
ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ
နေ့လည်ခင်း ကိုယ် လိုချင်တဲ့ စာတွေကို ရှာဖွေပြီး သိမ်းဆည်းလိုက်ပါတယ်။ ပြီးတော့ အမြဲတမ်း ထိုင်နေကြ မကုဋာရာမ ကျောင်းတိုက်ကြီးရဲ့ ထောင့်နားက ကော်ဖီဆိုင်လေးမှာ ညနေခင်းရဲ့ ဆည်းဆာအလှကို ကြည့်နေရင်း အတွေးတခု ရရှိလိုက်ပါတယ်။ ဒါနဲ့ သောက်လက်စ ကော်ဖီလေးကို ဆက်သောက်ပြီး ထိုင်ရာမှာ ပြန်ထလာပါတယ်။ စာရေးသူလည်း လမ်းတလျှောက် အတွေးထဲက အတိုင်း နှုတ်က ရွတ်ဆိုမိလိုက်ပါတယ်။
"သီတင်းကျွတ်လ မီးထွန်းပွဲ"
မှန်ပါတယ်။ မြန်မာပြည်တွင် ဆဲ့နှစ်လ ရာသီအကြောင်း ကလေးတိုင်း နှုတ်ဖျားပေါ်မှာ ရေပန်းစားသဖြင့် မမေ့နိုင်စရာ ကဗျာလေး တစ်ကြောင်းပင် ဖြစ်ပါတယ်။ ထို့အပြင် သီတင်းကျွတ် ပွဲတော်တွင် ဆီမီးများ၊ မီးရှုး မီးပန်းများ၊ မီးအမျိုးမျိုး ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက်အထိ သုံးရက်ကြာ ပူဇော်ကြပါတယ်။
ဘာကြောင့် သီတင်းကျွတ် မီးထွန်းကြတာလဲ
အမှန်တကယ်တော့ သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးထွန်းခြင်းဟာ အလှအပအတွက် တန်ဆာဆင်ပြီး သက်သက် ထွန်းကြခြင်း မဟုတ်ပါ။ ဆီမီးထွန်းခြင်း၏ အဓိပ္ပာယ် နက်နက်ရှိုင်းရှိုင်း ပါဝင်ပါသည်။ အဘယ်ကြောင့်လည်းဆိုတာ မေးခွန်းဖြစ်လာပါတယ်။
မှန်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားရှင်သည် ခြောက်ဝါအလွန် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်မှာ ဝါတွင်း သုံးလတို့ ကာလပတ်လုံး အလွန် မွန်မြတ်သော အဘိဓမ္မာ တရားတော်တို့ကို ဟောကြားတော်မူခဲ့ပြီး မြတ်ဗုဒ္ဓ ဘုရားရှင်သည် နိမ္မိတ ရုပ်ပွားတော်ကို ထားတော်မူ၍ လူပြည်သို့ ကြွရောက်တော်မူသောအခါ ပညာအရာ ဧတဒဂ် ရရှိတော်မူသော အရှင်သာရိပုတ္တရာအား အကျဉ်း အဘိဓမ္မာ တရားတော်ကို ဟောဖော်ပြသတော်မူပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူပြည်သို့ ပြန်လည် ကြွတော်မူသော အထိမ်းအမှတ် အနေဖြင့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သလို ဆီမီး ပူဇော်ကြသဖြင့် သီတင်းကျွတ်လ မီးထွန်းပွဲလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
ဤမျှသာ မကသေးပါ။ မြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် အလွန် ထူးမြတ် ကောင်းမွန်သော အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ မိခင် တယောက်ရဲ့ ဘဝထဲကို ပဋိသန္ဓေ ရရှိလာသည့်အချိန်ကစပြီး လူဖြစ်လာတဲ့အထိ လူတယောက် သူတယောက်ဖြစ်အောင် ကျွေးမွေးပြုစုတွေဟာ တုနှိုင်းမမီသော မေတ္တာတွေဖြင့် သားသ္မီးတွေအပေါ် ထားခဲ့ကြတာဖြစ်ပါတယ်။ထို မေတ္တာမျိုးဟာလည်း အပရိမာဏ မေတ္တာ ခေါ်ဆိုနိုင်သလို အနန္တကျေးဇူးများသော မေတ္တာတွေသာ ဖြစ်ပါတယ်။
ဤကဲ့သို့သော ကျေးဇူးတွေကို သားသ္မီးတွေ အနေဖြင့် မိဘတွေ လိုအပ်လာတဲ့အခါတိုင်း ကျေးဇူး သိမြင်ပြီး ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံး မဆပ်နိုင်သေးသည့်တိုင်အောင်
အစဉ်အလာ ကောင်းမွန်သော သီတင်းကျွတ်လပြည့်နေ့မှာပင်
ထို့အပြင် တချို့က ဘုရား ကျောင်း ကန် သွားကြသလို ညနေပိုင်း ဆည်းဆာအချိန်တွင် အနီးရှိ တန်ခိုး စေတီ ပုထိုးများ၊ မြတ်စွာ ဘုရားရှင်၏ ရုပ်ပွားတော်ကို ရိုခိုး ပူဇော်ကြတာလည်း တွေ့မြင်ကြရသလို ညပိုင်းရောက်ပြန်တော့လည်း မိမိတို့ နေထိုင်ရာ အိမ် ဘုရားစင်မှာ ဆီမီး တန်ဆာများဖြင့် ပူဇော်ခြင်း၊ အိမ်၏ ပတ်ဝန်းကျင်မှာ အလှမီးပုံများ တန်ဆာဆင်လျက် ဆီမီး ပူဇော်ခြင်း၊ ရွာဦးကျောင်းနှင့် စေတီတော်များတွင် ဆီမီး တန်ဆာများ ပူဇော်ခြင်းနှင့် ဝတ်ရွတ်ခြင်း စသည်တို့ကို ပြုလုပ်ကြတာ အလွန်အမင် ကြည်နူးစရာကောင်းလှပါတယ်။
သြော် ဝါတော်ကျွတ်လာပြန်ပြီ။ ဝါတော်ကျွတ်ပြီဆိုတော့ မြန်မာဆိုရိုးလေး တခုကို သတိရမိပြန်တယ်။ အဲဒါလေးက ဝါလ ကင်းလွတ် သီတင်းကျွတ် လို့ ရှေးမြန်မာ လူကြီးသူမတွေ ပြောဆိုခဲ့ကြတာပါ။ မှတ်သားစရာကောင်းသော ဆိုရိုးစကားလေး ဖြစ်ပါတယ်။ အချို့က အမှတ်တမဲ့ ဆိုရိုးစကားလေးတွေကို မေ့သွားတတ်ပါတယ်။
"ဝါလကင်းလွတ် သီတင်းကျွတ်"
မှန်ပါတယ်။ "ဝါလကင်းလွတ် သီတင်းကျွတ်" အချိန်အခါ သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များ ပဝါရဏာ ပြုလုပ်ရမည့် နေ့လည်းဖြစ်ပါတယ်။ ပဝါရဏာဆိုသည်မှာ ရဟန်းအချင်းချင်း မိမိတို့ အထင်အရှားရှိသော အပြစ်များ တစုံတရာ ရှိပါက ပြောကြားကြဖို့ ဖိတ်မန်ကြသည့် သဘောတရားကို ပဝါရဏာ လို့ ခေါ်ပါတယ်။
အဲဒီလို ဖိတ်မန်လိုက်သည့်အခါ အချို့ သင့်ရောက်သည့် အပြစ်များကို အထင်အရှား ပြောပြသူကလည်း မေတ္တာကရုဏဖြင့် ပြောပြကြသလို အထင်အရှား အပြစ်ရှိသူကလည်း မိမိတို့ အပြစ်ကို သိရှိပြီး အမှန်မြင်ပြီး ပြုပြင် ကုစားဖို့ရန် ကောင်းမွန်သော ရည်ရွယ်ချက် ကောင်းတခုကို ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်သည် တပည့်သား သံဃာတို့ကို လမ်းညွန်းပြသ ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။