှိ လျှင် မိခင်လောင်း ဖြစ်ဖို့ရန် ခက်ခဲလှသည်။

ထို့အပြင် မိခင်လောင်းတို့၏ အာဝေဏိက ဒုက္ခများလည်း ရှိကြသည်။ သားလား သ္မီးလား သို့လော သို့လော အတွေးများနဲ့ အသက်ကို ရင်းနှီးပြီး သားလားသ္မီးလား မသိရသော ကလေးလေးကို ကိုယ်ဝန် လွယ်ပြီး မိခင်တို့ မေတ္တာအပြည့်နဲ့ မွေးဖွားပေးရသလို တုန်ရီသံတွေ မခံစားနိုင်သော အာဝေဏိကတရားတွေကို သားလားသ္မီးလား မသိရသော ကလေးလေးအတွက် အရှက်တရား အကြောက်တရားတွေ ခဏတာ ဖိတ် စာထဲ သိမ်းထားပြီး မွေးဖွားခန်းထဲမှာ ခွန်အားတွေအပြည့်နဲ့ အမေဆိုသော မိခင်လောင်းက မွေးဖွားပေးခဲ့သည်။

ဘ၀ကိုအစချီပြီးပြောရရင် အမေဟူသော မိခင်လောင်းသည် လူလောကထဲ ရောက်လာကတည်းက မိခင် လောင်းတို့ တက်အပ်သော အတက်ပညာဟူသမျှကို တခုမကျန် သင်ကြားပြီး လူ့လောက မနုဿဘုံမှာ လှပ တင့်တယ်စေဖို့အတွက် ဟင်းချက်တက်အောင်လည်း သင်ရ၊ မသိသော မိခင်လောင်းတို့ အတက်ပညာလည်း သင်ရ၊ လူမှုရေး အသိုင်းဝိုင်းနဲ့နေသည့်အတွက်ကြောင့် ၀ိဇ္ဇာအတက်ပညာလည်းသင်ရ၊ မိမိပတ်ဝန်းကျင် ကောင်းအောင်လည်း နေထိုင်နည်း ပညာလည်းသင်ရ၊ အနာဂါတ် နေရောင်ခြည်နဲ့အတူ အရွယ်ရောက်လာ သော မိခင်လောင်းသည် ဖခင်ဖြစ်လာမည်သူကို ရွေးချယ်ရသလို ဘ၀ခရီးသွားဖော် သင့်လျှော် မသင့်လျှော် ဆိုတာ အချိန်တိုင်း အကြိမ်ကြိမ် ခေါင်းပူအောင် စဉ်းစားရင်း မျက်စိစုံမှိတ်ကာ အနာဂါတ်ကောင်းပါစေဆိုသော ဆုတောင်းခြင်းဖြင့် တအိုး တစ်အိမ်ထောင် တည်ထောင်ကာ မင်္ဂလာဆောင် အခမ်းနားလည်း တက်ခဲ့ရသည်။

သံသရာခရီး သွားနေသော လမ်းခုလပ်မှာ မိခင်လောင်းသည် အရည်ချင်းရှိသော သန့်ရှင်းသော ကိုယ် ၀န်ကို သားလားသ္မီးလား မသိသော ကလေးလေး မိခင်လောင်းက ကိုယ်ဝန် ဆောင်လာရသည်။ ကိုယ်ဝန် ဆောင်ခြင်း မသိသေးသော မိခင်လောင်း လက္ခဏာကား ထိုမိခင်ထံ အချက်ပြလာသည်။

ထိုအရာကို သိလာသော မိခင်လောင်းသည် အငိုမျက်ရည်နဲ့ အပြုံးတချက်တို့က ဘ၀ဂ်ကို တိုင်အောင် ကြုံဝါးသံ မချိအောင် လောကကြီးမှာ ငါဟာ မိခင် အစစ်ဖြစ်ပြီးဟူသော ပီတိ သောမနဿတို့ ရင်အုံကို လက်ညိုးထိုးကာ ပျော်နေ မိတာ အနာဂါတ်ဖြစ်လာမည့် သားသ္မီးတွေ မည်သို့ သိနိုင်မည်နည်း။

အသေးစိတ်အားဖြင့် မိခင်လောင်းနှင့် မိခင်တို့သာ သိနိုင်မည် အရာပင်ဖြစ်သည်။ သန္ဓေလွယ်စ မိခင်လောင်းသည်လည်း မိမိကိုယ်တိုင် ၀မ်းနဲ့လွယ်ထားသော သန္ဓေသားကို အပူ အစပ် အခါး မမှားရအောင် ရှောင်သင့်သော အစားအသောက် ရှောင်ကြဉ်၍ စားသင့်သော အစားအသောက်ကို ကိုယ်နဲ့ သင့်တော်သလို စားသောက်ရပြန်သည်။

တခါတရံ ဆရာဝန် ပြရန်လည်း လုပ်ရပြန်သည်။ တခါတရံ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ရပြန်သည်။ တခါတရံ နေထိုင် ဖို့ရန် ဆင်ခြင်ကာ နေထိုင်ရ စသည် မြောက်များလှစွာသော တာဝန်ဝတ္တရားများကို လူ့လောကထဲ မရောက်လာ သေးသော သားသမီးများ  မည်သို့ သိနိုင်မည်နည်း။ သို့သော် အမေဆိုသော မိခင်လောင်းသည် မိခင်နိုင်ငံမှာ သားသမီးအတွက် ကာကွယ်စောင့်ရှောက်မှုအပြည့်နဲ့ စောင့်ရှောက်ပေးခဲ့သည်။ များမကြာမီ မိခင်လောင်း၏ ကာလစေ့လို့ မွေးဖွားချိန်ရောက်သောအခါ မိခင်လောင်း၏ ခင်ပွန်းက လက်သည် သို့မဟုတ် ဆရာဝန်ပင့်၍ မွေးခန်းထဲမှာ မွေးဖွားဖို့ အတွက် ပြင်ဆင်ရသည်။

ထိုအချိန်မှာ မိခင်လောင်းသည် ဗိုက်နာစသည် ဝေဒနာကို အသက်ထွက်မတက် ခံစားနေရသည်။ ဆရာဝန်ရောက်လို့ မကြာမီ မိခင်လောင်း၏ ခန္ဓာကိုယ်ပေါ်တွင် ချွေးတွေ ရေချိုးသကဲ့သို့ သားဇော သ္မီးဇော ချွေးများနဲ့အသက်လုကာ မွေးဖွားနေရသည်။

မွေးဖွားလာပြန်သောအခါမှာလည်း အသက် ထွက်မတက် ခံစား ရင်း မိခင်လောင်းသည် မြောနေသလို ဖြစ်နေပါလည်း မိမိမွေးဖွားပေးလိုက်သော ကလေးကို သားလား သ္မီးလား ဆိုတာ သိချင်ဇောဖြင့် အသက်ကို ပဓာနမထား နှုတ်မှ တတွက်တွက် မေးနေမိပြန်သည်။ ထိုအချိန်မှာ မိခင် သိလာသော သားသ္မီးကိုကြည့်ချင်လွန်းလို့ ပြသရန် တောင်းဆိုလာပြန်သည်။

မိခင်သည် မိမိရင်မှ လွယ်မွေးရသော သားသ္မီးကို ချစ်လွန်းလို့ ဖြစ်လာသော အတိုင်းအတာမရှိသော မေတ္တာ မှဆင်းသက်လာသော မိခင်နို့ရည်သည် သူမ၏ ရင်သားခေါင်လေးမှ ထွက်ကျလာပါသည်။ မိခင်ရင်သားခေါင်းလေးသည် ပကတိအားဖြင့် သွေးသားနဲ့ တည်ဆောက်ထားသော အရာပင်ဖြစ်သည်။ ထိုအရာကို မည်သူမှ ငြင်း ဆိုခြင်း မရှိသော်လည်း သွေးသားတွေကြားမှ မိခင်မေတ္တာကြောင့် နို့ရည်များဖြစ်ကာ သားသ္မီးတွေကို တိုက်ကျွေးခဲ့သည်။

သားသ္မီးတွေ အရွယ်ရောက်လာပြန်သည့်အခါ ပညာတက်ဖို့ရန်၊ သူတို့ ပတ်ဝန်းကျင် လှဖို့ရန်၊ လူမှုရေး ကောင်းဖို့ရန်၊ အတွေးခေါ် ကောင်းဖို့ရန်၊ အ၀တ်အစား ဆင်တက်ဖို့ရန်၊ အစားအသောက် စားတက် သောက်တက်ရန်၊ သူတော်ကောင်း ဖြစ်ဖို့ရန်၊ အိမ်ထောင်ဖက် ရွေးချယ်တက်ဖို့ရန် စသည်တို့ကို အမေက အကုန်ညွန်ကြားပေးခဲ့သည့် အတွက်ကြောင့် မိမိတို့ဘ၀မှာ  အဆင့် မမြင့်သော်လည်း အလယ်အလတ်တန်းသို့ ရောက်အောင် ပို့ဆောင်ခဲ့တာသည် မိခင်တို့ ကျေးဇူးပင်ဖြစ်သည်။

ယခုကဲသို့ အမေနေ့ ရောက်လာသည့်အခါမှာလည်း ကျွန်တော်တို့ သားသ္မီးတွေ အမေကို အတိုင်း အတာ မရှိသော ကျေးဇူးတို့ဖြင့် ပြန်လည် ကျေးဇူးဆပ်ရန် ကျွန်တော်နှင့် သားသမီး ဟုဆိုအပ်သော လူသားတိုင်း ပြုလုပ်ရမည်ဖြစ်သည်။

ထို့အပြင် ကျွန်တော်ဆိုလိုချင်တာသည် အမေနေ့မှ အမေကို ကျေးဇူးဆပ်ရန် မဟုတ်သေးဘူး နေ့စဉ် အမေရှိနေသမျှ ကာလပတ်လုံး အမေနေ့ပင်ဖြစ် သည်ဟု ဆိုလိုချင်ပါသည်။ အမေ မရှိသောအခါကြမှ အမေနေ့လို့ပြောနေရင်း ကျွန်တော်တို့ သားသမီးဘ၀ ဘာမျှထူးလာမည်မဟုတ်ပါ။

အမေရှိ နေတုန်း အမေနေ့သည် ကျွန်တော်အတွက်အကောင်းဆုံး အချိန်ပင်ဖြစ်သည်။ အများသတ်မှတ်ကြသော အမေ နေ့သည်လည်း အမေနေ့ဖြစ်သလို အမေရှိသမျှ ကာလပတ်လုံးလည်း အမေနေ့ပင်ဖြစ်ပေသည်။ အမေရှိနေ တုန်းမှာ အမေ၏ကျေးဇူးတရားတွေကို ကျွန်တော်တို့ ကျေးဇူးဆပ်ကြစို့ဟု ကျွန်တော် နှလုံးသားထဲက ရင်တွင်းဖြစ်ကို တောင်းဆိုရင်း အမေနေ့ကို ဂုဏ်ပြုလိုက်ပါသည်။

" အမေ့ကျေးဇူး သိစေချင်"

ကမ္ဘာသင်္ချေ၊ မိုင်ကုဋေတို့၊ ဝေးကွာမြေခြား၊ ရောက်နေပါလည်း၊ အမေ့ကျေးဇူး၊ မမေ့သက်သေ၊ မင်း..ရှိစေသော်၊

ရေမြေသမုဒ်၊ မိုင်ကုဋေထုတ်၍၊ ဝေးမြေရေခြား၊ ရောက်နေပါလည်း၊ အမေ့ကျေးဇူး၊ မမေ့သက်သေ၊ မင်း...တည်စေသော်၊

တောတောင်ကာဆီး၊ ပင်လယ်ကြီးနဲ့၊ သမုဒ်ရေပြင်၊ ကာဆီးနေလည်း၊ ရောက်ရာအရပ်၊ ရောက်ရာဒေသ၊ ထိုဌာနမှာ၊ အမေ့ကျေးဇူး၊ မမေ့သက်သေ၊ မင်း..ရှိစေသော်၊

ထိုထိုကျေးဇူး၊ မြတ်ကောင်းမှုကို၊ ပြုလုပ်မူ၍၊ ကောင်းကျိုးချမ်းသာ၊ ရကြောင်းမှန်သည်၊ ခပ်သိမ်းလူများ၊ သိစေသော်၊

ထိုမှတဖန်၊ ပစ္စုပ္ပန်ဝယ်၊ အမေ့ကျေးဇူး၊ အထူးသိမြင်၊ သားလုလင်ကား၊ လူတွင်ထင်ရှား၊ သူမြတ်များဟု၊ အမေသမုတ်၊ ဘွဲ့ထူးထုတ်၏။


တက္ကသိုလ်မြတ်မင်း 
www.venpunnavamsa2.com

1 comment:

  1. အမေနဲ့ပတ်သက်တဲ့အကြောင်း ပို့စ်ကောင်းလေးကို
    ကြည်နူးစွာနဲ့ လာဖတ်သွားပါတယ်ဘုရား...
    အရှင်ဘုရား ကျန်ဂန်သာလို့ မာပါစေရှင်...:)
    မိုးနတ်

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...