ကိုယ်ကျင့် ပင်မ သိပ္ပံ
ရာသီတွေ အကြိမ်ကြိမ် ပြောင်းလဲ
နွေ မိုး ဆောင်း သုံးရာသီထဲ
နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံး
အချိန်တွေသာ ကုန်ဆုံးသွားခဲ့တယ်
ကိုယ့် ကိုယ်ပိုင် ရင့်ကျက်မှု မရှိပဲ
အပေါ်ယံ သကာရည် အကြိမ်ကြိမ် လောင်းထားပေမဲ့
ဘယ်ခေတ်တွေ ဘယ်လို ပြောင်းလဲ ပြောင်းလဲ
ခေတ်အဆက်ဆက် စီးဆင်းနေတဲ့ ပင်လယ်ဟာ
အားလုံးအတွက် အရသာ တစ်မျိုးတည်း ရှိတယ်....။
အရသာ တစ်မျိုးတည်းရှိတဲ့ ပင်လယ်
မတွေ့ဖူး သူ အတွက်တော့
ဟိုနားသွားလည်း အသစ်အဆန်း
ဒီနားသွားလည်း အသစ်အဆန်း
ကြည့်လိုက်ရင် လိုချင်စရာတွေ များပြား
တကယ်တော့ အတွေးနဲ့သာ မျောသွားတဲ့
တောင်းဆိုမှုများ ရုတ်တရပ် စဉ်စားကြည့်တယ်...။
တစ်ခါတရံ လက်သည်မရှိတဲ့
ပစ္စည်းတစ်ခု ပျောက်ဆုံးသွားတော့မှ
ကြွေးကျော်သံတွေ ခုန်ပေါက်ထွက်လာတဲ့
ဒီခေတ်ကြီးထဲ အငိုမျက်ရည်နဲ့
အပြုံး ကျက်သရေတွေ သယ်ဆောင်လို့
ဆေးရောင်စုံ ပန်းချီကားတွေ
ကိုယ့် မရှိတဲ့ နံရံမှာ သုတ်လိမ်းကြမယ်ဆိုရင်...။
တစ်ခုတော့ရှိတယ်....
အရောင်းတင်ခုံပေါ်က
ဗန်းပြထားတဲ့ ပစ္စည်းတစ်ခု
ပေါက်ဈေးကြည့်လိုက်တိုင်း အသက်မသာနဲ့
ကိုယ် ထင်ထားတဲ့ ဈေးထက် မြင့်တက်
မညီမျှတဲ့ လုပ်အားနဲ့
ကြိုးစားခဲ့တဲ့ ခွန်အားတွေ ဆုတ်ယုတ်
ဘယ်အချိန်များ ကိုယ်လိုချင်တဲ့ ဈေး ဖြစ်နိုင်မလဲ
စဉ်းစားရင်း မောဟိုက်လို့
သောက်စရာ ရေတစ်ခွက်တောင်
လိုရ မယ်ရ ရှာမတွေ့တော့ပါလား....။
ဒါပေမဲ့...
စက္ခူနှစ်ကွင်းထဲ မြင်လိုက်တဲ့ သားကောင်တိုင်း
လေးတော်တင် နားနှစ်ဖက်နှစ် နားစဉ်ရင်း
ရနံ့သင်းသင်း အနံ့တစ်ခုက ထိုးဖောက် ဝင်ရောက်ခဲ့
အရသာ မသိတဲ့ ထူလွန်းတဲ့ လျှာတွေလည်း
အထိအတွေ့တိုင်း ခံစားမြဲ ခံစားနေဆဲ....။
မှားနေပြီ...
ချို့ယွင်းချက်များလွန်းတဲ့
ကိုယ် တည်ဆောက်တဲ့ အိမ်ထဲ
နှစ်တွေ ကြာလာတော့ ပုံစံတွေ ပြောင်းလဲ
ယက်မတွေက မခိုင် တိုင်တွေက ယိုင်
ဟိုနား ပေါက် ဒီနား ပေါက်
ယိုချင်တိုင်း ယိုနေတဲ့ အမိုး
ပေါက်ပြဲချင်တိုင်း ပေါက်ပြဲနေတဲ့ နံရံ
ကျိုးချင်တိုင်း ကျိုးနေတဲ့ အခင်းများက
ကျားကန်လို့လည်း အဆင်မပြေ
အားလုံး လုံခြုံမှု မရှိတော့.....။