လူ့ဖြစ်လာတဲ့ ဒီဇာတ်ခုံထဲ
ငါတို့ ဖြတ်သန်းနေတဲ့ ဇာတ်ဝင်ခန်းထဲက
ဘဝဆိုတာ လက်ခမောင်းခတ်မှ
ကြိုးဝိုင်းအတွင်း ရောက်တာမဟုတ်ပါဘူး
အလိုလိုနေရင်း တိုက်ခိုက်နေတဲ့
စစ်ပွဲကြီးတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်နေကြတာပါ
အနိုင်ယူတာ တခဏတာ ကောင်းပေမဲ့
တစ်ခါတရံ အရှုံးပေးလိုက်တာ
ကိုယ့်ဘဝရဲ့ ဆေးလိပ်တိုတို
နေညိုညို တောင်စွယ် မာန်ပြိုတဲ့
နောက်ဆုံးနေ့ရက်အထိ အကောင်းဆုံးပေါ့...။
ယုံကြည်မှုတွေ ချိပ်ပိတ်ခံရ
ရိုးသားမှုတွေ အကျဉ်းကျခံရ
လောကဓံဇာတ်ကွက်မလှတဲ့
တို့အတိတ်တွေက အိပ်ယာဝင်ခဲ့တာ ကြာခဲ့ပြီပေါ့..။
ဒီသံသရာမှာ မင်း..အသိုင်းဝိုင်းကို
ငါက အနိုင်မယူခဲ့တာ
မင်းနဲ့ ငါ... ဘဝနဲ့ ဆန္ဒလို
တစ်ထပ်တည်းကျမှာ မဟုတ်လို့ပေါ့..။
ဒါကြောင့်လည်း....ငါ....
ခဲတစ်လုံးကို လေထဲ အားအကုန်ရမ်းလို့
မာန်ဟုန်အစွမ်းနဲ့ မပစ်ချင်တော့ဘူး...
ပြန်မကျလာမှာ စိုးလို့ပေါ့..
နောက်ဆုံး အန္တိမာ ပန်းတိုင်မှာ ခရာပေးတဲ့
ဥသြသံကိုလည်း နားဆင်ဖို့ ဆန္ဒမရှိတော့ဘူး
ဒီခရီးကို မလိုက်နိုင်တော့တာ သေချာလို့ပေါ့...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment