MYMC ပရိတ်သတ်ကြီးများအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်။ ကျွန်မတို့ Knowledge101 အစီအစဉ်လေး ပြုလုပ်ပေးဖို့ အချိန်ကျ ရောက်လာပြန်ပါပြီ။ ဒီတစ်ပတ်အတွက် တင်ဆက်ပေးဖို့ ရွေးထားတဲ့ သူကတော့ ဗိုလ်ချုပ်အောင်ဆန်း ပဲဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ ၁၃ ဆိုရင် နိုင်ငံရဲ့အထိပ်အမြတ် ခေါင်းဆောင်တစ်ယောက်၊ သေတဲ့အထိ နိုင်ငံ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တည်တည်တံ့တံ့ ရပ်တည်ပေးခဲ့ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးသွားတဲ့ ကျွန်ုပ်တို့နိုင်ငံရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကျရောက်လာတော့မှာ ဖြစ်ပါတယ်။ ကျွန်မတို့လို လူငယ်တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နိုင်ငံအတွက် စွမ်းစွမ်းတမံ အကျိုးဆောင်ပေးခဲ့တဲ့ ကမ္ဘာ့သမိုင်းဝင် လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တယ် ထင်တဲ့အတွက် ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေးတစ်စုံတစ်ရာ မပါဝင်ဘဲ အမှတ်တရ ဂုဏ်ပြုတဲ့အနေနဲ့သာ ကျွန်မတို့ MYMC ကနေ ဗိုလ်ချုပ်ရဲ့ သမိုင်းနဲ့ သူရဲ့ရဲရင့်စွာ လုပ်ဆောင်ခဲ့ပုံများကို ဂုဏ်ယူစွာ တင်ပြပေးမှာဖြစ်ပါတယ်။။ အမှားတစ်စုံတစ်ရာ ရှိခဲ့တယ်ဆိုရင်လည်း နားလည်ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကဲ.. ဒါဆို ဗိုလ်ချုပ်ရဲ့ ငယ်ဘ၀အကြောင်းကနေ စလိုက်ရအောင်နော်။
အောင်ဆန်းဇာနည် ဖေဖေါ်ဝါရီ ဆယ်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင် သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင် ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။
မွေးဖွားရာအချိန်နှင့် ဇာတိ
မြန်မာနိုင်ငံကိုချစ်တဲ့ မျိုးချစ်သူရဲကောင်း၊ တော်လှန်ရေး တွေမှာ အဆက်မပြတ်ပါဝင်ခဲ့တဲ့
နိုင်ငံရေးကောင်း သမား တစ်ဦး ဖြစ်တယ် ဗိုလ်ချုပ်
မည်နာမနှင့် မွေးချင်းမောင်နှမ
ဇာတာအရ မှည့်ထားတဲ့ နာမည်ကတော့ မောင်ထိန်လင်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ ထိန်လင်းလို့ ခေါ်လေ့ခေါ်ထမရှိဘဲ သူ့အကို ကိုအောင်သန်းရဲ့ နာမည်နဲ့ လိုက်အောင် မှည့်ထားတဲ့ မောင်အောင်ဆန်း လို့သာ ခေါ်ကြတော့တယ်။ နောက်ပိုင်း ဒို့ဗမာ အစည်းအရုံးကို ၀င်ရောက်တဲ့အခါ သခင်အောင်ဆန်း ဖြစ်လာခဲ့တယ်။ သခင် အောင်ဆန်းရဲ့ ဂျပန်အမည်ကတော့ အိုမိုဒါမွန်ဂျီ ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံ ဗန်ကောက် ရဲဘော် သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာကနေ ဗိုလ်တေဇဖြစ်လာခဲ့တယ်။ နောက်ဆုံးကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်တဲ့ နေရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ သူအပါအ၀င် မွေးချင်းမောင်နှမ ၈ ယောက်ရှိပါတယ်။ သူတို့တွေကတော့ 1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန် 2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန် 3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ) 4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်) 5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်) 6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်) 7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန် 8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။

ငယ်ဘ၀အကျဉ်းချုပ်
ဗိုလ်ချုပ်မွေးဖွားတုန်းက သိပ်မထူးဆန်းပေမယ့် ထိုင်နိုင်ထနိုင်တဲ့ ကလေးဘ၀ကစပြီး ထူးခြားခဲ့တယ်လို့ သိရပါတယ်။ တော်တော်လည်း ဂွကျသူဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ငယ်ငယ်တုန်းက တော်တော်နဲ့ စကား မပြောတာကြောင့် လူကြီးမိဘများက ဆွံ့အ နေသလားဆိုပြီး စိုးရိမ် ကြောင့်ကြခဲ့ရပါတယ်။ ဗိုလ်ချုပ်က ငယ်ငယ် တုန်းက ချူချာတဲ့အပြင် အစားလည်းကြူးပြီး အမဲသား ငါးကို အလွန်ကြိုက်ပါတယ်။ ငယ်ငယ်တုန်းက မိခင်နဲ့ ဈေးဝယ်လိုက်သွားရင်း အမဲသားစိမ်းမြင်တာနဲ့ အတင်းလုစားမယ်လုပ်တယ်လို့ သူရဲ့မိခင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ယဉ်ကျေးတဲ့သူတွေကို အမြင်မကြည်ဖြစ်ပြီး အဲ့လိုလူတွေကြားထဲမှာ သိပ်လည်းနေသားမကျခဲ့ပါဘူး။ ဗိုလ်ချုပ်နေချင်တဲ့ပုံစံက လူရိုင်းပြီး ကြမ်းတမ်းခက်ထန်ပေမယ့် တည်ကြည်ပြီး လွတ်လပ်သန်စွမ်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဗိုလ်ချုပ်ငယ်ငယ်တုန်းက အတီးအမှုတ်၊ အကအခုန် အတော် ၀ါသနာပါခဲ့တယ်။ အထူးသဖြင့် ဆိုင်းတီး တာကို အတော်ဝါသနာ ပါတယ်လို့ ပြောကြပါတယ်။ စားပွဲဖြစ်ဖြစ်၊ ခေါက်စရာတွေ့ရင် လက်ကွဲတဲ့အထိ အမြဲတမ်း ခေါက်နေလေ့ ရှိပါတယ်။ များသော အားဖြင့် ဣနြေ္ဒကြီးပြီး ချောင်တချောင် မှာကပ်ပြီး မှိုင်ကာ စဉ်းစားနေလေ့ရှိပြီး ကစားခုန်စား သိပ်လုပ်လေ့လုပ်ထ မရှိပေမယ့် ကစားတဲ့အခါ ကြမ်းတမ်းပြီး ကြမ်းတမ်းတဲ့ ကစားနည်းကိုမှ နှစ်သက်တတ်ပါတယ်။ မျက်နှာလို မျက်နှာရနဲ့ အထက်လူကြီးတွေကို တိုင်တောခြင်းကို ငယ်ငယ်ကတည်းက အထူးစက်ဆုပ် ရွံ့မုန်းခဲ့သူဖြစ်တယ်။
ကျောင်းသားဘဝ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘနှစ်ပါးလုံးမှာ ဥာဏ်ရည်ထက်မြတ်သောသူတွေ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်ရဲ့ဖခင်က ရှေ့နေစာမေးပွဲမှာ ဗမာပြည်တပြည်လုံး တတိယစွဲခဲ့ပါတယ်။ အကိုများ၊ ၀မ်းကွဲညီအစ်ကိုများ နဲ့ ဦးလေးတွေကလည်း သူတို့ရဲ့ ကျောင်းစာမေးပွဲမှာ ထိပ်တန်းကျကျ အောင်မြင်ခဲ့ကြသူချည်းပါပဲ။ ဗိုလ်ချုပ်ရဲ့မိဘ များကလည်း ပညာရေးကို အထူးလိုလားကြတဲ့အတွက် ဗိုလ်ချုပ်ရဲ့ အစ်ကိုတွေကိုငါးနှစ်သား အရွယ်ကစပြီး ကျောင်းထားခဲ့ကြသည်။ ဗိုလ်ချုပ်ကတော့
အငယ်ဆုံးဖြစ်ပြီး အလိုလိုက် ထားတာကြောင့် အသက် ၈နှစ်ရောက်မှ ကျောင်းစနေ ဖြစ်ခဲ့ပါတယ်။။ ဒါတောင် အစ်ကိုက ရှင်ပြုတာအားကျပြီး ရှင်ပြုချင်လို့ ကျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။။ ကျောင်းတက်တော့လည်း အတန်းကျောင်း တက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်တည်းနဲ့ ၁၀တန်း အောင်မြင် ခဲ့ပါတယ်။။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲမှာ ဗမာတစ်နိုင်ငံလုံး န၀မစွဲခဲ့ပြီး အထက်တန်း စကေားလားရှစ် ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းများမှာလည်း ပထမစွဲခဲ့ပြီး ဦးရွှေခိုဆုကို ရရှိခဲ့ပါတယ်။ အထက်တန်းပညာရေးကို နတ်မောက်နဲ့ ရေနံချောင်းတို့မှာ သင်ယူပြီးနောက် ရန်ကုန် တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံတို့ကိုလည်း သင်ယူခဲ့ပါသေးတယ်။။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့လာနိုင်တဲ့အတွက် (ဘီ-အေ) အတန်းအထိ အောင်ယုံသာအောင်ခဲ့ပြီး (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရပါသေးတယ်။ အဲ့ဒီနောက် (ဘီ-အယ်လ်) အတန်းကိုတက်တဲ့ အချိန်မှာတော့ အတန်းလည်းမှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ သူစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားခဲ့တာကြောင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲကို ကျရှုံးခဲ့ပါတယ်။ အဲ့ဒါက ဗိုလ်ချုပ်ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေရာဇ၀င် ပထမမေးခွန်းမှာတော့ ဗိုလ်ချုပ်က ပထမရခဲ့ပါတယ်။ ဒုတိယ (ဘီ-အယ်လ်) နှစ်မှာတော့ နှစ်စေ့အောင် ကျောင်းမနေတော့ပါ။ အကြောင်းအရင်းကတော့ ဥရောပတိုက်မှာ မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မလို ဖြစ်နေတဲ့ခြေအနေနဲ့ ဗမာပြည်မှာလည်း အထိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် နှစ်ဝက်မှာကျောင်းထွက်ပြီး သခင်ဘ၀သို့ ကူးပြောင်းခဲ့ပါတော့တယ်။


နိုင်ငံအတွက်လှုပ်ရှားခဲ့မှုများ


ဗိုလ်ချုပ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အဲ့ဒီအဖွဲ့ကထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလမှာ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦးကို ရည်ညွှန်းထားတဲ့ ဆောင်းပါးဖြစ်တဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့ ဆောင်းပါးကို အမည်မဖော်ပြခဲ့တဲ့အတွက် ကိုနု (သခင်နု)နှင့် အတူတကွ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် သမိုင်းမှာ ကျောင်းသားသပိတ်ဆိုပြီး ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောင်းကထုတ်တဲ့ အမိန့်ကို ပြန်လည်ရုတ်သိမ်း ခဲ့ရတယ်။ ၁၉၃၈ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားသပိတ် မန္တလေးကို ကူးစက်ပြီး နောက်ပိုင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံးမှာ ဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသေးတယ်။ အဲ့ဒီနှစ်မှာပဲ အစိုးရက သူ့ကို ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားရေးသို့ ကူးပြောင်းခဲ့ပြီး ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ ဒို့ဗမာအစည်းအရုံး ၀င်တစ်ဦး ဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် ၁၃၀၀ ပြည့် အရေးတော်ပုံလို့ လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့ပါတယ်။
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊
နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်က အဲဒီမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းမှာ အဲဒီအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လမှာတော့ အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် အစိုးရက ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးမှာတော့ နိုင်ငံရပ်ခြားကို ပြေးခဲ့ရပါတယ်။ စစချင်းမှာ ဗိုလ်ချုပ်ကတရုတ်ပြည်သို့သွားပြီး ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့ကိုအမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့ပါတယ်။