Tuesday, May 8, 2012

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့များတွင် သမ္မတနှင့် ဒုသမ္မတ ဦးဆောင်မည်

       
 တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်း (ဓါတ်ပုံ မဇ္ဈိမ)

ချင်းမိုင်(မဇ္စျိမ) ဖနိဒါ | အင်္ဂါနေ့၊ မေလ ၀၈ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၂၇ မိနစ်


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ ဦးဆောင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းလိုက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။


သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွင် ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။


“စာထုတ်ပြန်ထားပြီးပြီ။ နှစ်ခုစလုံး မေလ ၃ ရက်နေ့မှာ ထုတ်ထားတယ်” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား အကျိုးဆောင်ပေးနေသူ ဦးဆန်အောင်က ပြောသည်။




ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အဖွဲ့ဝင် ၁၂ ဦးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထဲရေး ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သမ္မတရုံးမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းဇော် စသူတို့ ပါဝင်ကြောင်း သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတွင် ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များ၊ စစ်ဌာနချုပ် တိုင်းမှူးများ အပါအဝင် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

“တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုင်းမှူးတွေ ပါတယ်” ဟု ဦးဆန်အောင် က မဇ္ဈိမကို ပြောသည်။

သို့သော် ယခင် ငြိမ်းချမ်းရေးအဖွဲ့တွင် ပါဝင်ဦးဆောင်သော တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းမှာ အဖွဲ့သစ်တွင် မပါဝင်တော့ကြောင့် ဦးအောင်သောင်း ကိုယ်တိုင် ပြောဆိုခဲ့ပြီး ဖြစ်သည်။

ယခင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နှင့် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိထားသော်လည်း KIO နှင့်မူ သဘောတူညီမှု မရသေးပေ။

ဦးအောင်သောင်း ဦးဆောင်သည့် ၁၁ ဦးပါ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် က အဖွဲ့သစ်တွင်း မပါဝင်တော့ဘူးဟု ယူဆကြောင်း မဇ္စျိမကို ပြောသည်။

“သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ တော်တော်များများ ပါလာမယ်။ ဒီတခါ ကျနော် ပါမပါတော့ မသိဘူး။ ခုထိ အကြောင်းမကြားလာဘူးဆိုတော့ ပြောင်းလိုက်ပြီ ထင်တယ်”ဟု သူက ဆက်ပြောသည်။

ပန်ဝါမြို့နယ်ခွဲ ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန်ယိမ်းသည် ယခု ငြိမ်းချမ်းရေး အဖွဲ့သစ်တွင် ပါဝင်လာနိုင်မည်ဟု ယူဆကြောင်း သူက မဇ္စျိမကို ပြောသည်။

တနင်္လာနေ့တွင် ချင်းအမျိုးသားတပ်ဦး CNF မှ တွဲဘက် အထွေထွေအတွင်းရေးမှူးချုပ် ဆလိုင်းရွှေခါး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်သော အဖွဲ့တို့ ဟားခါးမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံပြီးနောက် အပစ်အခတ် ရပ်စဲရေးအပါအဝင် အချက် ၁၆ ချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။

နယ်မြေသတ်မှတ်ရေး၊ ဆက်ဆံရေးရုံးများ တည်ဆောက်အတည်ပြုခြင်း၊ နိုင်ငံခြားသား ခံယူထားသည့် ချင်းအမျိုးသားများ မြန်မာပြည်သို့  ပြန်လာရေး၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးလုပ်ကိုင်ခြင်းစသည့် အချက်များ အပါအဝင် အချက် ၁၆ ချက်ကို ဟားခါးမြို့ ပြည်နယ်ရိပ်သာတွင် နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက မဇ္စျိမကို ပြောသည်။

သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာလက စတင်၍ တဖွဲ့ချင်း သီးခြားစီ လိုက်လံ တွေ့ဆုံခဲ့ရာ CNF အဖွဲ့ အပြင် ဝ အဖွဲ့၊  KNU၊ SSA-N၊ SSA-S၊ MNSP၊ DKBA၊ KNPP တို့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူလက်မှတ်ရေးထားခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...