-------------------------- -------------------------
မြန်မာအိမ်ဖော်တွေ အဓိက အနှိမ်ခံရတဲ့ အချက်တွေက ဘာသာစကား အားနည်းမှု၊ မိမိ အလုပ်ရှင်ကို ရိုသေလေးစား အားနာမှု၊ သည်းခံတတ်မှုတွေကြောင့် အလုပ်ရှင် အိမ်ရှင်တွေက အတင့်ရဲစွာနဲ့ အနိုင်ကျင့် နှိမ်ချရဲတာပါ။ အိမ်ဖော်ချင်း အတူတူ ဖိလစ်ပိုင်နဲ့ မြန်မာ ရတဲ့ အခွင့်အရေး ကွာခြားတာကို ကျမ ရှင်းပြပါ့မယ်။
ဖိလစ်ပိုင်က လာတဲ့ အိမ်ဖော်တွေက သူများနိုင်ငံမှာ အိမ်ဖော် သွားလုပ်တော့မယ်ဆိုရင် မသွားခင်မှာ အရင်ဆုံး သင်တန်းတက်ရတယ်။ ကိုယ်လုပ်မယ့် လူမျိုးတွေရဲ့ စရိုက်၊ နေထိုင်မှု၊ သန့်ရှင်းရေး၊ စားပုံသောက်ပုံ၊ ချက်ပြုတ်တာတွေကအစ သင်ခဲ့ကြတယ်။ မြန်မာပြည်က လာတဲ့ အိမ်ဖော်မိန်းကလေးတွေက အများအားဖြင့် နယ်က ကလေးတွေဖြစ်ကြတယ်။ ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရှိသမျှလေး ပေါင်နှံပြီး Agent တွေကို မတန်တစ ပေးပြီး ရောက်လာခဲ့ကြတယ်။ တချို့ဆိုရင် သူတို့ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ စင်္ကာပူမှာ အလုပ်ရမယ်ဆိုလို့ လိုက်လာတာမျိုးတွေ တပုံကြီးပါ။ လေဆိပ်ရောက်တော့မှ Agent က သူတို့ လက်ထဲကို In-Principle Approvals (IPA Letter) ထည့်ပေးလိုက်မှ သူတို့ရဲ့ အလုပ်အကိုင်နေရာကို မြင်မှ သိလိုက်ရတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအချိန်မှာ နောက်ဆုတ်လို့လည်း မရတော့ဘူး။ ဒီတော့ မျက်စိမှိတ်ပြီး ရောက်ခဲ့ကြရပြန်ရော။ တချို့ဆိုရင် အဲ့ဒီ In-Principle Approvals (IPA Letter) ကိုတောင် နားမလည်ပါဘူး။ ဘာမှန်းညာမှန်း မသိပဲ အလုပ်ရချင်တဲ့ စိတ်လေး တခုတည်းနဲ့ ရောက်ခဲ့ကြတာ။
ဒီတော့ ဘယ်မှာလည်း သင်တန်းတွေ၊ ဘာသာစကား လေ့လာမှုတွေ၊ လုပ်ငန်းတဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ... တကယ့်ကို ဘာမှ မရှိပဲ ရောက်လာကြရတာပါ။ ဒီတော့ သူများနဲ့ ယှဉ်ပြီးလည်း ရွေးရော မြန်မာလူမျိုးက ဘာမှ မတတ်ဘူးဆိုပြီး Agent ကစလို့ လစာကို နှိမ်ပြီး သတ်မှတ်တော့တာပဲ။ အလုပ်ရှင်တွေဆီ ပို့ပြန်တော့လည်း တခြားနိုင်ငံသားတွေကို စကာင်္ပူ လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသား (အနောက်နိုင်ငံသား) အိမ်တွေကို ပို့တာများတယ်။ မြန်မာတွေက ဘာသာစကား အားနည်းလို့ ဆိုပြီး စလုံးတရုတ် အိမ်တွေကို ပို့တယ်။ တခြားနိုင်ငံသားတွေ တလကို စကာင်္ပူဒေါ်လာ (၆၀၀) ရတဲ့ အချိန်မှာ မြန်မာလူမျိုးကို တလ စကာင်္ပူဒေါ်လာ (၃၅၀) ပဲပေးတယ်။ အလုပ်နားရက် ပေးပြန်တော့လည်း တခြားလူမျိုးတွေက တပတ်ကို (၁)ရက် ခံစားခွင့်ရတယ်။ မြန်မာလူမျိုးကို တလမှ (၁) ရက်ပဲ ခံစားခွင့် ပေးတယ်။ ဟန်းဖုန်းသုံးလို့ မရတဲ့ အိမ်ရှင်တောင် ရှိပါတယ်။ ကိုယ်ပိုင်အပြင် ထွက်လို့ရတဲ့ နေမှာပဲ ဆက်သွယ်လို့ရပါတယ်။
အခုပြောပြတာတွေက ကျမတို့သိထားတဲ့ အပြင်ပန်း ခွဲခြားဆက်ဆံမှုပဲ ရှိပါသေးတယ်။ တကယ် အလုပ် လုပ်ရတဲ့ ကာယကံရှင် အိမ်ဖော်တွေက သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘ၀မှာ ကျမတို့ မသိနိုင် မမြင်နိုင်တဲ့ နာကျင်မှုတွေ၊ ခံစားမှုတွေ ရှိနေနိုင်ပါတယ်။ တချို့ဆိုရင် အိမ်ရှင်က ကိုယ်ထိလက်ရောက် နာကျဉ်အောင် ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။ အဲ့လို ဖြစ်လို့ Agent ကို အကြောင်းကြားရင် Agent က အလုပ်ရှင်ဘက်ကနေပဲ ရပ်တည်ပါတယ်။ ကိုယ့်တိုင်းပြည်မှာ တခါမှ ဘာအလုပ်မှ မလုပ်ခဲ့ဘူးပဲနဲ့ စင်္ကာပူရောက်မှ အခုလို အိမ်ဖော်ဘ၀ လုပ်ရတဲ့ သူတွေလည်း အများကြီး ဆုံခဲ့ဖူးပါတယ်။ ကျမတို့က ဗုဒ္ဓဘာသာ မြန်မာ လူမျိုးပီပီ တခုဆိုလျှင် ကံ ကံ၏ အကျိုးဆိုပြီး သည်းခံ ခွင့်လွှတ်တတ်ကြတဲ့ လူမျိုးတွေပါ။ တချို့တွေ ဒီလို ဒုက္ခတွေကို မခံနိုင်တော့လို့ ရခဲ့လှတဲ့ လူ့ဘ၀ကိုတောင် စွန့်ခွာတဲ့ အထိဖြစ်ကြပါတယ်။
ကျမ အနေနဲ့ ဘယ်နေရာမှာ မြန်မာလူမျိုးတွေ့တွေ့ နှုတ်ဆက်တယ် အဆင်ပြေလား ဆိုတဲ့ စကားကို မေးမိတယ်။ ကိုယ်ချင်းစာတယ်၊ မြန်မာလူမျိုး အချင်းချင်း၊ အမျိုးကောင်း သမီးတွေကို တန်ဖိုးထားစေချင်တယ်။ လူတိုင်လူတိုင်း ပြည့်စုံတဲ့ ဘ၀နဲ့သာ ရှင်သန်ချင်ကြပါတယ်။ အကြောင်းမလှလို့ ဒီလို ဘ၀မျိုး ရောက်တဲ့သူတွေကို ညှာတာပါ၊ သနားပါ၊ စာနာပါ။ ကိုယ်ချင်းစာတရားနဲ့ ကူညီပေးကြပါ။ မြန်မာနိုင်ငံမှ နိုင်ငံခြားတွင် အိမ်ဖော်အလုပ်ဖြင့် သွားရောက်လုပ်ကိုင်လိုသော မြန်မာမိန်းကလေးများ သတိပြုနိုင်ပါစေ။ စကာင်္ပူနိုင်ငံလို ဥပဒေ ပြင်းထန်သော နိုင်ငံတွင် ဒီလောက် ဖြစ်သည် ဆိုလျှင် အခြားသော တိုင်းပြည်များတွင် ဒီထက်သာ ဆိုးပါလိမ့်မည်။
အခုလို အိမ်ဖော်တွေ အနေနဲ့လည်း လစာ တလကို ဒေါ်လာ (၂၀၀) ပဲ ရရ (၃၀၀) ပဲရရ Work Permit ကိုင်ဆောင်ထားတဲ့ အတွက် မြန်မာသံရုံးကို ၀င်ငွေခွန် တလ ဒေါ်လာ (၄၀) နှုန်းနဲ့ ဆောင်ရပါတယ်။ မြန်မာသံရုံးအနေဖြင့် အခွန်ကိုသာ ပုံမှန်တောင်းခံပြီး ကိုယ့်နိုင်ငံသား အပေါ်တွင် မည်သည့်အကူအညီ၊ ကာကွယ်ခြင်းမျိုး မပေးနိုင်ပါ။ တွေးလို့သာ ကြည့်ကြပါတော့။
မြန်မာသံရုံးကို ထမ်းဆောင်ရတဲ့ အခွန်နှုန်းထားတွေဟာ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရပါတယ်။
(၁) Work Permit - $40/ month
(၂) S-Pass - $80/month
(၃) E-Pass/ PR - $120/month
(၄) Passport စာအုပ် သက်တမ်းတိုးခြင်း - $150
အလျဉ်းသင့်သလို စကာင်္ပူနိုင်ငံက မြန်မာသံရုံးရဲ့ ညစ်ပတ်မှုတွေ ကိုလည်း ရေးသားပါဦးမယ်။ ဒီဆောင်းပါးလေးကို လွတ်လပ်စွာ ရှယ်နိုင် ကူးယူနိုင်ပါတယ်။
ခင်ကလျာစိုး
ဧပြီ ၂၄ ၂၀၁၂
http://www.facebook.com/photo.php?fbid=394266147272762&set=a.165919303440782.33053.100000681401353&type=1&ref=notif¬if_t=photo_comment_tagged&theater#!/photo.php?fbid=393872653980678&set=a.134824719885474.14912.100000738402701&type=1
No comments:
Post a Comment