
လူတိုင်းရင်မှာ မင်္ဂလာ
နံနက်ခင်း အာရုဏ်ဦး အလင်းတတ်လာတဲ့ ရောင်နီဦး အညွန့်လေးကို ငေးကြည့်ရင်း တေးငှက်လေးများ တွန်းကျူးသံကို သာသာယာယာ ကြားရသဖြင့် လွန်စွာ ဝမ်းမြောက်ကောင်းလှပါတယ်။ နံနက်ခင်း၏ အလှတန်ဆာဟာလည်း အင်မတန် ကြည်နူးစရာကောင်းသလို ကျန်းမာခြင်းသည် လာဒ်တစ်ပါးဆိုသည့်အတိုင်း နံနက်စောစော ကျန်းမာရေး လေ့ကျင့်ခန်းနှင့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများကို လူငယ် လူကြီး မရွေး ပတ်ဝန်းကျင် လမ်းမထက်မှ ပြုလုပ်နေကြတာကို တွေ့ရှိရတာဟာလည်း နံနက်ခင်းရဲ့ မင်္ဂလာရှိသော အလှတရား တခုပင် ဖြစ်ပါတယ်။
မင်္ဂလာနှင့် ပတ်သက်ပြီးတော့ လူသားတိုင်း သိကြပါလိမ့်မည်။ သို့သော် မင်္ဂလာဆိုသည့် အကြောင်းလေးကို တနည်းအားဖြင့် တတ်နိုင်သမျှ အောက်ပါအတိုင်း တင်ပြချင်ပါတယ်။
မင်္ဂလာဆိုတာ ဘာလဲ?
မင်္ဂလာဆိုတာသည် မင်္ဂံပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလံ လို့ ပါဠိတော်မှာ ဆိုထားပါတယ်။
မင်္ဂံပါပံ၊ မကောင်းမှု အကုသိုလ် ဒုစရိုက်တရားတွေကို၊ လုနာတိ ဆိန္ဒတီတိ၊ မလာမကပ်အောင် တားဆီးပိတ်ပင်တတ် တားမြစ် ဖြတ်တောက်တတ်၏၊ ဣတိ တသ္မာ၊ ထို့ကြောင့်၊ မင်္ဂလံ၊ မင်္ဂလာမည်ပါပေ၏။