ပိုင်ဆိုင်ခွင့်ရဖို့အတွက် အရောင်းဆိုင်ကို
မမျှော်လင့်ပဲ ရောက်ခဲ့...
မသွေးထားသော်လည်း အရောင်းဆိုင်က
ဝယ်လာတဲ့ ကိုယ်မြတ်နိုးတဲ့ ပစ္စည်းဟာ
ပါးပါးလေးနဲ့ ထိရှလွယ်တယ်...။
ကိုယ်သယ်ဆောင်လာတဲ့ လက်ထဲက ကိုယ်မြတ်နိုးတဲ့
ကိုယ်ပိုင်ပစ္စည်းဟာ လမ်းခုလပ် အတွေးအိမ်မှာ မေ့မျောလို့
နယ်ကျော်သွားတဲ့ မသိစိတ်ရဲ့ အခြားမဲ့မှာ
ကိုင်တွယ်မှု လွတ်သွားတာနဲ့ ခွဲရှလွယ်တယ်...။
ပူပြင်းတဲ့အချိန်မှာ အေးချမ်းမှုကို မတမ်းတပါနဲ့..
ကြုံဆုံနေတဲ့ လောကဓံရဲ့ ပူပြင်းမှုကို အဖော်ပြုလို့
သာယာမှုအပြည့်နဲ့ လောကကြီးကို
အသွင်တမျိုး အလှဆင်လိုက်တာ အကောင်းဆုံးပါ..။
အေးချမ်းတဲ့အချိန်မှာ နွေးထွေးမှုကို မမျှော်လင့်ပါနဲ့..
ကျော်လွန်သွားတဲ့ အတိတ်စာမျက်နှာဆိုတာ
မရွတ်တက်တဲ့ ကလေးတယောက်ရဲ့ အသိဥာဏ်လိုပဲ
မေ့ပျောက်တတ်တာ အမှန်ပဲ...
တွေ့ကြုံလာတဲ့ ဘဝရဲ့ မျက်မှောက်စာမျက်နှာပြင်ကို
အဖော်ပြုလို့ နွေးနွေးထွေးထွေးနဲ့ လောကကြီးကို
ကြိုဆိုလို့ အလှဆင်လိုက်တာ အကောင်းဆုံးပါ..။
အခြေမပေးလို့ ဝေးကွာမြေခြားသွားလည်း
မေ့မရ ဝေဒနာနဲ့ မတမ်းတပါနဲ့..
အဆွေးမျက်နှာသာမှာ အတွေးသာများသွားလိမ့်မယ်
ကုစားဖို့ နည်းလမ်းက မထူးခြားခဲ့ဘူး...
အတူနေတဲ့ အခိုက်အတန့် အကောင်းဆုံးရလာဒ်နဲ့
ပျော်ရွှင်မှုနေ့သစ်ကို ဖန်တီးပေးလိုက်တာ အကောင်းဆုံးပါ...။
နာကြည်းလွန်းလို့ မုန်းကြိုးတွေရစ်ပတ်
မနှစ်သက်တဲ့ အတိုင်းအတာ တစ်ခုဖြစ်ခဲ့လို့
လမ်းခွဲ ဝမ်းနည်းစကားနဲ့ အဆုံးသတ်ပြီးဆိုရင်
နောက်ပြန်အကြည့်နဲ့ မတမ်းတပါနဲ့ နောင်တမရပါနဲ့...
ကျန်ရစ်ခဲ့တဲ့ အတိတ်အရိပ်တွေက ပြောကြလိမ့်မယ်
တူတူမြတ်နိုးခဲ့တဲ့ နေ့ရက်တွေမှာ မေတ္တာတွေရစ်ပတ်လို့
နားလည်မှုအပြည့်နဲ့ ဘဝရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်လို့
သူ့ မေတ္တာ ကိုယ့် မေတ္တာ နှစ်ကိုယ်တူ မေတ္တာတွေနဲ့
လက်တွဲခရီးဆက်တာ အကောင်းဆုံးပါ...။
ရှေ့ဆက်ခရီးတွေက ပင်ပန်းမှုတွေ ဝေဆာနေပါရဲ့
ခလုတ်တိုက်မှုတွေက များပြားလွန်းပါရဲ့
ကိုယ့်လျှောက်လှမ်းသော လမ်းမထက်မှာ
ချိုင့်ဝှမ်းတွေနဲ့ ကာရံထားတော့
အနာဂတ်ဆိုတာ မသေခြာတဲ့
မရည်ရွယ်ထားတဲ့ မှတ်တိုင်တစ်ခုလို
ရောက်မိလို့သာ ရောက်ခဲ့ပါရဲ့
ကျေနပ်မှုဆိုတာ လူ့ဘဝမှာ မရှိခဲ့
ရောင်ရဲခြင်းရဲ့ ရမှတ်နဲ့ ကိုယ်ရည်ရွယ်သော ပန်းတိုင်ကို
ဆက်လက်ခရီးဆက်တာ အကောင်းဆုံးပါ...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment