Wednesday, July 25, 2012

ဓမ္မစက် အစ ဝါဆိုလ (သံဃာ အစ ဝါဆိုလ)


ဓမ္မစက် အစ ဝါဆိုလ (သံဃာ အစ ဝါဆိုလ)


တရားချစ်ခင် သာသနာ့နွယ်ဝင် သူတော်စဉ် သူတော်ကောင်းတို့ အနေအားဖြင့်..

(သန္ဓေ တောထွက်၊ ဓမ္မစက် မိန့်မြွက် လဝါဆို) ဆိုတာ သူတော်ကောင်းတို့ မှတ်သားပြီးသားဖြစ်မှာပါ။

(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၄) သောတာပန်လူသားစပေါ်သည့်နေ့ -မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

(၅) သံဃာရတနာစပေါ်သည့်နေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

ထို့အပြင် လယ်တီဆရာတော် ဘုရားကြီး၏ ခုနှစ်နေ့ ဘုရားရှိခိုးမှာလည်း အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

ဘုရားဖြစ်ခါ မိဂဒါသို့ စကြာရွှေဖဝါး ဖြန့်ချီသွား၍ ငါးပါးဝဂ္ဂီ စုံအညီနှင့် မဟီတစ်သောင်း တိုက်အပေါင်းမှ ခညောင်း ကပ်လာ နတ်ဗြဟ္မာကို ဝါဆိုလပြည့် စနေ့နေဝယ် ကြွေကြွေလျမ်း တက် ဓမ္မစက်ကို မိန့်မြွက်ထွေပြား ဟောဖော်ကြားသည် တရားနတ်စည် ရွမ်းတယ်ကိုး။ (လယ်တီ ဆရာတော်)

ထို့ကြောင့် မကြာမှီ ရောက်ရှိလာတော့မည် ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါး၊အမှန်တရားကို ဟောပြ ခဲ့တဲ့ သစ္စာ အလင်းရောင် ဆောင်ယူပြသခဲ့တဲ့ နေ့ ထူးနေ့မြတ် အခါသမယ ဖြစ်ပါတယ်။ ဓမ္မစင်္ကြာ-တရားဦး ဟောကြားတော် မူခဲ့တဲ့ နေရာလေး ကလည်း ရိုးရိုး ရှင်းရှင်းလေးဖြစ်တယ်ဆိုတာ မှန်းဆ ကြည်ညိုလို့ရပါတယ်။

ပြီးတော့ မြတ်ဗုဒ္ဓလောင်းလျာဟာ တောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။ (ကပိလဝတ်ပြည်နှင့် ကောလိယပြည် အကြား လုဗ္ဗိနီအင်ကြင်းတော)

မြတ်ဗုဒ္ဓလောင်းလျာသည် တောမှာ တရားကျင့်ကြံအားထုတ်ခဲ့တယ်။

ထို့အပြင်ဘုရားဖြစ်ပြန်တော့လည်း နေရဉ္ဖရာကမ်းခြေနှင့် လူသူမနီးတဲ့ ဗောဓိညောင် ပင်အောက်မှာ ဘုရားဖြစ်တော်မူခဲ့ပါတယ်။
(သူတော်ကောင်းတို့ ပျော်မွေ့ရာဖြစ်တဲ့ ဥရုဝေဠတော)။

မြတ်ဗုဒ္ဓ တရားဦး ဟောကြားတော်မူခဲ့တာလည်း ဣတိပတနခေါ်ဆိုတဲ့ သားပေါင်းစုံသော တော ထဲမှာပင်ဖြစ်သည်။ (မိဂဒါဝုန်တော)

လူသုံးပါးတို့၏ ဦးခိုက်ရာဖြစ်သော မြတ်ဗုဒ္ဓရှင်တော်သည် ပရိနိဗ္ဗာန်စံဝင်တော့လည်း(ကုသိနာ ရုံ) ပင်မျိုးစုံသည့် ရဂုံသာမော အင်ကြင်းတောမှာပင်ဖြစ်လေသည်။ (မလ္လာမင်းတို့ စိုက်ပျိုး ထားသော ရဂုံသာမော အင်ကြင်းတော့)

ဘုရားအစရှိသော ရှေးသူတော်ကောင်းတွေဟာ အရိပ်စုံလှ သာယာလှတဲ့ သစ်ပင်တောတောင်တွေမှာ မွေ့လျော်ကြတာ သူတော်ကောင်း တို့ အနေနဲ့ လွန်စွာ မှတ်သား စရာ ကောင်းပါတယ်။

ထို့အပြင် ဆရာကြီး မင်းသုဝဏ်ကလည်း မျိုးချစ်စိတ်ဓာတ်အတွက် အောက်ပါ ကဗျာလေး ကို ရေးသားသွားသည်ကိုလည်း တွေ့ရပြန်တယ်။

“ဝါဆို ဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာဆူးခြုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဘူးကွယ်
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်
သွားမယ် သွားမယ်။”   (ဆရာကြီး မင်းသုဝဏ်)


တဖန် ရဟန်းပညာရှင်လေးတွေကလည်း ဝါဆိုလမြတ်အတွက် အောက်ပါအတိုင်း ဤကဲ့သို့ ကဗျာရေးစပ်လို့ထားသည်ကို တွေ့ရှိရပါတယ်။

ဝါဆိုလမြတ်နှင့် ဝါကပ်သံဃာတော်

အုံ့မှိုင်းငယ်တဲ့၊ နယ်ရှစ်ခွင်
ငွေစန်း အာသဠှီနှင့်၊
ယှဉ်ကာမှီ ပုဏာပြည့်တယ်၊
ထွန်းသည့်ဝေဟင်။
နဘံမှာ ပြာမှိန်ခပါလို့
ဝသန္တာ ခါချိန်စမှာမို့
နာဂိန်ပ တာရာဆင်
အာကာခွင်က ပဇ္ဇုန်ဖျန်း။
ပဉ္စင်းတော်ခံ
မယွင်းနော် အခါတန်ပေါ့
မဟာဒါန် အဌင်္ဂငယ်နှင့်
ဘဂဝါ အရဟံ ရင်ပြင်ဝမှာလ
တင်သရန် မာလာကုံးကြတယ်
ပုန်းညက်ငွေပန်း။ (အရှင် အလင်္ကာ)

သာသနာတော်နှစ် ၂၅၅၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ ခရစ်နှစ်၂၀၁၂ ခုနှစ်၊ ယခုနှစ် သြဂုတ်လ ၂-ရက်နေ့တွင် ဝါဆိုလပြည့် ကြာသပတေးနေ့ ဖြစ်ပါတော့မည်။ မြန်မာ့ ပြက္ခဒိန် အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေ ဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။

ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည် သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်း သံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အတင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်ကြသည့် ကျွန်ုပ်တို့သည် ဝါဆိုလပြည့်နှင့် သက်ဆိုင်သည့် ဗုဒ္ဓဝင် အချက်အလက် များကို သိရှိထားကြသည်။ ကျက်မှတ်ထားကြသည်။ “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ နှုတ်တက်နေကြသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာဖြင့် ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့ သည်။ ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်းဖြစ် ပါသည်။

ရှေးခေတ် ရဟန်းတော်များ ခရီးထွက်ရသည်မှာ “သာသနာပြုခရီး ကြွချီကြလော့” ဟူသော မြတ်ဗုဒ္ဓ၏ စကားတော်ကို လိုက်နာနေကြခြင်း ဖြစ်သည်။ ပြန်ပြောင်း တင်ပြရမည် ဆိုသော်- ဝါဆိုလပြည့်ညတွင် တရားဦးဓမ္မစကြာ နာကြားပြီးသည့်နောက် ပဉ္စဝဂ္ဂီငါးပါးအစုတွင် အကြီးဆုံးဖြစ်သော ကောဏ္ဍညထေရ် သောတာပန် တည်သည်။ ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ဒုတိယ တရားတော်ဖြစ်သည့် အနတ္တလက္ခဏသုတ်တော်ကို နာကြားပြီးနောက် ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာ ဖြစ်ကြသည်။ ဘုရားအပါအဝင် လူသား ၆-ဦး ရဟန္တာ ဖြစ်ကြသည်။

ယသထေရ် အစရှိသော လူသား ၅၅-ဦး ရဟန်းဝတ်ပြီးနောက် ရဟန်းတရား အားထုတ်သဖြင့် မဂ်ဖိုလ်ပေါက် ရဟန္တာအဖြစ်သို့ ရောက်ရှိပြန်သည်။ ထိုနှစ် တန်ဆောင်မုန်းလပြည့် မတိုင်ခင် ကာလအတောအတွင်း လူသား ၆၁-ဦးတို့ ရဟန္တာဖြစ်နှင့်နေကြပေပြီ။ ပါဠိအဆိုကား- တေန ခေါ ပန သမယေန ဧကသဌိ လောကေ အရဟန္တော ဟောန္တိ- ထိုအချိန်တွင် လောကကြီး၌ ၆၁-ပါးသော ရဟန္တာများ ပေါ်ပေါက်ခဲ့သည်။(မဟာဝါ ပါဠိတော်၊ မဟာခန္ဓကဝဂ်)

ထိုသို့ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ပေါ်ထွန်းလာသောအခါ တစ်နေရာတည်းတွင် စုဝေးမနေကြဘဲ နယ်လှည့် သာသနပြုကြရန် မြတ်ဗုဒ္ဓက မိန့်ကြားသည်။ သို့ဖြင့် နေ့မအား၊ ညမနား ရဟန်းတော်များ ခရီးထွက်ကာ မြတ်ဗုဒ္ဓဒေသနာတော်ကို ပြန့်ပွားအောင် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

ဤသည်ကား ဝါဆိုလပြည့် နေ့ထူးနေ့မြတ် ဖြစ်ပေါ်လာခြင်း၏ အကြောင်းရင်းများ ဖြစ်ပါသည်။ သူတော်ကောင်း အားလုံးတို့ ဤဝါဆိုလပြည့် အကြောင်းရင်းကို သိ၍ သာသနာတော်ကို ဆထက်မက ကြည်ညိုနိုင်ပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါသည်။


တက္ကသိုလ်မြတ်မင်း

1 comment:

  1. ဗုဒ္ဓမြတ်စွာဘုရား ဝါတွင်းကာလ ဝါကပ်ရက် ၉၀ ကို သိချင်နေမိပါတယ်

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...