Tuesday, July 31, 2012

အိပ်တန်း ပြန်ဖို့ ခက်လှတယ်


အိပ်တန်း ပြန်ဖို့ ခက်လှတယ်


ကမ္ဘာတစ်ဖက်မှာ မခူးဆွတ်ရသေးတဲ့
ဘဝတစ်ခုရဲ့ အဓိပ္ပာယ်တွေကို
ဖော်ဆောင်ဖို့ ရနံ့သင်းသင်း
နံနက်ခင်းကို စောင့်မျှော်နေမိတယ်...။

အချိန်သက်တန့်တွေ ရွေ့လျားနေပါတုန်း
မိုးစက်ကလေးတွေ ရပ်တန့်နေတယ်
လေပြေ လေညှင်းတွေ ဆော့ကစားခိုက်
သစ်ပင်လေးတွေ ယိမ်းနွဲ့ကာ က နေလျက်ပေါ့..။

ကာလတွေ ကွယ်လွန်သွားတော့
စိတ်ငြိမ်ရာ တွယ်ကပ်နေတဲ့
သမုဒယ နှောင်ကြိုးတစ်ခုဟာ
မာယာမြစ်ပြင်ထက်မှာ ဝဲဂယက်လည်နေဆဲ...။

လွယ်လွန်တဲ့ မှတ်ဥာဏ်မှာ
သံမှိုတစ်ခု စွဲကပ်လို့
သံလိုက်လို ဝေဒနာတစ်ခု
လာပါ လာပါ ဖိတ်ခေါ်နေတယ်...။

အား...
မြန်ဆန်လွန်တဲ့ ထိရှမှုဟာ
အတိတ်တစ္ဆေခြောက်သလို
အတွေးအိမ်ကို ဖောက်စားလို့
အိပ်မက်တစ်ခု ဝင်ရောက်လာတယ်...။

အေဒီ (၆) ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ


Arakanese Alphabets Used in AD4 and Before It. u San Thar Aung

ဆရာကြီး သခင်ကိုယ်တော်မှိုင်း မိန့်ခွန်း


Sayargyi,s Mahasamayaday Speech

Thursday, July 26, 2012

လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံသွားမည်

လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံသွားမည်


ဖေဖော်ဝါရီလ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် မစ္စတာကင်တားနား။ ဖေဖော်ဝါရီ ၃၊ ၂၀၁၂ .. မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင်မယ့် သူ့ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်ကို သွားရောက် လေ့လာမှာဖြစ်တယ်လို့ ပြောပါတယ်။ 


အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မကြာသေးခင်က အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှာဖြစ်သလို ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ ဒေသခံ ကုလသမဂ္ဂ၀န်ထမ်းတွေ လွတ်မြောက်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။
 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာကင်တားနားဟာ သူ့ရဲ့ ၆ ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ကို ခုသီတင်းပတ် စတင်မှာဖြစ်တယ်လို့ ဗွီအိုအေကို အတည်ပြု ပြောကြားပါတယ်။
 

“မြန်မာအစိုးရက ကျနော့်နောက်ထပ်ခရီးအတွက် သဘောတူခဲ့ပါတယ်။ ခရီးစဉ်ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ သြဂုတ်လ ၄ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက ကျနော့်ကို ရခိုင်ပြည်နယ် သွားရောက်ခွင့်ပြုတဲ့အတွက် အဲဒီက လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင် လေ့လာစုံစမ်းခွင့် ရမှာဖြစ်ပါတယ်။”
 

မစ္စတာကင်တားနားဟာ သူ့ရဲ့ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို ရောက်ရှိစဉ် ဇွန်လက ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်များ အရေးကိစ္စအပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့် အရေးအခြေအနေတွေကို ဒေသခံတွေအပြင် အာဏာပိုင်တွေနဲ့ပါတွေ့ဆုံပြီး ကိုယ်တိုင် သွားရောက် စစ်ဆေးခွင့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
 

အထူးသဖြင့် ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေ ဖမ်းဆီးထိန်းသိမ်းပြီး ရုံးတင်စစ်ဆေးခြင်းခံနေရ တဲ့ ဒေသခံ ကုလသမဂ္ဂ၀န်ထမ်းနဲ့ MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့ဝင် စုစုပေါင်း ဆယ်ဦး တို့ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့လည်း သူ အလေးပေး ဆောင်ရွက်သွားမယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ကျနော် တွေ့လိုပါတယ်။ ဒါက ကျနော့်ရဲ့ခရီးစဉ်အတွက် အရေးကြီးတဲ့အချက်ပါ။ ဒီ ကုလ သမဂ္ဂ၀န်ထမ်းတွေအားလုံး လွတ်မြောက်ရေးအတွက် အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းသွားမှာဖြစ်ပါ တယ်။ ဒါပေမဲ့ ကျနော့်ဘက်က အရေးတကြီး လိုလားချက်ကတော့ ဒီ ကုလသမဂ္ဂ၀န်ထမ်းတွေ လွတ်မြောက်ဖို့ပါ။ ဒီလူတွေက ကုလ၀န်ထမ်းတွေ ဖြစ်တာမို့လို့ ကုလသမဂ္ဂကိုယ်စားလှယ်တဦး အနေနဲ့ ဒီလူတွေနဲ့ပတ်သက်ပြီးတော့ အထူးပဲ ခံစားမိပါတယ်။

သက်တန့်ပေါ်က ကကြိုးများ


သက်တန့်ပေါ်က ကကြိုးများ


ကျန်ခဲ့တဲ့ အမှတ်တရတွေက
နှလုံးသားသမိုင်းဝင်လို့ တမ်းတရက်စွဲတွေနဲ့
ဖွားဘက်တော် အလွမ်းတွေက
ငါ့... အတွက်တော့
ညတာရှည်ခဲ့တာ ကြာညောင်းခဲ့ပြီပေါ့....။

နေ့ညတွေ တသွင်သွင်စီးနေတဲ့
ကာလအပိုင်းခြားတွေထဲ လွင့်မြောရင်း..
ငါ.... မကြံစည်မိတဲ့ ပုစ္ဆာက
ဝေဒနာ အဖြေထွက်ခဲ့ပြီလေ...။

ကာလနဂါးလို အိပ်ပျော်ခဲ့တဲ့
ငါ့ အသက်ရှု စက်ယန္တရားဟာ
အမှတ်တမဲ့ ချို့ယွင်းချက်ဖြစ်လို့
ထိရှမှု တစ်ခု ဖြစ်လာခဲ့ပြန်ပြီပေါ့...။

အဝေးမြင်နိုင်တဲ့ ငါ့ရဲ့ တယ်လီစကုတ် တစ်စုံဟာ
အဝန်းအဝိုင်း မျက်တောင် တဖက်မှာ
အကြည်းတန် ဆိုးဝါးလွန်းလို့
စမ်းသပ်ခန်းထဲ ဝင်ရောက်ခဲ့မိတယ်
ဒါပေမဲ့.... ဝေဒနာဟာ ဝေဒနာသာ အထင်သားကြီးပေါ့...။

ဒါနဲ့ ငါ ကိုယ်တိုင် သူ့မျက်ဝန်းအစုံကို
ထာဝရထင်ကျန်မည့် ဓာတ်ပုံတစ်ချက်
အသံတိတ် ရိုက်ခဲ့ဖူးတယ်...
အဲဒီနေ့ အတွေးတိမ်ယံမှာ
အလှပန်းဆိုင်တွေ ယှက်သိုင်းလို့ ကကြိုးဆင်နေပါရဲ့...။

Wednesday, July 25, 2012

ဓမ္မစက် အစ ဝါဆိုလ (သံဃာ အစ ဝါဆိုလ)


ဓမ္မစက် အစ ဝါဆိုလ (သံဃာ အစ ဝါဆိုလ)


တရားချစ်ခင် သာသနာ့နွယ်ဝင် သူတော်စဉ် သူတော်ကောင်းတို့ အနေအားဖြင့်..

(သန္ဓေ တောထွက်၊ ဓမ္မစက် မိန့်မြွက် လဝါဆို) ဆိုတာ သူတော်ကောင်းတို့ မှတ်သားပြီးသားဖြစ်မှာပါ။

(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

ထို့အပြင် လယ်တီဆရာတော် ဘုရားကြီး၏ ခုနှစ်နေ့ ဘုရားရှိခိုးမှာလည်း အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖဝါး ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်း ကပ်လာ နတ်ဗြဟ္မာကို ဝါဆိုလပြည့် စနေ့နေဝယ် ကြွေကြွေလျမ်း တက် ဓမ္မစက်ကို မိန့်မြွက်ထွေပြား ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကိုး။ (လယ်တီ ဆရာတော်)

ထို့ကြောင့် မကြာမှီ ရောက်ရှိလာတော့မည် ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါး၊အမှန်တရားကို ဟောပြ ခဲ့တဲ့ သစ္စာ အလင်းရောင် ဆောင်ယူပြသခဲ့တဲ့ နေ့ ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။ ဓမ္မစင်္ကြာ-တရားဦး ဟောကြားတော် မူခဲ့တဲ့ နေရာလေး ကလည်း ရိုးရိုး ရှင်းရှင်းလေးဖြစ်တယ်ဆိုတာ မှန်းဆ ကြည်ညိုလို့ရပါတယ်။

ပြီးတော့ မြတ်ဗုဒ္ဓလောင်းလျာဟာ တောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။ (ကပိလဝတ်ပြည်နှင့် ကောလိယပြည် အကြား လုဗ္ဗိနီအင်ကြင်းတော)

မြတ်ဗုဒ္ဓလောင်းလျာသည် တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။

ထို့အပြင်ဘုရားဖြစ်ပြန်တော့လည်း နေရဉ္ဖရာကမ်းခြေနှင့် လူသူမနီးတဲ့ ဗောဓိညောင် ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။
(သူတော်ကောင်းတို့ ပျော်မွေ့ရာဖြစ်တဲ့ ဥရုဝေဠတော)။

မြတ်ဗုဒ္ဓ တရားဦး ဟောကြားတော်မူခဲ့တာလည်း ဣတိပတနခေါ်ဆိုတဲ့ သားပေါင်းစုံသော တော ထဲမှာပင်ဖြစ်သည်။ (မိဂဒါဝုန်တော)

လူသုံးပါးတို့၏ ဦးခိုက်ရာဖြစ်သော မြတ်ဗုဒ္ဓရှင်တော်သည် ပရိနိဗ္ဗာန်စံဝင်တော့လည်း(ကုသိနာ ရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာပင်ဖြစ်လေသည်။ (မလ္လာမင်းတို့ စိုက်ပျိုး ထားသော ရဂုံသာမော အင်ကြင်းတော့)

ဘုရားအစရှိသော ရှေးသူတော်ကောင်းတွေဟာ အရိပ်စုံလှ သာယာလှတဲ့ သစ်ပင်တောတောင်တွေမှာ မွေ့လျော်ကြတာ သူတော်ကောင်း တို့ အနေနဲ့ လွန်စွာ မှတ်သား စရာ ကောင်းပါတယ်။

ထို့အပြင် ဆရာကြီး မင်းသုဝဏ်ကလည်း မျိုးချစ်စိတ်ဓာတ်အတွက် အောက်ပါ ကဗျာလေး ကို ရေးသားသွားသည်ကိုလည်း တွေ့ရပြန်တယ်။

“ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။”   (ဆရာကြီး မင်းသုဝဏ်)

ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု

ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးမှု
=====================





ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းရင်းသား လူမျိုးများ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ယနေ့ (၂၀၁၂ ဇူလိုင်လ ၂၅ ရက်နေ့) တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးနေစဉ်။


ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ 

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ 

အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။
 

ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိ ရင် နောက်ဆုံး အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းကတော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှခြင်း ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅.၆ % ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်ဆိုတာကိုမြင်ရပါတယ်။ 

Monday, July 23, 2012

ဂန္တဝင်မြောက်တဲ့ ဘဝခြေလှမ်း


***** ဂန္တဝင်မြောက်တဲ့ ဘဝခြေလှမ်း *****


ဘဝတစ်ခုရဲ့ တရားခံဟာ
လကွယ်ညလို ကိုယ့်အလင်းကို
ကိုယ့်အရိပ် ကွယ်တဲ့ ကမ္ဘာပါ
အလင်းတစ်ခု ကွယ်လွန်သွားရင်
အမှောင်တိုက်ကြီး မွေးဖွားလာမယ်
ကိုယ့်လမ်းကြောင်း ဖြောင့်ဖို့ရာ
အားလုံးကို တံခါးပိတ်ပြီး ညာရတော့မှာလား..။

သမိုင်းမျက်နှာစာမှာ ကြည့်ခဲ့ဖူးတဲ့
စာမျက်နှာကို အမှောင်ချလို့
တယူသန်စိတ်နဲ့ ဘိက်သိပ်ခံခဲ့
ကျန်ရစ်ခဲ့တဲ့ ခြေရာတွေဟာ
ကျောနောက် ထိရှတဲ့ ဓားချက်တွေသာဖြစ်မှာပေါ့...။

တိုက်ခိုက်မှု မရှိဘူး...
လှုပ်ရှားမှု မရှိဘူး..
ဒီအတိုင်းပဲ တည်ငြိမ်..
ငြိမ်သက်နေတဲ့ လေဟာနယ်ထဲ
လွင့်တင်ထားတဲ့ ဘဝတံဆိပ်ဖြစ်တဲ့
သမိုင်းတစ်ခုရဲ့ အလံဆိုတာ
လေတိုက်မှ လှတဲ့ အရာပေါ့...။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လက်တို့ တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံမှု၌ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင်
စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။

"ထိုင်းဝန်ကြီးချုပ်က မနေ့ကမှ နိုင်ငံခြားခရီးစဉ်က ပြန်ရောက်လာတဲ့ အတွက် ဒီနေ့ရောက်မှ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့မနက် ၁၀ နာရီအချိန်က ထိုင်းအစိုးရ အိမ်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုကြိုဆိုပွဲ လုပ်ပါတယ်။ အဲတာပြီးတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သီးခြားတွေ့ဆုံပါတယ်။ တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ ၀န်ကြီးတွေ နားလည်မှု စာချွန်လွှာရေးထိုးခဲ့တယ်။ နောက်ပိုင်းမှာတော့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်"ဟု ကိုဝေဖြိုးက ပြောပါသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံမှုအပြီး ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာများမှာ မြန်မာ- ထိုင်း အစိုးရတို့ အကြား ထားဝယ် အထူး စီးပွားရေးဇုန်နှင့် စီမံကိန်း ဆက်စပ် နယ်မြေများတွင် ပြီးပြီး ပြည့်စုံသော ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ မြန်မာ- ထိုင်း အစိုးရတို့ အကြား မြန်မာနိုင်ငံအနှံ့ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာနှင့် စွမ်းအင် ဖိုရမ် တည်ထောင်ရေး ဆိုင်ရာ ပူးတွဲကြေညာချက် နားလည်မှု စာချွန်လွှာများ ဖြစ်ကြောင်း သိရပါသည်။

နားလည်မှုစာချွန်လွှာ ရေးထိုးမှုအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမ လုပ်ဆောင်ရာတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှု အပါအ၀င် နှစ်နိုင်ငံ ဆက်သွယ်မှု လမ်းကြောင်းများ မြှင့်တင်ရေး၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးတွင် ကူညီ ဆောင်ရွက်ပေးရန် အစရှိသည်တို့ကို ပြောဆိုခဲ့ကြောင်း သိရသည်။

အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်တဲ့ သခင်နု မိန့်ခွန်း

အာဇာနည်ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်တဲ့ သခင်နု မိန့်ခွန်း


ဗိုလ်ချုပ်တို့ကျဆုံးပြီး နောက်သုံးရက်( ၂၂ ဇူလိုင် ၁၉၄၇ )မှာ ပြောကြားတဲ့ သခင်နုရဲ့ အသံလွှင့်မိန့်ခွန်းထဲက အာဇာနည်ကြီးများ အပေါ် သဘောထား အမြင်များဖြစ်ပါတယ်။ သခင်နုတစ်ယောက်တည်း ပြောပေမယ့် အဲဒီအချိန်က ဖဆပလ ခေါင်းဆောင်ကြီးများ ရဲ့သဘောထားများအမြင်များလည်းဖြစ်ပါတယ်။

၁။ ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အကြောင်းဆိုလျှင် တတိုင်းတပြည်လုံး ကောင်းကောင်းသိတာပဲ။ ကျွန်တော်ထပ်ပြီး ဖေါ်ပြနေစရာမလိုသလောက်ပါပဲ။ ဒါပေမဲ့နဲနဲတော့ ကျွန်တော်ပြောချင်သေးတယ်။ ဗိုလ်ချုပ်ရဲ့ဖြူစင်တဲ့စေတနာ၊ တည်ကြည်တဲ့
သမာဓိတွေကို အားကိုးနဲ့ ကျွန်တော်တို့ရဲ့ တသက်မှာဖြင့် တခါမှမကြုံဘူး
အောင် တတိုင်းတပြည်လုံးဟာ ထူးထူးကဲကဲကြီးစည်းလုံးညီညွတ်
လာပါတယ်။ ရှမ်း၊ချင်း၊ကချင်အစရှိတဲ့ တောင်ပေါ်သားများဆိုလျှင်လည်း အခြားအရှိန်တွေနဲ့ ဗိုလ်ချုပ်ရဲ့အရှိန်ကြောင့် ဗမာတွေနဲ့ ပိုမိုရင်းနှီး စည်းလုံး
လာခဲ့ကြပါတယ်။ ကရင်တွေဆိုလျှင်လဲ ဗိုလ်ချုပ်ကိုပုဂ္ဂိုလ်စွဲနဲ့ ကြည်ညို
ယုံကြည်တာက အစပြုပြီး ဗမာတွေနဲ့ ပိုမိုရင်းနှီးသွေးစည်းခဲ့ကြပါတယ်။ ဗမာလူထုဆိုတာကတော့ အထူးပြောစရာမလိုဘူး၊ လူထုနဲ့ဗိုလ်ချုပ် - ဗိုလ်ချုပ်နဲ့လူထုဆိုတာ ခွဲမရအောင်ပင်ဖြစ်ခဲ့ရပါတယ်။ အမှန်စင်စစ်
အဲဒီလို ရှင်ခွဲ ခွဲလို့မရလို့ သေကွဲ ကွဲအောင် ဒီလူယုတ်မာတွေက ဗိုလ်ချုပ်ကိုသေကြောင်းကြံကြတာပါပဲ။ အဲဒီလောက်အထိ ဗိုလ် ချုပ်ရဲ့
အရှိန်ကိုခိုပြီး တနိုင်ငံလုံးစည်းရုံးခဲ့ပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိတဲ့ ဗမာ့ရာဇ၀င်တခုလုံးကို လှန်လှောရှာဖွေလိုက်ရင် ဗမာတွေ ဒီလိုစည်းလုံးခဲ့တာမျိုးဟာ
(၁) ဘုရင်အနော်ရထာမင်းစော လက်ထက်မှာတစ်ကြိမ်။
(၂) ဘုရင့်နောင်လက်ထက်မှာတစ်ကြိမ်။
(၃) အလောင်းဘုရားလက်ထက်မှာတကြိမ်။
(၄) ဆင်ဖြူရှင်လက်ထက်မှာ တကြိမ်။ အဲဒီလေးကြိမ်ပဲရှိခဲ့ဘူးပါတယ်။

Saturday, July 21, 2012

တက္ကသိုလ်မြတ်မင်း၏ အကောင်းဆုံးဆုရ ကဗျာ

 

ဝင်္ကပါများသော လျှိုဝှက်ချက်


အသိုင်းဝိုင်းက အသိဥာဏ်မဲ့
အတွေးခေါင် လွင်ပြင်ကျယ်ထဲက
လူ့ဘဝရဲ့ အစိတ်အပိုင်းကို
သင်္ချာတွတ်မိတော့ အစားထိုးတဲ့
ထပ်ကိန်းတွေသာများသွားတယ်
ရရှိလိုက်တဲ့ အဖြေက
ဘာမရှိတဲ့ သုညတဲ့...။

သုည...သုည..  သုည..
ငါ.. ကြားဖူးခဲ့တဲ့ ကမ္ဘာကျော်တွေ
ဟင်းသီးဟင်းရွက် ရောင်းလို့
ဘဝ စတင်ခဲ့တာလည်း ရှိတယ်..။

မြေပေါ်မှာ ဒုတ်ကလေးနဲ့
ဟို ခြစ် ဒီ ခြစ် လက်နှစ်ဖက်ကို ကျစ်လို့
ဘဝတစ်ခု စ ခဲ့တာလည်း ရှိမယ်..။

အိမ်အစုတ်ကလေးထဲ တကုတ်ကုတ်နဲ့
လျှပ်စစ်ထုတ်ခဲ့တဲ့ သူလည်းရှိမယ်..။

အရူးလွယ်အိတ်ပမာ ဟိုထည့် ဒီထည့်
ကမ္ဘာပတ်ခဲ့တာလည်း ရှိမယ်..။

ပင်လယ်စွန်တကောင်လို့ ရေပေါ်မှာ
ပျံသန်းသွားတာလည်း ရှိမယ်..။

ကောင်းကင်ကြီးထဲက စွန်တွေလို သိန်းငှက်တွေလို
ဝဲပျံနေတာလည်း ရှိမယ်..။

ကမ္ဘာ့စစ်မြေပြင် စစ်မျက်နှာပြင်မှာ
လူစွမ်းကောင်းတွေ လုပ်ခဲ့တာလည်း ရှိမယ်..။

ဘာသာတရား အထင်အရှားနဲ့
ကျော်ကြားလာတာလည်း ရှိမယ်..။

ပန်းတိုင်ကို ရောက်လာတဲ့သူတိုင်းရဲ့
သမိုင်းကြောင်း အခြေခံတွေက
အောက်ခြေက စတင်ခဲ့တာများတယ်
သူငယ်ချင်း မင်း... အားမလျော့နဲ့
လျှပ်တပျက် မိုက်တီးရဲ့ရိုက်ချက်က
လူစွမ်းကောင်း ဖြစ်မယ်ဆိုတာ
ငါ...ယုံကြည်တယ်..ဇွဲ မလျော့နဲ့ ရှေ့တက်ခဲ့..။

Thursday, July 19, 2012

အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

ဒီချုပ်ရုံးချုပ်တွင် ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့် ခွန်း


 ၁၉- ဇူလိုင်- ၂၁၂

ကျွန်မကဒေါက်တာဘွဲ့မရှိပါဘူး။ ဂုဏ်ထူးဆောင်ပေးတယ် ဆိုတာဟာ ဒေါက်တာဆိုတဲ့ အသုံးအနှုန်းကို မသုံးသင့်ပါဘူး။ သုံးပိုင်ခွင့်မရှိပါဘူး။ ကျွန်မကို ဒေါ်အောင်ဆန်းစုကြည်လို့ပဲ ရိုးရိုးဆက်ပြီးခေါ်သွားလို့ရပါတယ်။ ဒေါက်တာ အခေါ်ခံစေချင်ရင် စာမေးပွဲဖြေရတော့မ လိုဖြစ်နေပြီ၊ အားလုံးဒီလို အာဇာနည်နေ့မှာ သိုက်သိုက်ဝန်းဝန်းရောက်လာတဲ့အတွက် ကျွန်မ၀မ်းသာပါ တယ်။ ကျွန်မတို့ အာဇာနည်နေ့ ကျင်းပတယ် ဆိုတာဟာ အခုနှစ်တင် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဘယ်လိုပဲ အခက်အခဲတွေ ရှိခဲရှိခဲ့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့ကို ကျင်းပဖြစ်အောင် ကျင်းပခဲ့ပါတယ်။ ဒီလိုကျင်းပရတဲ့အကြောင်းဟာ ကျွန်မတို့ အခြေခံအားဖြင့်တော့ နိုင်ငံရေးအကြောင်းပဲ လို့ပြောရမှာဖြစ်ပါတယ်။

ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအကြောင်းကို အခြေခံပြီးတော့ ဒီလိုပွဲတွေကို ကျင်းပတာပါ။ အာဇာနည်စိတ်ဓာတ်ကို ကျွန်မတို့နိုင်ငံမှာ ပြန့်ပွားစေချင်လို့။ ဒီလို အာဇာနည် စိတ်ဓာတ်ပြန့်ပွားစေချင် တယ်ဆိုလို့ရှိရင် အာဇာနည်စိတ်ဓာတ်ကို လေးစားတယ် ဆိုတာ ဟာကျွန်မ တို့နိုင်ငံမှာရှိရမယ်။ အများမလေးစားတဲ့ဟာကို ပြန့်ပွားအောင်လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒီတော့ကျွန်မတို့ အာဇာနည် စိတ်ဓာတ်က ဘာလဲဆိုတော့ ပြောနိုင် တာတွေက အမျိုးမျိုးပေါ့နော်။ ကျွန်မအမြင်မှာတော့ အာဇာနည် စိတ်ဓာတ်ကို အများက မြင် တာက သတ္တိရှိခြင်းနဲ့ပဲဆိုင်တယ်လို့ မြင်ကြတာများတယ်။ သတ္တိရှိတာကို အာဇာနည် စိတ်ဓာတ်ပေါ့ ၊ ရဲရဲရင့်ရင့်နဲ့ လုပ်ရဲကိုင်ရဲတာကို အာဇာနည် စိတ်ဓာတ်လို့မြင်ကြတယ်။

Wednesday, July 18, 2012

★★★★★ ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ ★★★★★

 

★ ဗိုလ်ချုပ်အောင်ဆန်း ★

(၁၉၁၅ ခုနှစ် - ၁၉၄၇ ခုနှစ်)

★★★★★ ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ ★★★★★




၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် မကွေးတိုင်း နတ်မောက်မြို့၌ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသောလည်း အကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟုခေါ်တွင်ခဲ့သည်။

၁၉၂၂။ ။ အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတထံတွင် ကျောင်းနေခဲ့သည်။

၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောငိးသို့ ပြောင်းနေခဲ့သည်။

၁၉၃၀။ ။ သတ္တမတန်းအောင်ကာ ဦးရွှေရိုးစကောလားရှစ်ရသည်။ တစ်လ ၁၀ဖြင့် သုံးနှစ်စာ စကောလားရှစ်ရခဲ့သည်။

၁၉၃၂။ ။ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္တသိုလ်ရောက်သည်။

၁၉၃၄။ ။ ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ် ၂၃၁)။ တကသ အမှုဆောင်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။

၁၉၃၅-၃၆။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးမဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ "ခွေးသရမ်းကြီးလွတ်နေသည်" (Hell Hound At Large) ဆောင်းပါးရေးသူကို ထုတ်ဖော်မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။

၁၉၃၆။ ။ တကသ ဒုဥက္ကဌရွေးချယ်ခံရသည်။ ရန်ကုန်မြို့ ဂျူဘာလီဟောခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံတွင် မိန့်ခွန်းပြောကြားသည်။

၁၉၃၇။ ။ အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)တွင် နေခဲ့သည်။

၁၉၃၇-၃၈။ ။ တကသဒဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်။

၁၉၃၈။ ။ ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဌ နေရာမှ၎င်း နှုတ်ထွက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နယူဘားမား သတင်းစာ အယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။

အာဇာနည်နေ့ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို လွမ်းဆွတ်ခြင်း

 

အာဇာနည်နေ့ လွမ်းဆွတ်ခြင်း


သူ့... အပြုံး.. သူ့.. ကလောင်တွေဟာ
ငါတို့နဲ့ ငါတို့ မျိုးဆက်သစ်တွေရဲ့ နှလုံးသားတွေမှာ
ကျောက်စာထိုးလို့ မော်ကွန်းတင်ခဲ့သလို
မနေ့က သူ့..အပြုံးတွေက 
ငါတို့ပြည်အတွက် လွတ်လပ်ရေးကို
သယ်ဆောင်ခဲ့ပေါ့...။

မနေ့ကလို ထင်ကျန်ခဲ့တဲ့ ဟိုအတိတ်...
၁၉၄၇-၁၉ ဇူလိုင်ဆိုတဲ့ နေ့ရက်....
အာဇာနည် သူရဲကောင်းတွေအတွက်
လွမ်းဆွတ်တဲ့ နေ့ရက်.....
ငါတို့ ဝမ်းနည်းခြင်းတွေဖြစ်ခဲ့ပေါ့...။

လောကဓံရိုက်ချက်ကြောင့် ဘဝတကွေ့မှာ
တခဏတာ သူ့..ခန္ဓာအိမ် မြေကျသွားပေမဲ့
သူ့..စိတ်ဓာတ် သူ့... အပြုံး
သူ့.... လုပ်ဆောင်ချက် သူ့... မေတ္တာ
သူ့... သစ္စာတွေ ငါတို့နဲ့
ငါတို့ရဲ့ မျိုးဆက်သစ်တွေဆီမှာ
ထာဝရတည်ရှိနေတဲ့ ရိုးမတောင်တန်းကြီးတစ်ခုလို
ငါတို့ နှလုံးသား အသည်းစိုင်မှာ
စိုက်ထူနေမြဲ တည်နေမြဲပေါ့...။

Sunday, July 15, 2012

ကန္တာရ စည်းဝိုင်းထဲက နှင်းဆီ

 

ကန္တရ စည်းဝိုင်းထဲက နှင်းဆီ


ခုနှစ်သက္ကရာဇ်တွေ ပြိုကျသွားခဲ့
နှစ်လရက်တွေ အခါခါပြောင်းလွဲရင်း
ရာသီတွေလည်း နှောင်းခဲ့ပြီ
မပြောင်းလွဲသေးတဲ့ ဒဏ်ရာများက
ကန္တာရနှစ်များထဲ သစ္စာထားခဲ့ပေါ့...။

မင်းကွာ...
နေနိုင်လိုက်တာ..
ပတ်ဝန်းကျင်မှာ အသိပညာ အတက်ပညာတွေ
ငတ်မွတ်နေတာ မသိသလိုနဲ့
မေ့မျောခေါင်းကိုက် ဝေဒနာစွဲကပ်
ဆေးချက် မပါတဲ့ စာရွက်ပေါ်မှာ
စာမရေး လေမသွေ သတင်းလေးတောင် မကြားရ
ပဲ့တင်သံ ပြန်မလာတဲ့ ဂူနံရံတွေမှ မရှိတာ
ဒီအတိုင်းဆို.....
ညွန့်မောင်းဖွဲ့ထားတဲ့ မဟာမိတ်ထဲ
ငါတို့ မျိုးဆက်သစ်တွေ မွေးဖွားလာတဲ့အခါ
ကြောင်တောင်ကန်းနဲ့ နားတွေပင်းလို့
ချိတ်ပိတ်ခံရတဲ့ ပါးစပ်တွေ ဖြစ်နေအုန်းမယ်...။

အသားတွေလည်း ကြေလို့
အရိုးတွေလည်း နာကျင်ခဲ့တဲ့..
ဘဝလယ်ကွင်းထဲမှာ
သင်္ခန်းစာ စာမျက်နှာမပါတဲ့...
လောကဓံမြင်ကွင်းကို ငေးကြည့်ရင်း...
ငါ့တို့ ဒေါသတွေကိုတောင် သံသယဖြစ်မိခဲ့..။

Friday, July 13, 2012

အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများ

အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ


ဆီရမ်ရိ၊ ကမ္ဘောဒီးယား - ဇူလိုင် ၁၃
မင်္ဂလာပါ-

လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြသော ဧည့်သည်တော်များခင်ဗျား-


ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန်အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါ တယ်။ သန်းပေါင်း(၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြားတည် ရှိနေပါတယ်။ ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတ အရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံများအကြားမှာ ဖွံ့ဖြိုးမှု နောက် ကျလျက် ရှိပါတယ်။

Thursday, July 12, 2012

ငါတို့ ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ ဦးပုကလေးရေ? What Our Bogyoke Did U Pukalay?

What our Bogyoke Did Upukalay ငါတို့ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲ ဦးပုကလေး

၆၅ နှစ်မြောက် အာဇာနည်နေ့အကြို ကိုယ်ရေးသမိုင်းများ

★ မြန်မာ့နိုင်ငံရေးသမိုင်း လေ့လာချက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကိုလိုနီခေတ် (၁၈၈၆-၁၉၄၁) နှောင်းပိုင်းကာလ အမျိုးသားရေး လုပ်ဆောင်ချက်များ ★
 

*ရေးသူ-တင်နိုင်တိုး*


~ ၂၀၁၂ ပြည့်နှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ၆၅ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ ~ 

 ★ ★ ★ ★ ★ ★ ★ ★ ★  


★ အာဇာနည် ခေါင်းဆောင်ကြီးများမှာ ★

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဒီးဒုတ်ဦးဘချို၊ မိုင်းပွန်စော်ဘွား၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး၊

"ကိုလိုနီခေတ် (၁၈၈၆-၁၉၄၁) နှောင်းပိုင်းကာလဖြစ်သော ညွန့်ပေါင်းအစိုးရလက်ထက်(၁၉၃၇-၁၉၄၁) တွင်(၁၉ ဇူလိုင် ၁၉၄၇ ၌ကျဆုံးခဲ့ကြသည့်) အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမျိုးသားရေးလုပ်ဆောင်ချက်များကို ပြန်ပြောင်းလေ့လာကြည့် ပါက စိတ်ဝင်စားဖွယ် တွေ့ရှိရပါသည်။"

★သခင်အောင်ဆန်း


၁၃ ဖေဖော်ဝါရီ ၁၉၁၅ တွင် နတ်မောက်မြို့၌ ဖွားမြင်ခဲ့သော သခင်အောင်ဆန်းသည် ငယ်စဉ်က နတ်မောက်မြို့ဆရာတော် ဦးသောဘိတကျောင်းတွင် ပညာသင်ယူခဲ့ပြီး ၁၉၂၈ ခုနှစ် အသက် ၁၃ နှစ် အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပါသည်။ ၁၉၃၂ ခုနှစ်တွင် ယင်းကျောင်းမှ ဆယ်တန်းအောင်မြင်ပြီး ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ခဲ့၏။၁၉၃၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင် အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ထိုစဉ် အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရရာ Hell Hound at Large ဆောင်းပါးရေးသူအမည်ကို ထုတ်ဖော်မပေးမှုဖြင့် ကျောင်းထုတ်ခံခဲ့ရ၏။

၁၉၃၆-၃၇ ခုနှစ်များအတွင်း ကိုအောင်ဆန်းသည် တကသဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၃၇ ခုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာစာမေးပွဲကို အင်္ဂလိပ်ဘာသာစာပေ၊ နိုင်ငံရေးသိပ္ပံ၊ ဥရောပရာဇ၀င် ဘာသာရပ်များဖြင့် ဖြေဆိုအောင်မြင်ခဲ့၏။ ၂၅ ဧပြီ ၁၉၃၈ တွင် ကိုအောင်ဆန်းအား ဗကသဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။သို့သော် မကြာမီ ကိုအောင်ဆန်း ဗကသမှ နုတ်ထွက်ကာ တို့ဗမာအစည်းအရုံး၌ သခင်အောင်ဆန်းအဖြစ် အထွေထွေအတွင်းရေးမှူး ဖြစ်လာပါသည်။ ၁၃၀၀ ပြည့် အရေးတော်ပုံအတွင်း သခင်အောင်ဆန်းသည် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။ ၉ ဇန်န၀ါရီ ၁၉၃၉ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံးကို ဖွဲ့စည်းသောအခါ သခင်အောင်ဆန်းသည် အမှုဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့၏။

ရိုဟင်ဂျာ မြန်မာပြည်သားမဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန် ပြောကြား


ရိုဟင်ဂျာ ဘင်္ဂလီတွေနဲ့ ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သဘောထားပြောပြီးပြီ၊ ၈၈ခေါင်းဆောင်တွေလည်း ပြောပြီးပြီ.. ကဲ အခုနောက်ဆုံး သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ရိုဟင်ဂျာအပေါ် သဘောထားကို ပြတ်ပြတ်သားသား ပြောလိုက်ပါပြီ..

သမ္မတဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာအပေါ် သဘောထားနဲ့ အနာဂတ်ဘင်္ဂလီအရေးကို ဒီလို ပြောလိုက်ပါပြီ


နေပြည်တော် ဇူလိုင် ၁၁

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမ ၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များအရေးကိစ္စနှင့် ရခိုင်ပြည်နယ်အရေးကိစ္စ များကို ဆွေးနွေးခဲ့ကြ သည်။ နိုင်ငံတော်သမ္မတသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်-

"သမိုင်းကြောင်းအရ ဘင်္ဂါလီများ ၀င်ရောက်လာသည်မှာ ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာလုပ်ကိုင်ရန် ခေါ်သွင်း လာခြင်း ဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေ ရှိကြောင်း၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် ၁၉၄၈ ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက် ရှိကြောင်း။"

Wednesday, July 11, 2012

သိပ္ပံနည်းကျ ပြုစားခြင်း


သိပ္ပံနည်းကျ ပြုစားခြင်း


တစိမ့်စိမ့် ယိုစီးနေတဲ့
နှလုံးသား လယ်ကွင်းထဲ
ခံစားချက် ကဗျာဆိုတာ မရှိတော့ရင်
ကမ္ဘာကြီး ပျက်သုန်းသွားလိမ့်မယ်..။

ဓာတ်စာမတူညီတဲ့
မျက်ဝန်းအိမ် ကင်မရာထက်မှာ
မျက်တောင်တစ်ချက် ခလုတ်နှိပ်မိတယ်
ဒဏ်ရာတော့ မရခဲ့ဘူး..
အရှိုက်ထိသွားတယ်...။

အား...
ထိခိုက်သွားတဲ့ နာကျင်မှု တစ်ခုက
စူးစူးနစ်နစ် ခံစားလိုက်ရတယ်
တိုဆေးမိသွားတာလား
ခဏတော့ မေ့သွားသလို ဖြစ်ခဲ့
သတိရလာတော့ ဖျက်ကနဲ ရှာကြည့်လိုက်တယ်
မရှိတော့ဘူး ဘာမှ မရှိတော့ဘူး သွားပြီ..။

ဒီလိုနဲ့ အမှောင်ထုအောက်
အိပ်စက်ဖို့ ကြိုးစားရုန်းကန်ရင်း
အလင်းတစ်ချက် ဝင်ရောက်တိုက်ခိုက်လို့
ဘုရား... ဘုရား... ဘုရား..
သုံးကြိမ် ရေရွတ်မိရင်း
ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်တော့
ဘာမှ မရှိ အမှောင်ထုသာ ကြီးစိုးနေဆဲ
တကယ်... လှုပ်ရှားနေတဲ့
နှလုံးသားက အကြည်းတန်သွားပြီလေ..။

သုညအိပ်မက် မမျှော်လင့်နဲ့

သုညအိပ်မက် မမျှော်လင့်နဲ့


အနောက်ပေါက်မှာ စောင့်နေတဲ့ ဘီလူးနဲ့
အရေခြုံထားတဲ့ အတိတ်အိုက...
အကျပ်ကိုင်လွန်းလို့ ...
ဇောချွေးတွေ ရုန်းထ...
ဆူပွတ်နေတဲ့အထဲ...
ဒီ ခြောက်လန့်မှု တစ္ဆေခရီးကို...
ဘယ်သူက လျှောက်လှမ်းဖို့...
ရည်ရွယ် လက်ခံနိုင်မှာလဲ...
သွား... ထွက်သွားပါ....။

မာနတွေ ကြယ်တံခွန်ဖြစ်လို့...
ဒေါသ နဂါးရဲ့...
အကြည့်တိုင်း မီးပြတိုက်ဖြစ်...
အကြံစည်တိုင်း လောင်မြှိုက်ခဲ့...
လက်ပြန် မထိရှတဲ့...
ဦးခေါင်းက အသိဥာဏ်မဲ့လို့....
အဆိပ်ကုန်သည် နောက်လိုက်အဖြစ်နဲ့...
ရူးသွပ်ရင်း အစာငတ် ဘီးလူးတကောင်ရဲ့...
မိုက်ဇာတ် ဆက်မခင်းချင်တော့...
သွား....ထွက်သွားပါ...။

အရောင်မထွက်တဲ့ ကျာဖွတ်ထိပ်ဖျားမှာ...
သမိုင်းတခွင် နာကြည်းခဲ့တဲ့...
မေတ္တာ သွေးစက်တွေက..
သတိပေးနေပါတယ်...။

Monday, July 9, 2012

ဘဝ ဆည်းဆာ


ဘဝ ဆည်းဆာ


ဘဝဇာတ်ခုံပေါ် ကကြိုးစုံပါရဲ့
အခန်းဝင်တိုင်း ဒဏ်ရာဒဏ်ချက်တွေနဲ့
ရိုက်ချက်ပြင်းလွန်းလို့ မေ့မြောခဲ့ပေါ့...။

ဒါပေမဲ့..
အဖြည့်ခံ သင်္ခန်းစာတွေကို ရေးဆွဲခဲ့ရင်း..
အကမလှတဲ့ ညတစ်ညမှာ
ဇာတ်ဆရာ အလိုမကျလို့
သုညက ပြန်စခဲ့ရတဲ့ ငါ့ဘဝကို
ဘယ်သူ.. သိနိုင်မှာလဲ...။

တစ်ခါတရံ...
ငါဟာ ရှိုက်စပီးယားပြဇာတ်တွေထဲက
ဇာတ်လမ်းတစ်ပုဒ်အတွက် ဇာတ်ဆောင်လုပ်ခဲ့သူပေါ့...။

တစ်ခါတရံ...
မင်းဘူး ဦးသြဘာရဲ့
ဇာတ်တော်ကြီး ဆယ်ဘွဲ့ထဲက
ဇာတ်လမ်းတစ်ပုဒ်အတွက် ဇာတ်ရံ ဖြစ်ခဲ့သူပေါ့..။

တစ်ခါတရံ...
ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက
ဇာတ်လမ်းအတွက် ဇာတ်လိုက် ဖြစ်ခဲ့သူပေါ့..။

တစ်ခါတရံ....
ခေတ်ပေါ် သင်္ဂါရရသ မြောက်ဖို့အတွက်
သေနတ်ထမ်း လက်ရမ်းရတဲ့ လူမိုက်ကြီးပေါ့..။

တစ်ခါတရံ..
အဆွေးသဘော အလွမ်းရေယာဉ်ကြောမှာ
ဝေဒနာ ထန်းပိုးနဲ့ ဒဿဂီရိလို လူပေါ့...။

Sunday, July 8, 2012

သမ္မတ အကြံပေးကောင်စီအဖွဲ့ ဖွဲ့စည်းလိုက်ပြီ

 

သမ္မတ ဦးသိန်းစိန် ၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုဒ် စာမျက်နှာ


ကဲ။ အခုတော့ သမ္မတ အကြံပေးကောင်စီဆိုပြီး ဖွဲ့လိုက်ပါပြီ။ အကြံပေးကောင်စီမှာ ပါဝင်တဲ့ လူစာရင်းလည်း ရလို့ တင်ပြပေးလိုက်ပါတယ်။ အရင်ကတော့ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့၊ နိုင်ငံရေး အကြံပေးအဖွဲ့ဆို တာတွေ ရှိခဲ့ကြပါတယ်။ အခုကတော့ အကြံပေး ကောင်စီ ဆိုတော့ အရင်ထက်စာရင် ဖွဲ့စည်းပုံတကျ ဖွဲ့စည်းတဲ့ သဘောလည်း ဖြစ်ပါ လိမ့်မယ်။

၁။ ဦးမော်သန်း (နာယက)
၂။ ဦးတင်ထွဋ်ဦး (ဥက္ကဋ္ဌ)
၃။ ဒေါက်တာ အောင်ထွန်းသက် (အဖွဲ့ဝင်)
၎။ ဒေါက်တာ ဒေါ်ခင်စန်းရီ (အဖွဲ့ဝင်)
၅။ ဒေါက်တာ ကျော်ရင်လှိုင်(အဖွဲ့ဝင်)
၆။ ဒေါက်တာ ဇော်ဦး (အဖွဲ့ဝင်) ( ယခင် ABSDF ခေါင်းဆောင်ဟောင်း)
၇။ ဦးသီဟံမျိုးညွန့် (အဖွဲ့ဝင်)
၈။ ဦးသန့်မြင့်ဦး (အဖွဲ့ဝင်) ( ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေး )
၉။ ဦးတင်မောင်သန်း (အဖွဲ့ဝင်)
၁၀။ ဦးဝင်းအောင် (အဖွဲ့ဝင်)
၁၁။ ဦးသောင်းတင် (အဖွဲ့ဝင်)
၁၂။ ဒေါက်တာ ကိုကိုကြီး (အဖွဲ့ဝင်)
၁၃။ ဦးသန်းလွင် (အဖွဲ့ဝင်)
၁၄။ ဦးခင်မောင်အေး (အဖွဲ့ဝင်)
၁၅။ ဦးလှမောင်ရွှေ (အဖွဲ့ဝင်) ( မြန်မာ- အီးဂရက်စ် - ငါးလုပ်ငန်း)
၁၆။ ဦးမိုးကျော် (အဖွဲ့ဝင်)
၁၇။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် (အဖွဲ့ဝင်)
၁၈။ ဒေါက်တာ စစ်အောင် (အတွင်းရေးမှူး)

Friday, July 6, 2012

လောကဓံကျွန်းမှ ကမ္ဘာမကြေသံ


လောကဓံကျွန်းမှ ကမ္ဘာမကြေသံ


လောကဓံ လေဟာနယ်ဟာ
အသက်ရှုခွင့်ပေးတဲ့ အရာတစ်ခုဆိုရင်
မင်းတို့ ရှုရှိုက်နေတဲ့ လေဟာ
မနေ့က မင်းတို့ ကြိုးစားခဲ့တဲ့ အရာတွေပါ..။

လောကဓံက ကျယ်ပြန့်တယ်ဆိုပေမဲ့
ကမ္ဘာကြီးက လူမျိုးစု နံရံတွေနဲ့ ဖွဲ့စည်းထားတော့
ကမ္ဘာကြီးက ရွာတစ်ခုဖြစ်လာမှာပါ..။

ဒါပေမဲ့.... လူဆိုတာ...
စည်းဝိုင်းတွေ ကာရံတွေ အထပ်ထပ်
ဖွဲ့စည်းထားတဲ့ လောကဓံရဲ့ သမိုင်းတစ်ပုဒ်ပါ..။

သွေးနဲ့ ရေးခဲ့တဲ့ သမိုင်းတွေ
နှလုံးသား စာမျက်နှာပြင်မှာ
ထင်ကျန် မှတ်တမ်းတင်ရင်း
စိန်ခေါ်နေတဲ့ လောကဓံ ကြိုးဝိုင်းထဲ
ခက်မိုက်မိုက် ပြေးဝင်မိတယ်...။

အကြိမ်ကြိမ် လဲကျသွားလိုက်
အကြိမ်ကြိမ် အနိုင်ရလိုက်နဲ့
အနာတရ ဖြစ်လာတဲ့ တနေ့
လောကဓံ ကြိုးဝိုင်းက ထွက်ခွာဖို့ဆိုတာ
လွယ်ကူတဲ့ အရာမှ မဟုတ်တာ..။

Thursday, July 5, 2012

နှစ်ငါးဆယ်မြောက် ရွှေရတု ကျောင်းသားသမိုင်း

7 July 1962 - Dictator General Ne Win Destroyed Students Union Building in Myanmar 03

7 July အထိမ်းမှတ် အခမ်းနား

7-July

ပြိုင်ဖက်ကို လေးစားတတ်အောင် သင်ကြားတဲ့ ဖင်လန်ပညာရေးစနစ်

 

ပြိုင်ဖက်ကို လေးစားတတ်အောင် သင်ကြားတဲ့ ဖင်လန်ပညာရေးစနစ်


by မောင်ကြီးငြိမ်းချမ်း(မောက္ခပညာရေးမဂ္ဂဇင်း)

ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလန်နိုင်ငံမှာ ပြည်ပရောက်နေတဲ့ ဗမာနိုင်ငံသားတွေ ဗမာစာမဟုတ်တဲ့ တခြား ဘာသာစကားတခုကို ကျွမ်းကျွမ်း ကျင်ကျင် ပြောဆိုနိုင်တာ ဂုဏ်ယူစရာ ဆိုပေမဲ့ ဗမာစကားကို မေ့မပစ်ကြဖို့ လိုကြောင်း ပြောတော့ ဖင်လန်နိုင်ငံက ပညာရေးစနစ်နဲ့ ပညာရေး ၀န်ကြီးဌာနကို ကျေးဇူးတင်ပြီးရင်း တင်ရပါတယ်။

ဖင်လန်ဘာသာစကားဟာ တကမ္ဘာလုံးမှာကို သင်ကြားပြောဆိုဖို့ အခက်အခဲဆုံးထဲမှာပါတဲ့ ဘာသာ စကားတခုဖြစ်ပါတယ်။ လူဦးရေ ငါးသန်း လောက်ပဲ သုံးတဲ့ စကားမို့လည်း ဘယ်သူမှ အရေးမထားတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဖင်လန်နိုင်ငံဟာ ချမ်းသာတယ်ဆိုပေမဲ့ အလုပ် လာရောက် လုပ်ကိုင်တဲ့ ဗမာပြည်သား မရှိသလောက်ကို နည်းပါးပါတယ်။ အကြောင်းအချက်ကတော့ ပျော်ရွင်ကျန်းမာသော လူ့အဖွဲ့အစည်း တည်ဆောက်ထားတဲ့၊ ယင်း လူ့အဖွဲ့အစည်းကို ဆက်လက်တည်ရှိဖို့အတွက် အစိုးရက အခွန် ကောက်ခံပါတယ်။ လူတယောက်ချင်းရဲ့ ၀င်ငွေကို တွက်ချက်ပြီး အခွန်ကောက်တဲ့အတွက် သာမန် ရိုးရိုး အလုပ်လုပ်ကိုင်တဲ့ လူ တစ်ယောက်ဟာ သူ့နိုင်ငံ သူ့အဆင့်အတန်း သူ့ဓလေ့နဲ့ လူတန်းစေ့ နေမယ်ဆိုရင်တော့ မနက်ဖန်အတွက်နဲ့ အလုပ်ပြုတ်မှာလည်း မပူရပေမဲ့ တလ၀င်ငွေဟာ တလအတွက် လုံလောက်ရုံလောက်ပဲ ရှိပါတယ်။ ထားပါတော့ ဒါဟာ လက်ရှိအခြေအနေနဲ့ အလုပ်အကိုင်ကို ပါးပါးလေး ရှင်းပြထားတာပါ။

Wednesday, July 4, 2012

ရှင်သန်ခြင်းတို့ မွေးဖွားတဲ့ သီအိုရီ


ရှင်သန်ခြင်းတို့ မွေးဖွားတဲ့ သီအိုရီ

အမှောင်ည တံခါးမရှိတဲ့ လွင်ပြင်ကို
လျှောက်လှမ်းဖို့ ခက်ခဲ...။

လွဲမှားခြင်း ရသတွေနဲ့
အမှားတွေကို ချိုမြိန်စွာ သောက်သုံး..။

မသိမသာ အပြောဟာ
သိသိသာသာ မိုက်မှားခဲ့လို့
အချိန်ဆိုတဲ့ ကမ်းအိုပြင်မှာ
ငါ့ ကိုယ် ငါ မြှုပ်နှံခဲ့ရပြီ...။

မျှော်လင့်ချက် ဆန္ဒတွေ
အနာဂတ်မှာ အရောင်တောက်ဖို့
အဆိပ်ထဲက ပျားရည်စက်ကို
မော့သောက်ရသလိုပေါ့...။

ငြိမ်းချမ်းရေးဆိုတဲ့ ကဗျာတွေ
ငါ့ စိတ်ကူးထဲ တဖြေးဖြေး
ဝင်ရောက် တိုက်စားခဲ့...။

ချိုမြိန်တဲ့ အသီးတစ်လုံးကို မြည်းစမ်းကြည့်ဖို့
အတွေးခေါ် ဒဿနတွေ လောင်ချလိုက်တဲ့
အသိတရားနဲ့ ဓားတစ်လက်လို
ထက်မြက်နေတဲ့ တက်ကြွမှု စိတ်ဓာတ်လိုတယ်..။

အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ ဇူလိုင် (၇) လျှို့ ဝှက်မျက်နှာဖုံးဒီဇိုင်း


 အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ ဇူလိုင် (၇) လျှို့ ဝှက်မျက်နှာဖုံးဒီဇိုင်း

၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးခဲ့တယ်ဆိုတာ သိရှိသူ အင်မတန်နည်းပါးခဲ့ပါတယ်။

(မဂ္ဂဇင်းဓါတ်ပုံများအား ဖေါ်ပြထားပါတယ်။)

ဒါပေမယ့် ကျောင်းသားထုအတွင်းနဲ့  တက္ကသိုလ်နယ်မြေတွေမှာ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်း အကြောင်းလေးဟာ တိုးတိုးတိတ်တိတ်နဲ့  ပျံ့ နှံ့ ခဲ့ပါတယ်။ သိပ်မကြာပါဖူး တစ်ဆင့်စကားတစ် ဆင့်နားကနေ ဒီအကြောင်း မဆလစစ်အစိုးရနားထဲကို ရောက်သွားတဲ့အခါမှာတော့ မဆလ အာဏာရှင်တွေဟာ ထိတ်လန့် တကြားနဲ့  ဒီမဂ္ဂဇင်း ဖြန့် ချီနေမှုကို တရားဝင်မကြေညာဘဲ ပိတ်ပင်ပါတော့တယ်။ စစ်စုံထောက်တွေဟာလည်း ကမန်းကတန်း ဒီမဂ္ဂဇင်းတွေကို စာအုပ်ဆိုင်တွေကနေ လိုက်လံသိမ်းဆည်းပါတော့တယ်။ လက်ဝယ်ရှိနေသူများကိုလည်း ဒီအကြောင်းတွေ မပြောဖို့ ၊ မဂ္ဂဇင်းကို ပြန်အပ်ဖို့  ချိမ်းခြောက်ပြောဆိုပါတော့တယ်။

Tuesday, July 3, 2012

မြန်မာလား၊ ဗမာလားနဲ့ တိုင်းရင်းသား ပြဿနာ


 
သခင် ဘသောင်း (၁၉၀၂ – ၁၉၈၀) ဓာတ်ပုံ - မူရင်း အမျိုးမျိုး၊ လိုင်စင်မဲ့
 
ပုဂံခေတ် ကျစွာမင်း (၁၂၃၄-၁၂၅၀) လက်ထက် မြန်မာဘာသာနဲ့ ရေးထိုးတဲ့ ကျောက်စာ မှတ်တမ်း ဓာတ်ပုံ - မသိင်္ဂီ
 
ဂျပန်တော်လှန်ရေးတွင် ကျဆုံးသော ဗိုလ်မှူး ဗထူး အမှတ် တရ ကျောက်စာ၊ အောင်ပန်းမြို့ ဓာတ်ပုံ - ကိုဝိုင်ဝိုင်ကေ

မြန်မာလား၊ ဗမာလားနဲ့ တိုင်းရင်းသား ပြဿနာ


မြန်မာလား၊ ဗမာလားနဲ့ တိုင်းရင်းသား ပြဿနာ
ငြိမ်းချမ်းအေး
ဧရာဝတီ၊ သူ့အတွး သူ့အမြင်
၀၂ ၊ ဇူလိုင် ၊ ၂၀၁၂


ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို သတိပေးတဲ့ သတင်းနဲ့အတူ အခု ဖြစ်ပေါ်နေတဲ့ နိုင်ငံ အခေါ် အဝေါ် ဝေါဟာရ အငြင်းပွားမှုမှာ နိုင်ငံရေး သဘော အဓိက အလေးနက်ထား စဉ်းစားရမယ့် အချက်က တိုင်းပြည်မှာ ဆယ်စုနှစ်များစွာ စွဲကပ်နေတဲ့ တိုင်းရင်းသား ပြဿနာနဲ့ သက်ဆိုင်တယ်။ အကြောင်းက နိုင်ငံကို ခေါ်ဝေါ် ညွှန်းဆိုတဲ့ အင်္ဂလိပ် မြန်မာ မူကွဲနှစ်မျိုးစလုံး၊ “မြန်မာ (Myanmar) နဲ့ ဗမာ (Burma)” ဟာ နိုင်ငံမှာ ရှေး ဓားမဦးချ အခြေချ မှီတင်း နေထိုင်နေတဲ့၊ မြန်မာ မဟုတ်တဲ့ တခြား တိုင်းရင်းသား လူမျိုးစု အားလုံးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မှု အားနည်းနေလို့ ဖြစ်တယ်။

လွတ်လပ်ရေး ခေတ်ဦး ပါလီမန် ဒီမိုကရေစီခေတ်၊ စစ်တပ် ကြီးစိုးတဲ့ တော်လှန်ရေး ကောင်စီ၊ မဆလ တပါတီ အာဏာရှင် ခေတ်တွေမှာ ခေါ်ဝေါ်ခဲ့တဲ့ နိုင်ငံနာမည် မြန်မာလို “မြန်မာ” အင်္ဂလိပ်လို “Burma” နဲ့ နဝတ၊ နအဖ စစ်အစိုးရခေတ် လက်ရှိ အချိန်အထိ ကျင့်သုံး တဲ့ မြန်မာလို “မြန်မာ”၊ အင်္ဂလိပ်လို “Myanmar” နှစ်ခုစလုံးဟာ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုး တမျိုးတည်း ကိုသာ အဓိက ညွှန်းဆိုနိုင်တဲ့ အတွက် ပဒေသရာဇ် ခေတ်လို အင်အားကြီး၊ အရေ အတွက်များသူ ဦးဆောင် ချယ်လှယ်စတမ်း လူမျိုးကြီးဝါဒ သဘော၊ တိုင်းပြည်ကို မြန်မာလူမျိုး တစုတည်းကသာ ပိုင်သလို ဖြစ်နေလို့ ဖြစ်တယ်။

အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများလွတ်လာပြီ


Prisoners walk out of Insein Prison in Rangoon in January after receiving a presidential amnesty.  Photo: Mizzima

အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများလွတ်လာပြီ

 By Political Prisoner (Albums)

(၁) စောဝီလျှံ အင်းစိန် (၂) စောဖရန်စစ် အင်းစိန် (၃) အေးအေးနွယ်(ခ) အဲလီဇဘက် အင်းစိန် (၄) စောနိုင်ဝင်း အင်းစိန် (၅) မြင့်ကြိုင် အင်းစိန် (၆) ဇာနည်ဦး(ခ) ဇာဇာ အင်းစိန် (၇) မိုးသီး(ခ) အောင်မိုးဇော် အင်းစိန် (၈) အေးအောင် ကလေး (၉) အောင်အောင်ဦး ကသာ (၁၀) ဒေါက်တာကျော်ကျော် မြင်းခြံ (၁၁) ခွန်ကောရီယို မြင်းခြံ (၁၂) ပြည့်ဖြိုးအောင်(ခ)ပြည့်ဖြိုးမောင် ပြည် (၁၃) သန့်ဇော် သရက် (၁၄) အောင်နိုင် ဘားအံ (၁၅) မဦး ထားဝယ် (၁၆) ၀င်းလွင်(ခ) ၀င်းမြိုင် ထားဝယ် (၁၇) မ၀ါ ထားဝယ် (၁၈) အေးသိန်း(ခ) ရန်နိုင် အင်းစိန် (၁၉) ထွန်းမြတ်သူ အင်းစိန် (၂၀) ဇော်မင်းအောင် အင်းစိန် (၂၁) အန်ထော်နီ အင်းစိန် (၂၂) ဒေါ်ဝင်း ကော့သောင်း(၂၃) အောင်မိုးဦး ကသာ နိုင်ငံရေးအကျဉ်းသားဟောင်းများစာရင်းအရ သံဃာတော် ၂၈ ပါး လုံးလွတ်လာခဲ့ခြင်း မရှိသေးကြောင်း သိရပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲမှ လွတ်မြောက်လာသော အကျဉ်းသားများ၏ နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။

Monday, July 2, 2012

နှစ်ကြိမ် မကျင်းပတဲ့ ပွဲ

 

မရေးနိုင်သေးတဲ့ မှတ်တမ်း
အတွေးခေါင်နေတဲ့ ညအခန်း
အဆိပ်တက်တဲ့ အိပ်မက်တွေထဲ
ဘယ်သူက ဘယ်သူ့ကို
အမှတ်တရဖြစ်မှန်း မသိနိုင်ခဲ့ဘူး...။

သူနဲ့ ငါ မောင်းချနေတဲ့ ဒီအိမ်မက်
ဘယ်သူက ပြန်မက်ချင်မှာလဲ...။
အတ္တဖက်နေတဲ့ နေ့ရက်တွေကော
ဘယ်သူ သိနိုင်မလဲ...။
ပြန်မမက်ချင်ပါနဲ့တော့
အတိတ်ဟာ နိုးထလာ ကတည်းက
ပျောက်ကွယ်သွားပြီလေ..။

မျိုးဆက် မကွာဟခြင်း (သို့မဟုတ်) ဒဂုန်တာရာနှင့် ထူးအိမ်သင်


မျိုးဆက် မကွာဟခြင်း (သို့မဟုတ်) ဒဂုန်တာရာနှင့် ထူးအိမ်သင်


မိုးဝေ စာပေမဂ္ဂဇင်းကို ဆရာနတ်နွယ် ဦးစီးခဲ့သောကာလ။ ၁၉၇ဝအလွန် မင်းသား ကြီး ကောလိပ်ဂျင်နေဝင်း အိမ်၊ ဟာမစ်တစ် တွင် ဆရာ ဒဂုန်တာရာ နေထိုင်ခဲ့စဉ်ကဖြစ်၏။ မိုးဝေတွင် ကလောင်သွေး လက်တွေ့နေ သော ကျွန်တော်သည် တစ်နေ့သား ဆရာ့ဆီရောက် ခဲ့သည်။ ဆရာမြဝင်း(ဒဿန)၊ ဆရာ ဦးခင်မောင်တင်(မဟာဂီတ)တို့ အတူပါလာသည် ဟု ရေးတေးတေးမှတ်မိပါသည်။ အဲဒီအချက် က လွဲချင်လွဲနိုင်သည်။ မလွဲနိုင်သော မှတ်မိ ခြင်းက ဆရာနှင့်မဟာဂီတ အကြောင်း တစ်ထိုင်စာ စကားပြောခဲ့ရခြင်းပင် ဖြစ်သည်။

ကျွန်တော် တို့ရောက်တော့ ''ဆရာတာရာ ဧည့်သည်တွေလာတယ်ဗျို့''ဟု အော်ခေါ် ပေးလိုက်သည့် မင်းသားကြီး၏ အသံကို ကြား ယောင်နေဆဲပင်။ ဆရာက သူ၏ 'ကွန်း'ထဲ မှထွက်လာသည်။ ဧည့်ခန်းတွင် ထိုင်ကြရင်းက ဘယ်လို စကားစပ်မိသွားသလဲ မသိပါ။ ပတ္တလားမှ ငါးပေါက်နှင့် စန္ဒရားမှ KEY F တို့အသံ မတူကြကြောင်း စကားလမ်းကြောင်းရောက်သွားသည်။ ကျွန်တော်တို့ထဲမှ တစ်ယောက်က ငါးပေါက်ဆိုရင် F ပဲမဟုတ် လားဟုပြောရာ ဆရာ ဒဂုန်တာရာက စန္ဒရား ခုံသို့ ရွှေ့ထိုင်ပြီး အဖုံးကို ဖွင့်ပါတော့သည်။

''ဒီမှာ ပတ္တလား လည်းရှိတယ်။ ခင်ဗျား တို့ထဲက ဘယ်သူ တီးတတ်သလဲ။ ယှဉ်တီး ပြီး နားထောင်ကြည့်ရအောင်''ဟု ဆရာကဆို သည်။ တက္ကသိုလ် အနုပညာအသင်းမှာ ဟို စပ်စပ်၊ ဒီစပ်စပ်လုပ်ခဲ့သော ကျွန်တော်က''ကျွန် တော် တီးတတ်ပါတယ်ဆရာ''ဟုပြောကာ ပတ္တလား လက်ခတ်ကောက်ကိုင်ပါသည်။ ထို့ နောက် ပတ္တလားငါးပေါက်သံ အပီဆုံးဖြစ် သော တေးထပ်ကို ကောက်ချိုးလိုက်သည်။ အဆိုမပါပါ။ ကျွန်တော် ပတ္တလားတီးပြီးတော့ ဆရာက သူ့လက်ချောင်းများကို စန္ဒရား ခလုတ်များပေါ်တင်လိုက်သည်။

Sunday, July 1, 2012

******လမိုက်ရက်စွဲ******



 
အနှစ်မရှိတဲ့ နေ့ ရက် ...

ဂိတ်မရှိတဲ့ တံခါး ...

အချိတ်အဆက်မရှိတဲ့ စကား ...

အပြောကျယ်တဲ့ လွင်ပြင် ...

ထာဝရ ဖွင့်ထားတဲ့ အိမ် ...

အမှောင်ကြီးစိုးတဲ့ လမိုက်ရက်တွေထဲ ...

ဝင်လာမစဲ တကဲကဲမို့  ...

ဘ၀င်မှာလဲ စွဲနေမြဲ ...

လမိုက်ရက်စွဲ.... ။

လက်ဝဲသံမဏိ (မကွေး)

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...