ကန္တရ စည်းဝိုင်းထဲက နှင်းဆီ
ခုနှစ်သက္ကရာဇ်တွေ ပြိုကျသွားခဲ့
နှစ်လရက်တွေ အခါခါပြောင်းလွဲရင်း
ရာသီတွေလည်း နှောင်းခဲ့ပြီ
မပြောင်းလွဲသေးတဲ့ ဒဏ်ရာများက
ကန္တာရနှစ်များထဲ သစ္စာထားခဲ့ပေါ့...။
မင်းကွာ...
နေနိုင်လိုက်တာ..
ပတ်ဝန်းကျင်မှာ အသိပညာ အတက်ပညာတွေ
ငတ်မွတ်နေတာ မသိသလိုနဲ့
မေ့မျောခေါင်းကိုက် ဝေဒနာစွဲကပ်
ဆေးချက် မပါတဲ့ စာရွက်ပေါ်မှာ
စာမရေး လေမသွေ သတင်းလေးတောင် မကြားရ
ပဲ့တင်သံ ပြန်မလာတဲ့ ဂူနံရံတွေမှ မရှိတာ
ဒီအတိုင်းဆို.....
ညွန့်မောင်းဖွဲ့ထားတဲ့ မဟာမိတ်ထဲ
ငါတို့ မျိုးဆက်သစ်တွေ မွေးဖွားလာတဲ့အခါ
ကြောင်တောင်ကန်းနဲ့ နားတွေပင်းလို့
ချိတ်ပိတ်ခံရတဲ့ ပါးစပ်တွေ ဖြစ်နေအုန်းမယ်...။
အသားတွေလည်း ကြေလို့
အရိုးတွေလည်း နာကျင်ခဲ့တဲ့..
ဘဝလယ်ကွင်းထဲမှာ
သင်္ခန်းစာ စာမျက်နှာမပါတဲ့...
လောကဓံမြင်ကွင်းကို ငေးကြည့်ရင်း...
ငါ့တို့ ဒေါသတွေကိုတောင် သံသယဖြစ်မိခဲ့..။
အသံများ တိတ်ဆိတ်
အရိပ်များ ဝေးနေတဲ့
ဘဝနိယာမ လောကဓံလွင်ပြင်က
ငါတို့ သမိုင်းစာမျက်နှာပြင်ထဲ
ပြင်းထန်လွန်းတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့
ဝေဒနာ မျက်ရည်များ စီးဆင်းနေဆဲ..။
သမိုင်းတွေ ပျောက်နေပြီ
ငါတို့ နားမလည်တော့ဘူး
ငါ့တို့ကိုယ် ငါတို့တည့်အောင်
မနည်း ကြိုးစားနေရတဲ့အခိုက်
ဒဏ်ရာဒဏ်ချက်တွေကိုလည်း
မိတ်ဖွဲ့လို့ ထမင်းစား ဖိတ်ခဲ့ရတယ်..။
မုန်းစိတ် နာကြည်းစိတ်တွေ
တစိမ့်စိမ့် ဖိတ်ကျနေတဲ့ကာလ
တွေ့ကြုံသမျှ ဖုန်မထတော့ပါဘူး
ဘဝကို ပေးဆပ်ကာမျှဖြင့်
ထာဝရ ပျော်တော်ဆက်လို့
ငြိမ်းချမ်းရေး ဖိတ်ခေါ်နေအုန်းမယ်...။
ဒီလိုနဲ့ သုံးဆဲ့တစ်ဘုံဆိုတဲ့ ခွက်တစ်ခုထဲမှာ
အမှန်တရား အလည်ရောက်လို့
ကံကြမ္မာ ပြောင်းခဲ့ရင်တော့
ဟောဒီ ငြိမ်းချမ်းရေး ကမ္ဘာလေးထဲက
အမေ့အိမ်ကို ပြန်လာခဲ့ပါ...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment