မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုမှုဖြင့် ပြီးခဲ့တဲ့ လပိုင်းအတွင်း ပြည်တွင်းရပုဂ္ဂလိက ဘဏ်(၁၁)ခုကို နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်များ ချထားပေးခဲ့ပါတယ်။အဆိုပါ ဘဏ်တွေဟာ ဗဟိုဘဏ်မှ ယခုလို ခွင့်ပြုပေးလိုက်တဲ့အတွက် ငွေလွှဲပြောင်းမှုလုပ်ငန်းတွေနဲ့ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်ကိုတော့ နိုင်ငံတကာငွေကြေးလွှဲပြောင်းမှု အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Swift Network သို့ ၀င်ရောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုနဲ့ ပုဂ္ဂလိကဘဏ်(၁၁)ခုဟာ Swift Network သို့ ၀င်ရောက်ရန် စီစဉ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်းမှာတော့ အဆိုပါဘဏ်တွေထဲမှ ဘဏ်အချို့ကို Swift Network မှ အဖွဲ့ဝင်အဖြစ်စတင်လက်ခံသွားဖို့ရှိတယ်လို့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ Swift Network မှ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့ ဘဏ်တွေကို ယခုလပထမပတ်အတွင်းက လိုအပ်တဲ့စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဘဏ်တွေ ထဲမှ ဘဏ်(၅)ခုခန့်ကိုတော့ ယခုရက်ပိုင်အတွင်းမှာ အဖွဲ့ဝင်အဖြစ် စတင်လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Swift Network ဟာ နိုင်ငံတကာငွေကြေးလွှဲပြောင်းရာမှာ လုံခြုံစိတ်ချရတဲ့ Network တစ်ခုဖြစ်တဲ့အတွက် ပြည်ပဘဏ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ခွင့်ရရှိတဲ့ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တွေဟာ အဆိုပါ Network သို့ မဖြစ်မနေ၀င်ရောက်ရမှာဖြစ်တယ်လို့ သိရပါ တယ်။ Network သို့ ၀င်ရောက်ပြီးပါက ပြည်တွင်းရှိဘဏ်တွေဟာ ပြည်ပနိုင်ငံတွေမှာ မိတ်ဖက်ဘဏ်များကို ရှာဖွေပြီး ငွေကြေးလွှဲပြောင်းမှုဆိုင်ရာများကို နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
http://www.mrtv4.com.mm/news/local/others/detail/item:3543
No comments:
Post a Comment