အတုမရှိ ရတနာသုံးပါး စုံညီသော လပြည့်ဝါဆို
ယနေ့ သာသနာတော်နှစ် ၂၅၅၇ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၅၇ ခုနှစ် ၊ ဝါဆိုလပြည့် တနင်္လာနေ့ (၂၂ - ၀၇ - ၂၀၁၃ ) ခုနှစ်တွင် တရားချစ်ခင် သာသနာ့နွယ်ဝင် သူတော်စဉ် သူတော်ကောင်းတို့ အနေအားဖြင့်..
(သန္ဓေ တောထွက်၊ ဓမ္မစက် မိန့်မြွက် လဝါဆို) ဆိုတာ
သူတော်ကောင်းတို့ မှတ်သားပြီးသားဖြစ်မှာပါ။
(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )
(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )
(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )
ထို့အပြင် လယ်တီဆရာတော် ဘုရားကြီး၏ ခုနှစ်နေ့ ဘုရားရှိခိုးမှာလည်း အောက်ပါ အတိုင်း ဖော်ပြထားပါတယ်။
ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖဝါး ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်း ကပ်လာ နတ်ဗြဟ္မာကို ဝါဆိုလပြည့် စနေ့နေဝယ် ကြွေကြွေလျမ်း တက် ဓမ္မစက်ကို မိန့်မြွက်ထွေပြား ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကိုး။
(လယ်တီ ဆရာတော်)
မကြာမှီ ရောက်ရှိလာတော့မည် ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ဟာ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါး၊ အမှန်တရားတို့ကို ဟောပြခဲ့တဲ့ သစ္စာအလင်းရောင် ဆောင်ယူပြသ ခဲ့တဲ့ နေ့ထူး နေ့မြတ် အခါ သမယ ဖြစ်ပါတယ်။ ဓမ္မစင်္ကြာတရားဦး ဟောကြားတော် မူခဲ့တဲ့ နေရာလေးကလည်း ရိုးရိုး ရှင်းရှင်းလေးဖြစ်တယ်ဆိုတာ မှန်းဆ ကြည်ညိုလို့ရပါတယ်။
ထို့အပြင် မြတ်ဗုဒ္ဓလောင်းလျာဟာ တောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။
(ကပိလဝတ်ပြည်နှင့် ကောလိယပြည် အကြား လုဗ္ဗိနီအင်ကြင်းတော)
မြတ်ဗုဒ္ဓလောင်းလျာသည် တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။
မြတ်ဗုဒ္ဓ တရားဦး ဟောကြားတော်မူခဲ့တာလည်း ဣတိပတနခေါ်ဆိုတဲ့ သားပေါင်းစုံသော တောထဲမှာပင်ဖြစ်သည်။ (မိဂဒါဝုန်တော)
လူသုံးပါးတို့၏ ဦးခိုက်ရာဖြစ်သော မြတ်ဗုဒ္ဓရှင်တော်သည် ပရိနိဗ္ဗာန်စံဝင်တော့လည်း( ကုသိနာရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာပင်ဖြစ်လေသည်
ဘုရားအစရှိသော ရှေးသူတော်ကောင်းတွေဟာ အရိပ်စုံလှ သာယာလှတဲ့ သစ်ပင်တောတောင်တွေမှာ မွေ့လျော်ကြ တာ သူတော်ကောင်း တို့ အနေနဲ့ လွန်စွာ မှတ်သားစရာ ကောင်းပါတယ်။
ထို့အပြင် ဆရာကြီး မင်းသုဝဏ်ကလည်း မျိုးချစ်စိတ်ဓာတ်အတွက် အောက်ပါ ကဗျာလေးကို ရေးသားသွားသည်ကိုလည်း တွေ့ရပြန်တယ်။
“ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။” (ဆရာကြီး မင်းသုဝဏ်)
တဖန် ရဟန်းပညာရှင်လေးတွေကလည်း ဝါဆိုလမြတ်အတွက် အောက်ပါအတိုင်း ကဗျာရေးစပ်လို့ထားသည်ကို တွေ့ရှိရပါတယ်။
ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော်
အုံ့မှိုင်းငယ်တဲ့၊ နယ်ရှစ်ခွင်
ငွေစန်း အာသဠှီနှင့်၊
ယှဉ်ကာမှီ ပုဏာပြည့်တယ်၊
ထွန်းသည့်ဝေဟင်။
နဘံမှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။
ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။ (အရှင် အလင်္ကာ)
သာသနာတော်နှစ် ၂၅၅၇ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ခရစ်နှစ်၂၀၁၃ ခုနှစ်၊ ယခုနှစ် ဂျူလိုင်လ ၂၂- ရက်နေ့တွင် ဝါဆိုလပြည့် တနင်္လာနေ့ ဖြစ်ပါပေသည်။ ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။
အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။
မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။
ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်း သံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။
ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွန်ုပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။
ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊
ထွက်တော်မူ နန်းက ခွါခြင်း၊
တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာဖြင့် ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့ သည်။
ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်ပါသည်။
ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။
ပြန်ပြောင်း တင်ပြရမည် ဆိုသော်- ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီး သည့်နောက် ပဉ္စဝဂ္ဂီ ငါးပါးအစုထဲတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန်တည်ခဲ့ပါသည်။
ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားရှင် အပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။
ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။
ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)
ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေ ကြခြင်း ဖြစ်ပါသည်။
ဤသည်ကား ဝါဆိုလပြည့် နေ့ထူးနေ့မြတ် ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းများ ဖြစ်ပါသည်။ သူတော်ကောင်း အားလုံးတို့ ဤဝါဆိုလပြည့် အကြောင်းရင်းကို သိ၍ သာသနာတော်ကို ဆထက်မက ကြည်ညိုနိုင်ပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါသည်။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment