Monday, August 6, 2012

ပဲခူးမြစ်တလျှောက် ယနေ့ ရေကြီးနေသော မြင်ကွင်းများ



ပဲခူးမြစ်တလျှောက် ယနေ့တွေ့ရသည့် မြင်ကွင်းများ။
အလှူရှင်တချို့က ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံကြသည့် ဒေသခံတို့အတွက် ထမင်းထုပ်ပေးပို့လှူဒါန်းနေကြသည် (ဓာတ်ပုံများ-ဧရာဝတီ)

ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များ ရေမြှုပ်နေသကဲ့သို့ ပဲခူးအနီးရှိ ကဝမြို့နယ်အတွင်း အုန်းနှဲ၊ ကျားတက်၊ ကမာကလဲ၊ နိဗ္ဗာန်၊ အောင်ဇေယျ၊ သံတခါး အပါအဝင် ကျေးရွာ ၁၀ ရွာကျော် ရေမြှုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယင်းသို့ ရေကြီးနေမှုသည် ၅ ရက်ခန့်ရှိနေပြီဖြစ်ကြောင်း၊ ကျဲထားသည့်ပျိုးစပါးများလည်း ရေနစ်မြှုပ်နေကြောင်း၊ တစ်ပတ်ကျော် ရေနစ်မြှုပ်လျှင် ပျက်စီးကုန်မည် ဖြစ်ကြောင်း လယ်သမားတို့က ပြောသည်။

မြတ်စွာဘုရား ၄၅ (ဝါ) သီတင်းသုံးတော်မူခဲ့သော နေရာဒေသများ


ဘုရားရှိခိုး

ယော ဇိနော အနေကဇတိယံ၊ သပုတ္တဒါရမင်္ဂဇီဝိတမ္ပိ။
ဗောဓိပေမတော အလဂ္ဂမာနသော၊ အဒါသိယေ၀ အတ္ထိကဿ။
ဒါနပါရမိံ တတောပရံ အပူရိ၊ သီလပါရမာဒိကမ္ပ။
တာသမိဒ္ဓိယော ပယာတမဂ္ဂတံ၊ တမေကဒီပကံ နမာမိ။

ယောဇိနော- ငါးပါးမာန်ညွန့် ရန်အ၀ှန့်ကို မရွံ့မထိတ် ခြင်္သေ့စိတ်ဖြင့် နင်းနှိပ်ကြိမ်ဖန် အောင်ပွဲခံ၍ အောင်လံလွှင့်ထူ အကြင်အောင်တော်မူ မြတ်စွာဘုရားသည်။ အနေကဇာတိယံ- တစ်နှစ်သုံးလေး ဂဏန်းရေး၍ ချင့်တွေးမလွယ် များကြွယ်လှစွာ ဘ၀ါဘ၀ လေးအသင်္ချေ ကမ္ဘာတစ်သိန်း ကာလအတွင်း၌။ ဗောဓိပေမတော- ဗောဓိဉာဏ်ကြီး ရွယ်တိုင်းပြီးသည့် ထွတ်ထီးဗိတာန် သဗ္ဗဉ်ဉာဏ်ကို ရရန်စိတ်ထား လိုလားတောင့်တ တော်မူခြင်းကြောင့်။ အတ္ထိကဿ- အလိုရှိလတ် လာချဉ်းကပ်သည့် ယုတ်မြတ်မဟူ အလှူခံပုဂ္ဂိုလ် များထိုထိုအား။ သပုတ္တဒါရံ- ကိုယ်တော့်ရင်သွေး အသက်ပေး၍ ချစ်ရေးဖြာစည် သည်းပွတ်နှင့် ပမာမှီရသည့် ဇာလီ ကဏှာဇိန်တို့ကဲ့သို့သော သမီးသား၊ မဒ္ဒီဒေ၀ီတို့ကဲ့သို့သော ဇနီးးဖုရားနှင့်တကွသော။ အင်္ဂဇီဝိတမ္ပိ- မဟာသွေး မဟာရည် ရာဇရုပ်ဂုဏ်အင်ညီ၍ ဖြိုးစည်သပ္ပါယ် ကိုယ်အင်္ဂါကြီးငယ်နှင့်တကွ လူဝယ်အမြတ် ခေါ်မှတ်တွင်ညောင်း အသက်တစချောင်းကိုပင်သော်လည်း။ အလဂ္ဂမာနသော- ငါ့သား ငါ့သမီး ငါ့ဇနီးက ငါ့ထီးငါ့နန်း ငါ့ကြငှန်းနှင့် ငါ့သိုင်းရံရွှေ ငါ့ရွှေငွေက ငါ့မြေငါ့ဟာ ငါ့ဥစ္စာဟု တဏှာမြှေးယှက် မပေးရက်သည့် ရမ္မက်ပိတ်ဖုံး စိတ်နှလုံးမှ ဆိတ်သုဉ်းတော်မူသည်ဖြစ်၍။ အဒါသိယေ၀- သဗ္ဗညုဉာဏ် ရဖို့ရန်ကို စိတ်သန်ရှေ့ပြေး သဒ္ဓါရှေး၍ လှူပေးတော်မူသည်သာလျှင်တည်း။ ဒါနပါရမိံ- အပြားသုံးလီ ဒါနပါရမီတော်မြတ်ကို လည်းကောင်း။ တတောပရံ- ထိုဒါနပါရမီတော်မှ တစ်မျိုးတစ်စား တစ်ပါးသာလျှင်ဖြစ်သော။ သီလပါရမာဒီကမ္ပိ- သီလပါရမီ၊ နေက္ခမ္မပါရမီ၊ ပညာပါရမီ၊ ၀ီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စပါရမီ၊ အဓိဋ္ဌာနပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီတော်မြတ် အပေါင်းကိုလည်းကောင်း။ အပူရီ- သဗ္ဗညုဉာဏ် ရဖို့ရန်ကို စိတ်သန်ရည်စူးသဒ္ဓါထူးဖြင့် ဆည်းဗူးဖြည့်ကျင့်တော်မူခဲ့လေပြီ။ တာသံ- ထိုပါရမီဆယ်ပါး အကျယ်ပွားက အပြားသုံးဆယ်နှုန်းမလွယ်တို့၏။ ဣဒ္ဓိယာ- တစ်စွန်းတစ်စ မကျန်ရအောင် လောက်ငကုန်လုံ ပြည့်စုံတော်မူခြင်းကြောင့်။ အဂ္ဂတံ- ဗြဟ္မာနတ်လူ သုံးဘုံသူတွင် မည်သူနှင့်မျှ မယှဉ်အပ်သည့် အမြတ်ခေါင်မှူး ပုဂ္ဂိုလ်ထူး၏အဖြစ်သို့။ ဥပယာတံ- ဆုကြီးပွင့်စည် ခါတန်ပြီဟု ပါရမီးတော် နှိုးပင့်ဆော်၍ ရောက်တော်မူပြီးထသော။ (၀ါ) ရောက်တော်မူပြီးသောကြောင့်။ ဧကဒီပကံ- အစမထင် ကမ်းမမြင်ဘဲ သံသရာတစ်ကျော တမျောတည်း မျောခဲ့ရသည့် လူရောနတ်ပါ ဗြဟ္မာမကြွင်း သတ္တ၀ါခပင်းတို့ ၀ပ်စင်းထံနီး ခိုကပ်မှီးရသည့် တစ်ခုတည်းသော ကိုင်းကျွန်းကြီးသဖွယ်လည်း ဖြစ်တော်မူပေထသော။ တံဇိနံ- ငါးပါးမာရ်ညွန့် ရန်အ၀ှန့်ကို မရွံ့မထိတ် ခြင်္သေ့စိတ်ဖြင့် နင်းနှိပ်ကြိမ်ဖန် အောင်ပွဲခံ၍ အောင်လံလွှင့်ထူ ထိုအောင်တော်မူ မြတ်စွာဘုရားကို။ ကိုယ်နှုတ်နှလုံး သုံးပါပျောင်းပျော့် မာန်ကိုလျှော့၍ ကန်တော့မြတ်နိုး လက်အုပ်မိုးလျက် ရှိခိုးဦးညွှန့်ပါ၏ မြတ်စွာဘုရား။

သာသနာတော်နှစ် ၂၅၅၆ နှစ်၊ ကော်ဇာသက္ကရာဇ် ၁၃၇၄၊ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ ဝသန္တမိုးဥတုဖြစ်သောကြောင့် ဗုဒ္ဓဘာသာတို့၏ အစဉ်လာတိုင်း ရှစ်ရက် ဥပုသ်၊ တစ်ဆဲ့ငါးရက် ဥပုသ်နေ့များတွင် ဘုရားသွား ကျောင်းတက် ဥပုသ် သီလများ ယူ၍ မိမိတို့ တက်နိုင်သလောက် အလှူဒါနများ ယူလုပ်ကြသည်။ အဲဒီလို ပြုလုပ်ရသဖြင့် မဟာကုသိုလ်တွေလည်း မိမိတို့ ကိုယ်တိုင် ရရှိကြသလို အကျင့်သီလ အာစာရလည်း ပြည့်စုံကြသည့် အခါမျိုးဆိုလည်း မမှားနိုင်ချေ။ ကျန်ရှိနေသော အချိန်များတွင် ကုသိုလ်များ မရရှိနိုင်ဘူးလား ဆိုရင်လည်း ရရှိနိုင်ပါသည်။

သို့သော် အလုပ်ကိစ္စများလှသော အချိန်အခါဖြစ်သည့်အတွက်ကြောင့် လွတ်လွတ်လပ်လပ်ပြုလုပ်နိုင်မည် မဆိုနိုင်ပါ။ တချို့ကလည်း ဒါန၊ သီလ၊ ဘာဝနာတို့ကို အားလပ်သည့်အချိန်တိုင်း ပြုလုပ်နိုင်ကြသည်။ တချို့ကလည်း အလုပ်များသောကြောင့် ကောင်းစွာ မပြုလုပ်နိုင်သဖြင့် ကုသိုလ်၏ အနှစ်သာရကို ကောင်းစွာ မခံစားရသလို၊ ကျင့်သုံးခြင်း၊ စောင့်တည်ခြင်း သီလ၊ ပွားများခြင်း ဘာဝနာ စသည်တို့ကို ကောင်းစွာ မကျင့်သုံးနိုင်သောကြောင့် ဖြစ်သည်။ ဝါတွင်းကာလတွင် ဗုဒ္ဓဘာသာ ဒကာ၊ ဒကာမတို့ အနေဖြင့် ဒါန၊ သီလ၊ ဘာဝနာတရားတို့ကို ပြုလုပ်နိုင်သည့်အပြင် ကိုယ်၏ ငြိမ်းချမ်းမှု၊ စိတ်၏ ငြိမ်းချမ်းမှုများ ရရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။

ထို့အပြင် ဝါတွင်းကာလတွင် တစ်နှစ်တာ ကာလတွင်း ပင်ပန်းမှုများ၊ သောကရောက်မှုများ၊ မိမိတို့၏ ဖိအားများလာသော အလုပ်အကိုင် စသည်တို့နှင့် လုပ်ကိုင်စဉ်တွင် ရရှိလာသော ဒုက္ခသုက္ခတွေလည်း ဖြေဖျောက်စေနိုင်သော ကာယိကသုခ၊ စေတသိကသုခတွေကို ရရှိကြမည်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းတွေ ဖြစ်ကြသည့် ဒကာ၊ ဒကာမတို့အတွက် အကောင်းဆုံး ဓမ္မဒါန ပြုသောအားဖြင့် မြတ်စွာဘုရား (၄၅ ဝါ) သီတင်းသုံး ဝါဆို ဝါကပ်တော်မူခဲ့သော နေရာများနှင့် ကျောင်းတိုက်ကြီးများ ဗုဒ္ဓဘာသာတွေ အနေဖြင့် တကယ်သိသင့်သော အချက်အလက်များကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။


မြတ်စွာဘုရား၏ ၄၅ ဝါ-ခရီးစဉ် လင်္ကာ

ပထမဝါ မိဂဒါ ၃-ဝါ ရာဇဂြိုဟ်၊
ဝေ-မကုလ ငါးခြောက်ကြ တာဝ-ခုနှစ်ဆို။
သံသု-ကောသမ် ရှစ်ကိုးစံ ဆယ်တန်-ပါလိဆို
နာလာ -ဆယ့်တစ် တစ်ဆယ့်နှစ် မှတ်လစ်ဝေရဉ်ဆို
စာ ဇေ ကပီ အာဠ၀ီ ကပ်၏တစ်စီဆို
ရာဇဂြိုဟ်တစ် စာလီနှစ် ထပ်လစ်ရာဇဂြိုဟ်
နှစ်ဆယ့်လေးဝါ သာဝတ်မှာ ဆုံးဝါဝေဠုဆို
နှစ်ဆယ့်လေးမှ ခြောက်ပုဗ္ဗ ဇေတအကြွင်းဆို။
-----------------------------------

Friday, August 3, 2012

ဇာတ်ကောင်မပါတဲ့ ဘဝပုံရိပ်


ဇာတ်ကောင်မပါတဲ့ ဘဝပုံရိပ်


အရပ်လေးမျက်နှာ နံရံတွေနဲ့ ပိတ်ထားတဲ့
ကာရံ လှောင်ချိုင့်တွေထဲ ဖိတ်ကျသွားခဲ့တဲ့
ဒဏ်ရာ သွေးချိုချို တစက်ကို
သန့်ရှင်းဖို့ဆိုတာ လွယ်ကူတဲ့ အရာမှ မဟုတ်တာ..။

လေးလွန်းတဲ့ ပစ္စည်းတစ်ခုကို
ခေတ်သစ်နည်းပညာတွေနဲ့
သယ်ဆောင်ဖို့ လွယ်ကူပေမဲ့
ကျလာတဲ့ မျက်ရည်တစက်ကို
ကူသယ်ဖို့ မလွယ်ကူတာ သံသရာတခွင်ပေါ့..။

သံသရာတခွင် လျှောက်လှမ်းတဲ့ ခရီးရှည်ထဲ
နေဝင်တာ အကြိမ်တစ်ရာမကတော့ဘူး...
ဘဝဆိုတာ တဖြေးဖြေး အိုလာပြီ...
ပြန်မလာတော့တဲ့ ခြေရာတွေပေါ်..
ဖိတ်ခေါ်လို့ လာနေတာက ဘယ်သူတွေလဲ
ကြွေးသစ်ချတဲ့ အသစ်တွေလား...။

ခုတ်ရာတခြား ထစ်ရာတခြားနဲ့
ဖြစ်တတ်တဲ့ ဘဝဝန်းကျင်မှာ
အမိုက်မှား လိုက်စားတတ်တာ
အကြိုက်ခြင်း မတူဘူး
လောဘကြီးမယ်...
ဒေါသကြီးမယ်...
မောဟကြီးမယ်...
ကာလဝိတက်တွေက
လာပါ သူငယ်ချင်းလို့
ကြွေးဟောင်းဆပ်ဖို့ ဖိတ်ခေါ်နေတယ်
အဲဒါတွေက ဘဝရဲ့ အမှား သီအိုရီ တစ်ပုဒ်ပဲပေါ့..။

ဒါပေမဲ့....
ပလေတို ရဲ့ ဝါဒလည်း မဟုတ်ဘူး..
ဒါဝင် ရဲ့ သီအိုရီတွေနဲ့ မဆိုင်ဘူး...
အိုင်းစ်တိုင်းလ် ရဲ့ သိပ္ပံနည်းလည်း မဟုတ်ဘူး...
နယူတန် ရဲ့ နိယာမလည်း မပါဘူး...
အစဉ်လာ မိုက်ခ် ခွက်ထဲ
သွင်းလောင်းလိုက်တဲ့ သကာရည်လည်း မဟုတ်ဘူး..
တယူသန်ရာ အစွဲကပ်တဲ့
ဥပါဒန်ရဲ့ သားကောင်းလည်း မဟုတ်ဘူး...
ဘဝကို သရုပ်ဖော်တဲ့ ကံတရားရဲ့ လုပ်ဆောင်ချက်ပေါ့...။

Wednesday, August 1, 2012

မဟာလူသားရဲ့ ဓမ္မစက်အစ ဝါဆိုလ


မဟာလူသားရဲ့ ဓမ္မစက်အစ ဝါဆိုလ


သင်္ချေလေးရပ် တသိန်ထက်မှစ၍ ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို မနားမနေ ဖြည့် ကျင့်တော်မူပြီးနောက်၌ ဘိုးတော်အဉ္ဇန သက္ကရာဇ်ဖြိုချပြီး နှစ်ပေါင်းတော်တော် ကြာသောအခါ လူတို့ သမုတ်အပ်၊ လူတို့ အလေ့အမြတ် ပြုအပ်သော ဘုရင်တဆူဖြစ်သော မင်းသုဒ္ဓေါဒန နန်းတက်လာခဲ့သည်။

နောက်နှစ်များစွာကြာမြင့်လာသောအခါ မင်းကြီး သုဒ္ဓေါဒနနှင့် မဟာမယာဒေ၀ီတို့၏ လယ်ယာမြေ ကောင်းသဖွယ်ဖြစ်သော ဥယျာဉ်တွင်းမှာ သိဒ္ဓတ္ထကုမာရ ဟုဆိုအပ်သော ကုမုဒြာကြာ ပန်းကလေး တစ်ပွင့် ပြိုင်ဘက်မရှိ လှပစွာ ပွင့်ထွန်း ထွက်ပေါ်လာခဲ့သည်။ ထိုပန်းကလေး တပွင့်၏ ရနံ့တို့ဖြင့် ဖခင် ဘုရင် သုဒ္ဓေါဒနသည် အရမ်းကို ကြည်နူးခဲ့ရသည်။ ထိုကုမုဒြာပန်းကလေး မွေးဖွားမူကြောင့် အရမ်းဝမ်းသာနေသလို အရမ်းလည်း ၀မ်းနည်းမဆုံး ဖြစ်ခဲ့ရသည်။ ၀မ်းနည်းခြင်း၏ အကြောင်းမှာလည်း ချစ်လှစွာသော ကြင်ယာတော် မဟာမာယာဒေ၀ီ မိဖုရားခေါင်ကြီး နတ်ရွာစံသွားသောကြောင့် ဖြစ်သည်။ မည်သို့သောအကြောင်းကြောင့် မင်းကြီး စိတ်သောက ရောက်နေ သည် မည်သူမှ မသိသော်လည်း မင်းကြီး၏ ပူဆွေးနေသော နှလုံးအိမ်နှင့် လစ်ဟာနေသော မိဖုရားကြီး၏ နေရာကို ကြည့်လျှင် သိနိုင်ပါ သည်။

လောကတွင် မည်သို့သော ယောင်္ကျားသည် အိမ်ထောင်သည် ဘ၀သို့ ရောက်ရှိသွားသောအခါ ထိုအိမ်ထောင်သည် ဘ၀ကို မြတ်နိုးခြင်း တက်မက်ခြင်း ကာမရာဂဖြင့် တည်ဆောက်ထားခြင်းကြောင့် မိမိ၏ ကိုယ်ပိုင်ပုံရိပ် အိမ်ရိပ်တွင် ခွန်အားဖြစ်စေသော ဇနီးသည် မရှိလျှင် မျက်လုံးတဖက် မရှိသော လူတယောက် အသွင်သို့ ရောက်သွားသကဲ့သို့ ဖြစ်သည်။ မင်းကြီးလည်း ထိုနည်းအတူ မိမိ၏ ကြင်ယာတော် ချစ်ဇနီး သူ့ဘ၀ထဲက ထွက်ခွာကာ နတ်ရွာစံခဲ့သည့်အတွက်ကြောင့် စိတ်သောက ဗျာပါဝေလျက်ပင်ဖြစ်ခဲ့သည်။

သို့သော် သူ့၏ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဥယျာဉ်ထဲတွင် သိဒ္ဓတ္ထကုမာရ မင်းသားကို အစားထိုး ချစ်မဆုံးသော အကြင်နာ တရားတွေနဲ့ ယုယထွေးပိုက်ကာ တသသ ရင်မှာလှိုက်သော ပီတိ အပြုံးတွေဖြင့် ပျော်မဆုံး ဖြစ် ခဲ့ရသည်။ တနေ့သောအခါ မင်းဆရာဖြစ်သော ရသေ့ကြီးတပါး နန်တော်အတွင်းသို့ ကြွလာခဲ့သည်။ ရသေ့သည် သင့်သင့်လျှောက်ပတ်သော နေရာ၌ နေထိုင်သီတင်း သုံးနေစဉ်တွင် လူမမယ် ကလေးလေးဖြစ်သော မင်းသားလေး သိဒ္ဓတ္ထသည် ရသေ့ကြီး၏ ဦးခေါင်းထိပ်သို့ တက်ရောက်နေသည်။

ရသေ့ကြီးသည်လည်း အံသြဘနန်းဖြစ်၍ ဖော်မပြနိုင်သော သောကတွေ ရင်လှိုက်သည်းလှိုက် ခံစားရင်း စက္ခူနှစ်ကွင်း အလင်းရောင်၏ အရှေ့တွင် မျက်ရည်စီးကြောင်းလေးများ တသွင်သွင် စီးနေမိသလို သူတော်စဉ် ပုလဲမျက်ရည်လေးများ မြေပါးပြင်ပေါ်သို့ ခစားလာရသည်။ ထိုအချိန်မှာ ဘုရင်ကြီးလည်း အကြောင်းစုံ သိချင်သောကြောင့် ဆရာရသေ့ကြီးကို မေးလျှောက်ကြားလိုက်ပါသည်။ ရသေ့ကြီးက “အခုလို အရှင်မင်းကြီး၏ လယ်ယာမြေကောင်းသော မြေကွက်ပေါ်မှာ ဥယျာဉ်လည်းကောင်း ဥယျာဉ်မှူးလည်းကောင်းသဖြင့် အရှင်မင်းကြီး၏ ရင်သွေးဖြစ်သော သိဒ္ဓတ္ထကုမာရ မင်းသားလေးတည်းဟူသော ကမ္ဘာ့ပန်းကောင်းလေး တစ်ပွင့် ပွင့်ထွက်လာခြင်းက အလွန်ကံကောင်းလေစွ တကား၊

နောင်လာမည့် အနာဂါတ်မှာလည်း မင်းစကြာ သို့မဟုတ် လောကသုံးတို့ အတုလပိုင်ရှင်လည်းဖြစ် လူသားတို့၏ အလေ့ဂရုပြု အပ်သော လောကသား အားလုံးတို့၏ သုံးလူသနင်း တရားမင်းတဆူ ဖြစ်လိမ့်မည် ထိုအကြောင်းသည် စင်စစ်ဧကန်ပင်ဖြစ်သည်”။ ရသေ့ကြီးသည် မင်းကြီးအား မျက်ဝန်းအိမ်က မခြောက်သေးသော မျက်ရည်နဲ့ ကြည့်ရင်း တုန်ခါနေသော နှုတ်ခမ်းပါးအစုံက ပြောပြနေ သည်။ မင်းကြီးလည်း အဲဒီအကြောင်းကို သိရှိ၍ သားတော် သိဒ္ဓတ္ထကုမာရကို ကြည့်ရင်း လွန်စွာ ၀မ်းမြောက်ခဲ့သည်။

သက်တမ်းအားဖြင့် ကြီးရင့်လာသဖြင့် နောင်ဆယ်နှစ်ကျော် နှစ်ဆယ်လောက် ကာလသာ နေရမည့် ရသေ့ကြီးသည် “ငါသည် လောကထွက်ထား သုံးလောကသနင်း တရားမင်း ဖြစ်သော ဘုရားရှင်ကို ဖူးမြင်ရတော့မည် မဟုတ်ပါ” ဟု အတွေးအိမ် မှာ တွေးတောရင်း မျက်ရည် ဖြေမဆည်သာ၍ တဖန် နှလုံးအိမ်မှာ မိုးထစ်ချုန်း ရွာချလာသဖြင့် စက္ခူအိမ် ရေလမ်းကြောင်းမှ တသွင်သွင် စီးကျလာခဲ့သည်။

ရသေ့ကြီးသည် ကြိုတင်ကာ အလောင်းတော် သိဒ္ဓတ္ထကုမာရ မင်းသားလေးကို လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ရှိခိုးခြင်းဖြင့် ပီတိသောမနဿ ထုံလွှမ်းကာ ၀မ်းမြောက်ခြင်း သီတာမျက်ရည်တို့ တဖန်စီးဆင်းနေခဲ့သည်။ နောင်နှစ်ပရိစ္ဆေဒ အနည်းငယ် ကြာလွန်သောအခါ မင်းကြီးသည် တိုင်းပြည်ရှိ တိုင်းသူတိုင်းသားများဖြစ်သော ပညာရှိ ပုရောဟိတ်တို့ကို ကြေညာမောင်းတီး၍ ဆင့်ခေါ်ကာ သားတော် သိဒ္ဓတ္ထမင်းသားလေး ၏ လက္ခဏာကြီးငယ်တို့ကို ကြည့်ရှုဖတ်ခိုင်းခဲ့သည်။

အဲဒီခေတ် မဇ္ဈိမတိုင်းနိုင်ငံရှိ နာမည်ကျော် ပုရောဟိတ် ငါးဦးတို့သည် မင်းသားလေး၏ လက္ခဏာကြီးငယ်ကို ဖတ်ကြပြီး လေးယောက်သော ပုဏ္ဏားတို့သည် စကြာမင်း သို့မဟုတ် ကမ္ဘာသူ ကမ္ဘာသားတို့၏ ဦးခိုက်ရာ သုံးလူသနင်း တရားမင်း ဖြစ် လိမ့်မည်ဟု ဟောကြားခဲ့ကြသည်။ သို့သော် ကောဏ္ဍည ပုဏ္ဏားလေးသည် လောကသုံးပါး တို့၏ အလေ့ဂရုပြုအပ်သော ဘုရားစင်စစ် ဧကန် ဖြစ်လိမ့်မည်ဟု တခုတည်းသော အဖြေဖြင့် ပြောကြားခဲ့သည်။

မင်းကြီးသည် ထိုအကြောင်းအရာအားလုံးကို သိတော်မူသောအခါ မိမိ၏ သားတော်ကို လိုလေသေးမရှိအောင် ဖခင်တို့ ချစ်ခြင်းမေတ္တာဖြင့် လိုအပ်တာမှန်သမျှနှင့် အရွယ်ရောက်သောအခါမှာလည်း ဘဒ္ဒကဉ္ဇနဟု ခေါ်သော ယသော်ဓရာ မင်းသ္မီးနဲ့ မိဘတို့ ၀တ္တရားအတိုင်း ထိမ်းမြားပေးခဲ့သည်။ ထို့အပြင် မင်းကြီးသည် သားတော်ကို ချစ်မြတ်သဖြင့် ရွှေနန်းကြီး သုံးဆောင်ဖြင့် ထားခဲ့သည်။ ထိမ်းမြားပြီး နှစ် အနည်းငယ်ကြာသောအခါ မင်းသိဒ္ဓတ်နှင့် ဘဒ္ဒကဉ္ဇနမင်းသ္မီးတို့၏ သားဦးရတနာလေး ရာဟုလာကို မွေးဖွားပေးခဲ့သည်။

သိဒ္ဓတ္ထမင်းသားသည် အသက်အားဖြင့် နှစ်ဆဲ့ကိုးနှစ်သို့ ရောက်သောအခါ နိမိတ် ကြီးလေးပါးကို တွေ့မြင်ခဲ့သလို လောကဦးရည်ဖြစ်သော ကာမဂုဏ်၏ သကာရည်ကို ရွံ့ရှာသဖြင့် တောထွက်ခဲ့သည်။ သူ့၏ ချစ်ခင်လှစွာသော ဇနီးနှင့်သားကို စွန့်လွတ်သွားခြင်းသည် လောက လူသားတို့ သဘာဝအလျှောက် မကောင်းသော်လည်း အနာဂါတ် လျှောက်လှမ်းမည့် မိမိရင်၌ မလွယ်ရသော်လည်း ဓမ္မရင်၌ လွယ်၍ မွေးပေးရသော သားသ္မီးအတွက် ကောင်းစေဖို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုကြောင့်လည်း မင်းသိဒ္ဓတ်သည် အနော်မာသောင်ကမ်းမှ ဥရုဝေလတောသို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။ အခြားတဖက်၌လည်း အိုမင်းတရား၏ ထံသို့ခြင်းကပ်နေသော မင်းတရား သုဒ္ဓေါဒနသည် သားတော်ကို မည်သို့ သော အကြောင်းရာများဖြင့် တားစီးခဲ့သော်လည်း တားစီးခွင့် မရှိသောကြောင့် သားတော် ပျောက်ခြင်း မလှ ပျောက်သွားသောကြောင့် ပူဆွေးခြင်း သောကတွေ ရင်မှာပိုက်လို့ သားတော်ကို ရှာပုံတော် ဖွင့်ခဲ့ရသည်။

နှစ်တွေအလီလီ ကြာညောင်းသော်လည်း သားတော်၏ ခြေရာတောင် မတွေ့ခဲ့ရသဖြင့် ဝေဒနာတွေ ရင်ထုကာ ပူဆွေးခြင်း ၀မ်းနည်းခြင်း သောကတွေနဲ့ စားမ၀င် အိပ်မပျော်ခဲ့သော ညတိုင်း မျက်ရည်ဖြင့် ရွှေကုတင်ပေါ်မှာ မျောခဲ့ရသည်။ အချိန်ကာလတွေ ကုန်ဆုံးလို့ နှစ်ဟောင်းတွေပြောင်း နှစ်သစ်မှာ ရွက်သစ် ဝေဆာသော တစ်နှစ် ခရီးသည် ကုန်ဆုံးခဲ့ရသည်။ ထိုအချိန်မှာ သားတော် မင်းသိဒ္ဓတ်သည် ဥရုဝေလတောတွင် ရသေ့ရဟန်းပြုပြီး၍ ဒုက္ကရစရိယ အကျင့်တရားကို အားထုတ်နေခြင်း ဖြစ်သည်။ ထိုအကျင့်တရား များသည် လွန်စွာပင်ပန်းဆင်းရဲလှသဖြင့် မိမိ၏ ခန္ဓာကိုယ်သည် ပိန်ချုံးသကဲ့သို့ အရိုးပေါ် အရေတင် ဖြစ်ခဲ့ရသည်။

ခြောက်နှစ်သို့ ရောက်သောအခါ အတ္တလွှမ်းမိုးသော ထိုအကျင့်တရား၏ အကြောင်းအရာများကို ကောင်းစွာသိဖြင့် အတ္တဆန်သော အကျင့်တို့ကို စွန့်လွတ်ကာ အကျင့်မြတ်ဖြစ်သော အလယ်အလတ်လမ်းစဉ်ဖြစ်သော မဂ္ဂင်ရှစ်ပါး၊ (၁) သမ္မာ ဒိဋ္ဌိ= ကောင်းမြတ် စင်ကြယ်သော သိမြင်မှု။ (၂) သမ္မာ သင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။ (၃) သမ္မာ ၀ါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။ (၄) သမ္မာ ကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။ (၅) သမ္မာ အာဇီဝ=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) သမ္မာ ၀ါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။ (၇) သမ္မာ သတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။ (၈) သမ္မာ သမာဓိ=ကောင်းမြတ်စင်ကြယ်သောတည်ကြည်မှု တို့ဖြစ်သည်။ ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
သစ္စာလေးပါးကား- (၁) ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ။ (၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ။ (၃) ဆင်းရဲချုပ်ငြိမ်းရာ အမှန်ဟူသော နိရောဓသစ္စာ။ (၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာ-စသည်တို့ကို ကျင့်သုံးသဖြင့် သက်တော် ၃၅ နှစ်၊ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်တွင် လောကသုံးပါး၌ ဘုရားမြတ် ဘဂ၀ါ ပိုင်ရှင် တရားမင်း တဆူ ဖြစ်ခဲ့သည်။ ဒီလောက ဒီကမ္ဘာကြီး အတွက် ကမ္ဘာ့ပန်းတစ်ပွင့် လည်းဖြစ် တရားမင်းတဆူလည်းဖြစ်သော ဘုရားရှင်သည် ထိုအချိန်မှစ၍ ပေါ်ပေါက်လာခဲ့သည်မှာ မည်သူ မှ ငြင်းဆိုခြင်းငှာ စွမ်းနိုင်မည် မဟုတ်ချေ တကား။
ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါဥဒါန်းကျူးရင်းတော်မူခဲ့သည်မှာ အောက်ပါ အတိုင်းဖြစ်သည်။

“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
 ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
 ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။
 သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
 ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။”

“ဖြစ်ခြင်းများစွာ သံသရာထဲ၊
 မသိဘဲ ပြေးလွှားခဲ့ရ။
 အိမ်ဆောက်သူလက်သမားကို ဖွေရှာရင်း၊
 ဖြစ်ခြင်းတွေသာ ဖန်တစ်ရာ ဆင်းရဲခဲ့ ။
 ဟေ့ လက်သမား သင့် ငါမြင်ပြီ ၊
 သင် အိမ်သစ်ဆောက်ခွင့် မရတော့
 သင့်အိမ်နံရိုးတွေ ငါချိုးဖျက်ခဲ့ပြီ ၊
 သင့်အိမ်အထွဋ်ကို ငါပယ်ချွတ်ခဲ့ပြီ။
 ပြုလုပ်ခြင်းကင်းရာဆိုက်ကပ်ခဲ့ ငါ့စိတ်၊
 တပ်မက်မှုဆိတ်သုဉ်းရာ ငါ ရောက်ခဲ့ပြီ။”

မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဥတုဝသန္တ ဝါဆိုလပြည့်နေ့ လောကသနင်းဖြစ်သော ဘုရားရှင်သည် မိမိသိရှိလာသော ချမ်းသာမှု အားလုံးကို မိမိ၏ ပထမဦးဆုံး ပဉ္စဝဂ္ဂီရသေ့ညီနောင် ငါးဦးကို တရားဦးဖြစ်သော ဓမ္မစက္က ပဝတ္တန သုတ္တန်ကို ဟောဖော်ညွန်ကြားသဖြင့် ထိုတရားတော်၏ အဆုံးတွင် လောကကြီး၏ ချမ်းသာအစစ်ကို ကောဏ္ဍညရသေ့လေးမှ သိရှိနားလည် သဘောပေါက်သဖြင့် ဘုရားရှင်၏ တရားတော် အမွေအနည်းငယ်ကို ရရှိ၍ သောတာပန်ဖြစ်ခဲ့ပြီး အနတ္တလက္ခဏ သုတ္တန် ဟောကြားတော်မူသော များမကြာခင် နိဗ္ဗာန်ချမ်းသာကို ရရှိခဲ့သည်။ အရှင်ကောဏ္ဍည ရဟန္တာဖြစ်ပြီးနောက်တွင် အစဉ်အတိုင်း ကျန်ရှိနေသော ရသေ့လေးပါးတို့ နိဗ္ဗာန်ချမ်းကို ရရှိခဲ့ကြသည်။

နှစ်ချို့ ကော်ဖီရဲ့ ကောက်ကြောင်း


နှစ်ချို့ ကော်ဖီရဲ့ ကောက်ကြောင်း


အတိက်အရိပ်တွေ ဆွေးရိဟောင်းနွမ်းသွားတယ်
မလိုအပ်သော နှစ်ကာလတွေ ကြာညောင်းခဲ့တယ်
ခေတ်ကြီးကို အမှီလိုက်ရင်း ချစ်သူကြိုက် စကားလုံးတွေလည်း ပျင်းရိ
ငြိုးစိတ် မုန်းမာန် ဒေါသ မတရားတာတွေလည်း စိတ်မဆိုးတော့
လစ်ဟင်းနေတဲ့ ဘဝချစ်ခြင်းမေတ္တာက အတိုင်းတာမဲ့ ကြာလွန်းတယ်...။

ဒါနဲ့ စိတ်ညစ်ညစ် ထွေရာလေးပါးကို
စဉ်းစားရင်း တရာထိုင်ဖို့ လုပ်ငန်းစဉ်ကို လေ့လာမိတော့
အသားတခြား အသွေးတခြား ဘုရားစဉ်ရှေ့
တင်ပလ္လင်ခွေထိုင်တော့ တရားထိုင်ခြင်းက
ကိုယ်ပိုင်စိတ်ဓာတ်ထဲ ဥာဏ်စဉ်ကမမှီခဲ့တာ... အခုထိပေါ့..။

တံတိုင်းခတ်ထားတဲ့ အရပ်လေးမျက်နှာ 
သံသရာ နာရီလက်တံကြားမှာ
လည်ပတ်ရင်း အော်မြည်းသံက ကျယ်လွန်းလို့..
ငယ်ငယ်က ကျောင်းဆင်းသလို မဟုတ်တော့
နာရီလက်တံ စက်သံကြားတာ ကြာမြင့်လာတိုင်း
အိုဟောင်းနွမ်းသော ဇရာမှတ်တိုင်ကို ဆိုက်ရောက်လို့
ပျော်ရွှင်မှုတွေ တဖြေးဖြေးဝေးခဲ့တယ်.....။

နေ့စဉ် တာဝန်တွေနဲ့ အလုပ် လုပ်လိုက် 
ထမင်းစားလိုက် အိပ်တန်းဝင်လိုက် 
မလှတဲ့အလှကို အရောင်းကုန်တင်ရင်း
မှတ်တမ်းတင်နေ့ရက်တွေ ပါတီတခုအတွင်း
နာရီလက်တံ စက်သံတွေက ရွေ့လျားလို့
ဘဝစက္ကန့်တွေ ကုန်ဆုံး ကြာညောင်းခဲ့တယ် အခုထိပေါ့...။

မနေ့က ဖုန်တက်နေတဲ့ စာအုပ်စဉ်ကို ကြည့်မိခိုက်
အတွေးတစိတ်နဲ့ ခံတွင်းအချဉ်ဖောက်လို့
ကော်ဖီခွက်ကို လက်ကိုက်ရင်း မော့သောက်လိုက်မိတဲ့
အရသာဟာ နာရီလက်တံကြား စက်သံများနဲ့
တုန်လှုပ်ခြောက်ခြားခဲ့...... အဲဒီနေ့က
အိုမင်ရင်းရော်နေတဲ့ ခန္ဓာအိမ်ကို ငေးကြည့်ခဲ့တာ
ဘဝရဲ့စက္ကန့်မခြား ပြောင်းလဲမှုတွေနဲ့
အဆုံးအစမရှိတဲ့ ရည်မှန်းချက်တွေကြောင့်လေ...။

ကွက်လပ်ဖြည့်လို့ လက်တွဲစို့



ကွက်လပ်ဖြည့်လို့ လက်တွဲစို့


တစ်ပါးသူကို အထင်ကြီး စိတ်ကြီးဝင်
မာနတွေ ရင်မှာခိုအောင်းလို့
အထင်သေးခံလိုက်ရတဲ့ ဝန်ဆောင်မှုတစ်ခု
တန်ဘိုးအားဖြင့် တိုင်းတာကြည့်ခြင်းက
အရာရောက်လာမည် မဟုတ်သလို
ပျက်စီးသွားခြင်းလည်းမဟုတ်ကြ......
သူ့တန်ဘိုးတွေ အထင်သေးခြင်းမှ တစ်ဆင့်
အရောင်တက်လို့ ဘဝအဆင့်မြင့်တဲ့
နေရာတစ်ခု ရောက်ခဲ့တာ
ကိုယ်တိုင် ကြိုးစားမှုရဲ့ ရလာဒ်တစ်ခုပေါ့...။

ကိုယ်ကပဲ ကောင်းတယ် သူက မကောင်းဘူးဆိုတဲ့
အမြင် တယ်လီစကုတ်ထဲ အဝန်းအားဖြင့်
သေးသိမ်လွန်းတော့ ကိုယ်အတ္တကို
ဘုရားထင် ဘဝင်တွင်လေဟက်
သေကျေပျက်စီးရတဲ့ ဝံပုလွေတစ်ကောင်ရဲ့
မိုက်ဇာတ်တွေကို သခင်ကိုယ်တော်မှိုင်း
ကိုယ်တိုင်ပြောခဲ့ဖူးတော့ နမူနာနည်းနာတွေယူ
တိုက်ခိုက်မူတွေ ရပ်ဆိုင်ပြီ
ရှေ့ဆက်ကြမဲ့ လမ်းကြောင်းတွေကို
အိုဝေအသံပေးလို့ ကကြိုးတွေနဲ့ အလှဆင်
အများတွေပင် ချစ်ကြည်ရေး အားထုတ်လို့ပေး...။

ငါအတ္တ သူ့အတ္တတွေ ဘေးဖယ်ချလို့
ဘဝင်တွင် လေမဟက်ခင်
ဒေါသ မာနကို ခဝါချ
ကိုယ့်ပြည် ကိုယ့်ဒေသ တိုးတက်ဖို့ အရေး
ကြံဆောင်ကာ နေရာပေးလို့
ကြိုးစားကြစို့....လက်တွဲမဖြုတ်နဲ့လေ...။

ဂန္ထဝင် သမိုင်းဝင်သော လက်


ဂန္ထဝင် သမိုင်းဝင်သော လက်


အဝေးဆုံး တနေရာကို
ကျွန်တော်... ခရီးသွားနေခိုက်
အတွေးတွေနဲ့ ကောင်းကင်မော့ကြည့်
မျှော်လင်ခြင်းရဲ့ နောက်..ခရီးတစ်ခုကို
ပျံသန်းရင်း စိတ်ကူးမိတယ်...

စိတ်ကူးယဉ်တိုင်း မျက်ရည်တွေနဲ့
လွင့်မျောရင်း တမ်းတမိတဲ့
ပုခတ်လွှဲသော လက်ကို
ပူဇော်ခြင်း ဂါရဝတွေ
ရင်မှာပိုက်လို့  သတိရမိတယ်...။

ပုခတ်ထဲမှာ အိပ်ပျော်ခဲ့တဲ့
မသိစိတ်တွေက ပုခတ်လွတ်မှ
အနည်းငယ် စကားသင်ခဲ့..
ထမင်းကို မန်မန်တဲ့.........

ခြေလှမ်းစ ဘဝလောကဓံမှာ
ကစားစရာ အရုပ်တွေနဲ့
အားကစားတွေ ခုံမင်တပ်မက်လို့
အမေဟာ ဟန်ပါပါ
ဒုတ်တစ်ချောင်းကို ကိုင်ဆောင်ပြီ
လက်ဦးဆရာအဖြစ်နဲ့ သင်အပ်တာတွေ
သင်ကြားပေး လမ်းညွန်ပေးခဲ့တယ်..

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...